နေပြည်တော်ဒရုန်းတိုက်ခိုက်ခံရမှု ဘာတွေထူးခြားလဲ

မြေပြင်မှဝေဟင်ပစ် အမြောက်များကို တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတစ်ခုမှာ ပြသခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြေပြင်မှဝေဟင်ပစ် အမြောက်တွေကို တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတစ်ခုမှာ ပြသခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

နေပြည်တော်က လုံခြုံရေးအမြင့်ဆုံးနေရာနှစ်ခု ဒရုန်းနဲ့ တပြိုင်နက် တိုက်ခိုက်ခံရပြီး ဒါက အာဏာသိမ်းပြီးလို့ ၃ နှစ်ကျော်အတွင်း နေပြည်တော်ကို အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကြီးခဲ့တဲ့ အသေခံလေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့ ‘’ကာမီကာဇေ’’ အမည်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီစစ်ဆင်ရေးမှာ အသုံးပြုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုသတင်းကို အစောဆုံးထုတ်ပြန်ခဲ့တဲ့ PDF Insight က နေပြည်တော်ကို စုစုပေါင်း ဒရုန်း ၂၉ စင်း နဲ့ တိုက်ခဲ့တယ် လို့ ထုတ်ပြန်ပြီး စစ်ကောင်စီကတော့ ဒရုန်း ၇ စင်း နဲ့ တိုက်ခိုက်ခံရတယ် လို့ ထုတ်ပြန်ပါတယ်။

စစ်ရုံး နဲ့ နေပြည်တော်လေဆိပ်ဘေးက အေလာလေတပ်လို လုံခြုံရေးမြင့်တဲ့ နေရာတွေကို ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲ နဲ့ Lethal Prop တပ်ခွဲက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ တိုက်ခိုက်မှုလား

စစ်ရုံး နဲ့ လေတပ်ပြမြေပုံ

ဒီတိုက်ခိုက်မှုအတွက် အချိန် ငါးလနီးပါး ယူခဲ့ရတယ်လို့ စစ်ရုံးတိုက်ခိုက်မှုကို တာဝန်ယူခဲ့တဲ့ Kloud Drone တပ်ခွဲက ဘီဘီစီကို ပြောပါတယ်။

စစ်ရုံးထဲကအဆောက်အအုံတွေအတွက် ဒရုန်း ၁၂ စင်း နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိမ်အတွက် ဒရုန်း ၄ စင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အကြောင်း Kloud Drone တပ်ခွဲက ဘီဘီစီကို ပြောပါတယ်။

စစ်ရုံး လို့ အတိုကောက်ခေါ်ကြတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာရှိပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ရုံးထိုင်ရာနေရာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ရုံးကိုတိုက်ခိုက်ခံရတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးမပါအောင် သတိထားဖြေကြားခဲ့ပြီး စစ်ရုံးတည်ရှိရာ ဇေယျာသီရိမြို့နယ်ထဲကို ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်းတွေကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး အထိအခိုက်အပျက်အစီးမရှိဘူးလို့ ဖြေကြားပါတယ်။

PDF ပူးပေါင်းအဖွဲ့တွေ ထုတ်ပြန်လာတဲ့ ဒရုန်းတွေ

ဓာတ်ပုံ ရင်းမြစ်, KLOUD

ဓာတ်ပုံ ပုံစာ, PDF ပူးပေါင်းအဖွဲ့တွေ ထုတ်ပြန်လာတဲ့ ဒရုန်းတွေ

နေပြည်တော်ကိုလာတဲ့ ပြည်ပခေါင်းဆောင်တွေ နဲ့ အရေးကြီးပုဂ္ဂိုလ်တွေအသုံးပြုတဲ့ နေပြည်တော်လေဆိပ်နဲ့ကပ်လျက်က အေလာလေတပ်လည်း စစ်ရုံးနဲ့တချိန်တည်း လိုလို တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒရုန်း ၁၃ စင်း အသုံးပြုခဲ့တယ် လို့ PDF Insight က ပြောပြီး စစ်ကောင်စီဘက်ကတော့ ဒရုန်း လေး စင်း ကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒရုန်းတစ်စင်းကတော့ လေယာဉ်ပြေးလမ်းအနီးမှာ ကျရောက် ပေါက်ကွဲခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

မိုင်းရှင်းလင်းနေစဉ်အတွင်း လေဆိပ်ကိုခေတ္တပိတ်ထားလိုက်တယ်လို့ လေဆိပ်လုံခြုံရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် လေယာဉ်ကွင်းဘက်ကို တပ်ကူတွေပို့ဆောင်ခဲ့ပြီး လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်လုံခြုံရေး စိုးရိမ်ရပြီလား

လေယာဉ်ပြေးလမ်းအနီးမှာကျရောက် ပေါက်ကွဲခဲ့တဲ့ ဒရုန်းတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, လေယာဉ်ပြေးလမ်းအနီးမှာကျရောက် ပေါက်ကွဲခဲ့တဲ့ ဒရုန်းတစ်စင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်း သုံးနှစ်အတွင်း နေပြည်တော်မှာ ပေါက်ကွဲမှု တချို့ရှိခဲ့ဖူးပြီး အေလာလေဆိပ်လည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

ဒါပေမဲ့ အခုလို စစ်ရုံး နဲ့ လေတပ် လိုနေရာတွေကို ဒရုန်း အစင်းပေါင်းများစွာနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

နေပြည်တော်ဟာ ဒရုန်းနဲ့ပတ်သက်လို့ အစိုးရအဆက်ဆက် တင်းကျပ်ခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က လွှတ်တော်အဆောက်အအုံကို ဒရုန်း နဲ့ ရိုက်ကူးရေးလုပ်တဲ့ သတင်းထောက်အဖွဲ့ ဖမ်းဆီးထောင်ချခံခဲ့ရဖူးပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အေလာလေဆိပ် နဲ့ မနီးမဝေးမှာ ရိုက်ကူးရေးလုပ်ဖို့ ဒရုန်းတစ်စင်းပျံသန်းနေတုန်း ပစ်ချခံခဲ့ရတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးကလည်း ဘီဘီစီကို ပြောပါတယ်။

ဒရုန်းပျံသန်းမှုကို စစ်တပ်က အစဉ်အဆက် လက်ဝါးကြီးအုပ်ထားပြီး အရပ်သားတွေရဲ့ ဒရုန်းပိုင်ဆိုင်ပျံသန်းခွင့်ကိုလည်း ဥပဒေနဲ့ ထိန်းချုပ်ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒရုန်းတပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က တရုတ်ထုတ်ဒရုန်းတွေ အမြောက်အများအသုံးပြုခဲ့ပြီး စစ်ကောင်စီရဲ့ စစ်စခန်းနဲ့နယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။

ဒရုန်းနဲ့ပတ်သက်ရင် ရှုံးနိမ့်တဲ့အတိတ်ဆိုး ရှိနေတဲ့ စစ်ကောင်စီအတွက် သူတို့ရဲ့ ဌာနချုပ်နယ်မြေအထိ ဒရုန်းတိုက်ခိုက်မှုက ရောက်ရှိလာတာပါ။

နည်းပညာတိုက်ပွဲတွေ ဆက်တိုက်ဆောင်ရွက်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိအချိန်အထိ နေပြည်တော်က သူတို့ရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေးစနစ်တွေကို စိတ်ချလက်ချရှိနေကြောင်း ဘီဘီစီကိုပြောပါတယ်။

‘’ဒရုန်းတွေမပျံနိုင်အောင်တော့ တားဖို့ခက်တယ်။ ပျံလာတဲ့ဒရုန်းတွေကို ပစ်ချနိုင်ဖို့က အဓိကကျပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒရုန်းတွေက စစ်ရေးပစ်မှတ်တွေဆီ မရောက်ဘဲ ပစ်ချခံခဲ့ရပေမဲ့ နေပြည်တော်ကို အခုလိုတိုက်ခိုက်မှုအတွက် ကျေနပ်ကြောင်း တော်လှန်ရေးကိုထောက်ခံအားပေးသူတွေက လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။

လေယာဥ်နဲ့ ဒရုန်းပစ် လေကြောင်းရန်ကာစနစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်က ရုရှားဆီက မှာယူထားတဲ့ လေယာဥ်နဲ့ ဒရုန်းပစ် လေကြောင်းရန်ကာစနစ်