စစ်ကိုင်းတိုင်းက အရေးပါတဲ့ ကုန်သွယ်ရေးလမ်းမကြီး အချို့ ကို ပီဒီအက်ဖ်တွေ ထိန်းချုပ်ထား

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကလေးဝမြို့ တစ်ဖက်ကမ်း မဟာမြိုင်ကားလမ်း လမ်းပိတ်ထားတာကိုတွေ့ရစဥ်

စစ်ကိုင်းတိုင်းက အရေးပါတဲ့ ကုန်သွယ်ရေးလမ်းမကြီး အချို့ ကို ပီဒီအက်ဖ်တွေ ထိန်းချုပ်ထားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးဝမြို့အနီးက အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနဲ့ ထုတ်လုပ်မှုအပေါ် အချိုးကျခွဲဝေပြီး ထုတ်လုပ်နေတဲ့ ကုမ္မဏီတွေရဲ့ ကျောက်မီးသွးတွေဟာ NUG လက်အောက်က ပီဒီအက်ဖ်တွေကို အခွန်ပေးပြီး ဖြတ်သန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပီဒီအက်ဖ်တွေဟာ ချင်းတွင်းမြစ် အရှေ့ခြမ်း အနောက်ခြမ်း အပါအဝင် ရေကြောင်းကိုလည်း ထိန်းချုပ်ထားပါတယ်၊ ဒါကြောင့် လမ်းဖွင့်တဲ့ ချင်းတွင်းမြစ် အရှေ့ခြမ်း မဟာမြိုင်လမ်းကနေ ကျောက်မီးသွေးတွေကို ဘိလပ်မြေစက်ရုံတွေရှိရာ မန္တလေးမြို့ရောက်အောင် ဖြတ်သန်းပြီး တင်ပို့နေကြရတာလို့ သူကပြောပါတယ်။

ဒီကျောက်မီးသွေးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ကလေးဝ၊ မော်လိုက် မြို့နယ်တွေက ထွက်ရှိတဲ့ ကျောက်မီးသွေးတွေဖြစ်ပြီးထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စနစ်နဲ့ နိုင်ငံတော်က ၅၂ ဒသမ ၃၀ ရာခိုင်နှုန်း ရရှိပြီး ကျန် ကုမ္မဏီက ၄၇. ၇၀ ရာခိုင်နှုန်းရတယ်လို့ ၂၀၁၉ ခုနှစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာဘ်ထောင်ထန်းက ပြောကြားခဲ့တာရှိပါတယ်။

စစ်ကောင်စီဘက်ကို အခုနှစ်အတွင်း ကျောက်မီးသွေးတွေထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားပေမဲ့ အခုအထိပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ကလေးဝမြို့ထွက် ကျောက်မီးသွေးများကို သင်္ဘောပေါ်တင်နေကြစဥ် ( ပုံ ဟောင်း)

ဓာတ်ပုံ ရင်းမြစ်, TAK

ဓာတ်ပုံ ပုံစာ, ကလေးဝမြို့ထွက် ကျောက်မီးသွေးများကို သင်္ဘောပေါ်တင်နေကြစဥ် ( ပုံ ဟောင်း)

ကလေးဝမြို့ တစ်ဖက်ခြမ်း ချင်းတွင်းမြစ် အရှေ့ဖက်က မုံရွာ မန္တလေးနဲ့ ချိတ်ဆက်ထားတဲ့ အဲဒီကုန်သွယ်ရေးလမ်းမ အချို့နေရာတွေကို ပီဒီအက်ဖ်တွေက လွန်ခဲ့တဲ့တစ်နှစ်လောက်က စပြီး ထိန်းချုပ်ထားလာတာဖြစ်ပြီး အခုရက်ပိုင်းလည်း တန်ဆည်ဘက်မှာ တိုက်ပွဲဖြစ်လို့ ကလေးဝအထွက် တစ်ဖက်ကမ်း အောင်ချမ်းသာ ပျဉ်ကိုင်းအထွက်ကနေ ကားလမ်းတွေ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်း ကတော့ အဲဒီလမ်းဟာ ၁၀ ရက်လောက်ကို ပိတ်သွားခဲ့တယ်လို့ ကလေးမြို့က ကလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီလိုလမ်းပိတ်တာဟာ ပီဒီအက်ဖ်တွေ ပိတ်ထားတာဖြစ်ပြီးတော့ တိုက်ပွဲတွေဖြစ်ရင် လမ်းတွေကို ပိတ်ထားလေ့ရှိတယ်လို့ သူကပြောပါတယ်။

ကျောက်မီးသွေးတွေဟာ တိုက်ပွဲတွေမရှိလို့ ကားလမ်းတွေပွင့်ရင် ကလေးဝ တစ်ဖက်ကမ်းကပီဒီအက်ဖ် တွေ စိုးမိုးတဲ့ မဟာမြိုင်တောတန်းတွေကြားက လမ်းကြော တစ်နေရာမှာ အခွန်ပေးပြီး မန္တလေးမြို့ကို သွားတာဖြစ်တယ်လို့ ကုန်တင်ကားပိုင်ရှင်တွေက ပြောပါတယ်။

မဟာမြိုင်လမ်းမှာ ကားတွေပိတ်မိနေစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မဟာမြိုင်လမ်းမှာ ကားတွေပိတ်မိနေစဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"မုံရွာက ထွက်သွားပြီဆိုရင် အိန္ဒိယနယ်စပ်ကို ဆက်သွယ်တာ လမ်း ၃ မျိုး ရှိတယ်။ မဟာမြိုင်လမ်းက မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်ကနေ မဟာမြိုင်တောကို ဖြတ်ပြီး ကလေးဝ ကလေးမြို့ကို ချိတ်တဲ့လမ်း။ အဲဒီလမ်းဆိုရင် စစ်ကောင်စီ လုံးဝ မသုံးနိုင်တော့ဘူး။ တန့်ဆည်လွန်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာမှာကို ပီဒီအက်ဖ်တွေက စိုးမိုးထားတဲ့အနေအထား"လို့ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

"နောက် ဒီဘက် မုံရွာကနေ ချင်းတွင်းမြစ်ကူးပြီးလာတဲ့ မုံရွာကြီး ကလေးဝ လမ်းနဲ့ ပုလဲ ဂန့်ဂေါ ကလေးလမ်းမှာ စစ်ကောင်စီက မုံရွာ ချင်းတွင်းမြစ်ကူးတံတားကို စိုးမိုးထားနိုင်တယ်။ နောက် ဒီဘက်က လက်ပံတောင်းစီမံကိန်းဧရိယာ အကျော် မုံရွာ-ယာကြီး-ကလေးဝ လမ်းဆိုရင် ကုန်ကား ခရီးသည်ကားတွေ မသုံးကြဘူး"လို့ သူက ပြောပါတယ်။

"ဂန့်ဂေါကိုဖြတ်သွားတဲ့လမ်း မုံရွာ-ပုလဲ-ကလေး-ဂန့်ဂေါလမ်း။ အဲဒီလမ်းဆိုရင်လည်း ပုလဲလွန်တာနဲ့ သူတို့ ဖြတ်လို့ မရတော့ဘူး"လို့ သူတို့က ပြောပါတယ်။

ချင်းတွင်းမြစ်ရေကြောင်းလမ်းလည်း မိုင်းခွဲတိုက်ခိုက်ခံရမှာကြောက်တဲ့ အတွက်ရော ရေကြောင်းကျပ်တဲ့အတွက် အသုံးပြုလို့မရဘဲ အခုလတ်တလော ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်မီးသွေးတွေကို အရင်က ရေကြောင်းကနေ တင်ပို့ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ကျောက်မီးသွေးတွေကို အရင်က ရေကြောင်းကနေ တင်ပို့ခဲ့ကြ

ကျောတ်မီးသွေး အပါအဝင် မန္တလေးက တက်လာတဲ့ ကားတွေလည်း ဂိတ်ကြေးတွေပေးရတာရှိပြီး ဒီဂိတ်ကြေးတွေပေးနေရမှုဟာ ကုန်တင်ကားတစ်စီး အတက်အဆင်း တစ်ခေါက်ကို ရှစ်သိန်းကျော် ကိုးသိန်းနီးပါး အထိကို ပေးရတာရှိတယ်လို့ ကလေးမြို့က ကုန်တင်ကားပိုင်ရှင်တွေက ပြောပါတယ်။

“အရင်က ကျောက်မီးသွေးတစ်တန်ကို တန်ဆာခ ၃ သောင်းလောက်ပဲရတယ်၊ အခုတော့ တစ်တန်ကို ခမ်းပတ်က ဆိုရင် တစ်သိန်း ကလေးဝက ဆိုရင် ခုနှစ်သောင်းခွဲ လောက် ရတယ်”လို့ ကုန်တင်ကားပိုင်ရှင်တစ်ဦး ကဆိုပါတယ်။

ကျောက်မီးသွေးတင်လာတဲ့ ၁၂ ဘီး ကားဆိုရင် တစ်စီးကို ငါးသိန်း နှစ်သောင်း ပီဒီအက်ဖ်တွေကို အခွန်ဆောင်ရတယ်လို့ ကုန်တင်ယာဥ်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

“တစ်တန်ကို တစ်သိန်း ၊ တန် ၂၀ ဆိုတော့ သိန်း ၂၀ လောက်ရတယ်၊ကျောက်မီးသွေးတူးတဲ့ ကုမ္မဏီတွေက ပီဒီအက်ဖ်တွေကို ကားတွေ အခွန်ပေးရတဲ့နောက်ပိုင်း စျေးတိုးပေးလာတာပါ သူတို့လည်း ပီဒီအက်ဖ်တွေကို ပေးရတာသိတယ်၊ အဲဒီတော့ သူတို့ကပေးမယ့် အစား ကုန်တင်ကား ပိုင်ရှင်တွေက ပေးရတဲ့ သဘောပေါ့”လို့ သူတို့ကပြောပါတယ်။

ဒါပေမဲ့ ဂိတ်ကြေးတွေပေးရလို့ တန်ဆာခတွေတက်ပေမယ့် ကုန်ကားပိုင်ရှင်တွေက သူတို့အတွက် တွက်ခြေကိုက်တယ်လို့ ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်းက ပကဖ ဘက်က ကျောက်မီးသွေးကားတွေ အခွန်ကောက်ခံမှုရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီအခွန်တွေကို NUG ရဲ့ အခွန်နဲ့ သယံဇာတနဲ့ ကောက်ခံတာဖြစ်ပြီးတော့ လမ်းတစ်လျှောက်ဖြတ်သွားတဲ့ မြို့တွေက ပီဒီအက်ဖ်တွေကို ရန်ပုံငွေ ပြန်ခွဲပေးရတယ်လို့ ပကဖ ဘက်ကပြောပါတယ်။

ပြီးခဲ့နှစ်က မြို့နယ်တစ်မြို့နယ်ကိုကျောက်မီးသွေးကနေရတဲ့ အခွန်ခွဲတာ သိန်း ၈၀၀ လောက်ရခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦး ကဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၂၀ ကျော်ခန့် ကို ကျောက်မီးသွေးက ရတဲ့ အခွန်တွေကို ခွဲဝေပေးနေတယ်လို့ လည်း စစ်ကိုင်းတိုင်း ပကဖ ဘက်ကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, TAK

ကျောက်မီးသွေးကားတွေကို ပီဒီအက်ဖ် အပြင် ပျူစောထီး တွေ စစ်ကောင်စီဂိတ်တွေကို ပေးရတာရှိကြောင်းလည်း ကုန်တင်ကားမောင်းသူတွေက တစ်ဆင့်သိရပါတယ်။

ပျူစောထီးနဲ့ စစ်တပ်က ကောတ်တဲ့နေရာတွေ မတူကြဘူးလို့သူက ရှင်းပြပါတယ်။

မြို့ကိုဖြတ်တဲ့ ကျောက်မီးသွေးကားဆိုရင် စစ်ကောင်စီအဖွဲ့တွေက နောက်က ဆိုင်ကယ်နဲ့ တောင်လိုက်တောင်းတယ် လို့ ကုန်တင်ယဥ်မောင်းတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေဘိုနယ်ဘက်မှာ စစ်ကြောင်းနဲ့တွေ့တာ ကားခေါင်းခန်းအထိ တက်တောင်းလို့ ငွေရှစ်သောင်းခန့် ပေးလိုက်ရတယ်လို့ လည်းသူကပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ တိုင်းဖြစ်ပြီး အာဏာသိမ်းကာလ ၂ နှစ်ပြည့်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမြို့နယ် အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေ မြို့နယ်အချို့မှာဖြစ်ပွား နေသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပြီးတော့ လက်နက်ကိုင်အဖွဲ့ပေါင်းတွေများစွာ ဒီကာလအတွင်းမှာပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီတော်လှန်တဲ့ အဖွဲ့တွေတင်မကဘဲ စစ်ကောင်စီကို ထောက်ခံတယ်လက်နက်ကိုင်အဖွဲ့တွေလည်း အများအပြားပေါ်ပေါက်လာတယ်လို့ မန္တလေးမြို့နဲ့ ကလေးမြို့ကြား ကုန်တင်ယာဉ်ပြေးဆွဲနေတဲ့လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။