စစ်မက်ဇုန် စစ်ကိုင်းတိုင်းကို ဖြတ်သန်းမယ့်အိန္ဒိယရဲ့ အိပ်မက်စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, Mekong - Ganga Cooperation
- ရေးသားသူ, နှင်းမို
- ရာထူးတာဝန်, သတင်းထောက်
မြန်မာနိုင်ငံက ပဋိပက္ခတွေ တိုက်ပွဲတွေ မီးရှို့မှုတွေ ကြုံတွေ့နေရတဲ့ စစ်မက်ဇုန် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အလယ်ဗဟိုတစ်နေရာမှာ ရုန်းကန်လှုပ်ရှား ရှင်သန်မှုနဲ့ စိန်ခေါ်မှုတွေ ကြားမှာ အကောင်ထည်ဖော်နေဆဲ နိုင်ငံတကာ စီမံကိန်းကြီး တစ်ခုရှိပါတယ်။
ဒါကတော့ မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံကို ချိတ်ဆက်တဲ့ အဝေးပြေးလမ်းမကြီးစီမံကိန်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ဝန်းကျင်က အိန္ဒိယနယ်စပ် တမူးမြို့ကနေ ကလေးဝမြို့အထိ လမ်းပိုင်း မိုင် ၉၀ ကျော် လမ်းစီမံကိန်း ဖောက်လုပ်ပြီးစီးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီစီမံကိန်းက မင်းကင်းမြို့နယ်ထဲအထိ ဆက်လက်ဖောက်လုပ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေကြောင့် မင်းကင်းမြို့နယ်ထဲမှာ ဆောက်လုပ်ရေးတွေလုပ်နေတဲ့ အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာတွေ ကလေးဝမြို့မှာလာပြီး တိုက်ပွဲရှောင်နေခဲ့ရတယ်လို့ ကလေးဝမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလမ်းပိုင်းဟာ ကလေးဝ-ယာကြီ- မုံရွာလမ်းလို့ အများကခေါ်ကြတဲ့ ချင်းတွင်းမြစ် အနောက်ခြမ်းက ကားလမ်းကို အဆင့်မြှင့်နေတဲ့ စီမံကိန်းလမ်းပိုင်း ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲတွေဖြစ်လာလို့ ဒီလမ်းပိုင်းကို အသွားအလာမရှိကြတာ နှစ်နှစ်လောက်ရှိပြီလို့ ကလေးမြို့က ကုန်တင်ယာဥ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ၊ အိန္ဒိယ၊ ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း စီမံကိန်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ကိစ္စတွေကို သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
“တမူး နဲ့ ကလေးလမ်းပိုင်းလည်း ပိတ်နေတာ တစ်လကျော်ပြီ၊ ဘုတ်ကန်အထိပဲ သွားလို့ရတယ်။ ဘုတ်ကန်က တမူးနဲ့ ၂၈ မိုင်ဝေးတယ်၊ စစ်တပ်က ကားတွေ အဝင်မခံဘူးလို့" တမူးနယ်ခံကုန်သည် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဘုတ်ကန်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေကို ပြန်လွှတ်ပေးလိုက်ပြီး လာရာလမ်းကို ပြန်ခိုင်းခဲ့တယ်လို့ ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောပြပါတယ်။
ဘုတ်ကန်ကနေ မပြန်ဘဲ တမူးကို သွားချင်ရင်တော့ ကားနဲ့ သွားလို့မရတော့ ဘဲ အိန္ဒိယနယ်ထဲက နယ်စပ်လမ်းကို သုံးပြီး တမူးကို ဆိုင်ကယ်ကယ်ရီနဲ့ သွားရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
တမူးကို ဆိုင်ကယ် ကယ်ရီ တစ်ယောက်ကို ငါးသောင်းပေးရတယ်လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အိန္ဒိယက လမ်းဖောက်တဲ့ စီမံကိန်း လမ်းပိုင်း ပြီးသွားတဲ့နောက်ပိုင်း ကလေးမြို့ကနေ တမူးကို ကားနဲ့ သွားရင် ၃ နာရီသာ မောင်းရတဲ့ ခရီးဖြစ်ပါတယ်။
အခုလမ်းကြောက အရင်လို မဟုတ်တော့ဘူးလို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ၊ ထိုင်း၊ အိန္ဒိယ တို့တွေ့ဆုံပြီး စီမံကိန်း ကို ဆက်လုပ်ဖို့ ဆွေးနွေးနေတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။
အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံကြား ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားတဲ့ အဝေးပြေးလမ်းမကြီး တည်ဆောက်မှုဟာ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့လည်း အိန္ဒိယ ဘက်က သတင်းတွေကဆိုပါတယ်။
အဝေးပြေးလမ်း စီမံကိန်းဟာ ဒေသတွင်းအတွက် ကြီးမားတဲ့ အကျိုးရလဒ်တွေ ရရှိနိုင်ပေမဲ့ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေတာလို့ အိန္ဒိယဘက်က ပြောခဲ့ပါတယ်။
စီမံကိန်းကို အပြီးသတ်ဖို့ အိန္ဒိယက တွန်းတွန်းတိုက်တိုက်လုပ်လာတဲ့အပေါ် “အိန္ဒိယက သူတို့အကျိုးစီးပွားအတွက် ရေတိုလက်တွဲဖို့ စစ်ကောင်စီကို ရွေးချယ်လိုက်ပုံပဲ” လို့ အိန္ဒိယ - မြန်မာအရေးစောင့်ကြည့်တဲ့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က သူ့အမြင်ကို ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဝက်ကာလရောက်ချိန်မှာတော့ အာရှရဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယက အာဏာသိမ်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ခပ်စိပ်စိပ်လုပ်လာ တယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
အထူးသဖြင့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းပြီးစီးဖို့ကို အိန္ဒိယဘက်က သိသိသာသာထုတ်ပြောလာတာကနေ ဆက်ဆံရေးပိုပြီးလေးနက်လာတာလို့ သူက ယူဆပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျှော့ချဖို့ တနည်းအားဖြင့် တရုတ်ကို ချိန်ခွင်လျှာညှိနိုင်ဖို့ အိန္ဒိယရဲ့ခြေလှမ်းတွေလို့လည်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါ တယ်။
အဓိက ကတော့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီစီမံကိန်းက အချက်အချာ ကျနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သုံးနိုင်ငံစီမံကိန်းဟာ နေ့ချင်းညချင်း ပေါ်ပေါက်လာတဲ့ စီမံကိန်းတစ်ခုမဟုတ်ပါဘူး။ အိန္ဒိယရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဗိသုကာအဖြစ် ရှုမြင်ခဲ့ကြတဲ့ ဝန်ကြီးချုပ် မန်မိုဟမ်ဆင်းလက်ထက် ၂၀၀၄ ခုနှစ် ဝန်းကျင်ကာကလတည်းက ဒီစီမံကိန်းစဖို့ပြင်ခဲ့တာပါ။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ သုံးနိုင်ငံစီမံကိန်းစပေါ်လာခဲ့ပေမဲ့ အိန္ဒိယတည်ဆောက်ရေး ကုမ္ပဏီတွေကြား အမှုအခင်းတွေဖြစ်ခဲ့တာကြောင့် စီမံကိန်းရပ်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရ NLD လက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ကာလတွေဟာ တည်ဆောက်ရေး ပြန်အရှိန်ကောင်းခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံစီမံကိန်းစတင်နေခဲ့တာ ဆယ်စုနှစ် နှစ်ခု နီးပါးရှိလာနေပါပြီ။ အိန္ဒိယငွေ ခန့်မှန်း ရူပီး ၁၂ ဘီလျံ အကုန်အကျခံကာ တမူး - ကလေးဝလမ်းပိုင်းကို တံတား ၆၉ စင်း အပါအဝင် ကလေးဝ - ယာကြီးလမ်းပိုင်းကို အဆင့်မြှင့်ဖို့ အိန္ဒိယက တာဝန်ယူထားခဲ့တာပါ။ ဒီတည်ဆောက် နေတဲ့ ဒီစီမံကိန်းက နှစ်နိုင်ငံစလုံးအတွက် ဘယ်လိုအကျိုးရှိမှာလဲဆိုတာ အများသိချင်တဲ့ မေးခွန်းတစ်ခု ဖြစ်လို့လာပါတယ်။
အိန္ဒိယနဲ့ စစ်ကောင်စီကြားက အကျိုးအမြတ် အပေးအယူ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့
“တမူးမြို့မှာ ကုန်သွယ်ရေးဇုန်တည်ဆောက်ပြီး စစ်ကိုင်းတိုင်းကို တိုးတက်စေမယ်” လို့ အရပ်သားအစိုးရ NLD လက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာမြင့်နိုင်က ဒီစီမံကိန်းအပေါ် မြန်မာရဲ့ စီးပွားရေး မျှော်လင့်ချက်အကြောင်း ဘီဘီစီကိုပြောခဲ့ဖူးပါတယ်။
ဒါ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို NLD အောင်နိုင်ပြီးစ စစ်ကိုင်းတိုင်းအတွက် ဘာတွေထပ်ဆောင် ရွက်ဖို့ရှိလဲဆိုတာ ဘီဘီစီကသီးသန့်မေးမြန်းချိန် ဒေါက်တာမြင့်နိုင်ဖြေခဲ့တာပါ။
အိန္ဒိယ - မြန်မာ - ထိုင်းနိုင်ငံကို ဖြတ်သန်းမယ့် လေးလမ်းမောင်းအဝေးပြေးလမ်းမဟာ အိန္ဒိယအရှေ့ မြောက်ပိုင်း အာသံပြည်နယ်ကနေ စတင်မှာဖြစ်ပြီး အိန္ဒိယ - မြန်မာနယ်စပ် မိုရေး - တမူးမြို့ကနေ မြန်မာပြည်ကို ဖြတ်သန်းသွားမှာပါ။
ဒီလမ်းမကြီးဟာ စစ်ကိုင်းတိုင်းတမူးကနေ ကလေးဝမြို့နယ်၊ ကလေးဝ - ယာကြီး လမ်းပေါ်မှာရှိတဲ့ မင်းကင်းရဲ့ တောင်တွင်းချောင်၊ ကနီဒေသတွေကို ဖြတ်ပြီး မုံရွာကနေတဆင့်မှ မန္တလေးတိုင်း မိတ္ထီလာ၊ ပဲခူးတိုင်း တောင်ငူ၊ နေပြည်တော်ကနေ ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆက်သွယ်မှာပါ။
အိန္ဒိယကတော့ ဒီစီမံကိန်းကနေ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးအဆင့်မြှင့်တင်ချင်တာဖြစ်ပါတယ်။
သုံးနိုင်ငံစီမံကိန်းပြီးစီးသွားခဲ့ရင် ဒီလမ်းမကြီးအစိတ်အပိုင်းဖြစ်လာမယ့် မန္တလေးတိုင်းကနေ ရှမ်းပြည်နယ်အထိ လမ်းထပ်ဖောက်လုပ်ပြီး မဲခေါင်ဒေသလို့ လူသိများကြတဲ့ ကမ္ဘောဒီးယား၊ လာအို ၊ ဗီယက်နမ် စတဲ့နိုင်ငံတွေနဲ့ပါ လမ်းထပ်တိုးချဲ့ကာ ဒေသတွင်းကုန်သွယ်ရေးလုပ်ဖို့က အိန္ဒိယရဲ့ အိပ်မက်ပါ။
“အာဏာသိမ်းပြီးနောက်တော့ ဒီလမ်းပိုင်းပြန်ဖွင့်ဖို့ကြိုးစားချက်က အိန္ဒိယနဲ့ စစ်ကောင်စီအတွက်ပဲ အကျိုးရှိလာမယ့်အနေအထားပါ” လို့ အိန္ဒိယ - မြန်မာအရေးစောင့်ကြည့်တဲ့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က သုံးသပ်ပါတယ်။
“အိန္ဒိယရဲ့ ပထမဦးစားပေးက စီးပွားရေးဖြစ်ပြီး၊ ဒုတိယက အိန္ဒိယ - မြန်မာနယ်စပ်က မဏိပူရ ပဋိပက္ခ ကြောင့် နယ်စပ်လုံခြုံရေးပါ”
“သူ့စိုးရိမ်မှုကို ဖြေရှင်းပေးနိုင်တာက စစ်ကောင်စီလို့ အိန္ဒိယယူဆလိုက်ပုံရပါတယ်”
အိန္ဒိယက သူ့ရဲ့ အိမ်မက်စီမံကိန်း လက်တွေ့ဖြစ်လာဖို့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကိုစောင့်ကြည့်ခဲ့ပြီးမှ အခုနှစ်အစောပိုင်း ကာလကစပြီး ပြန်ကြိုးစားလာတဲ့ အခြေအနေလို့ အိန္ဒိယနဲ့ စစ်ကောင်စီကြားက ဆက်ဆံရေးအကြောင်း ဆလိုင်းဒိုခါရ်က အခုလို ပြောခဲ့တာပါ။
ဒါကြောင့် မြန်မာစစ်တပ်အတွက်လည်း ဒီစီမံကိန်းအောင်မြင်သွားရင် ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေကြားမှာ အသိအမှတ်ပြုခံရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီမိုကရေစီစံနှုန်းတွေနဲ့မဟုတ်ဘဲ အကျိုးစီးပွားအတွက်ထိတွေ့ဆက်ဆံတဲ့ ရှုထောင့်အရ ဝေဖန်မှုတွေကြားကနေ အိန္ဒိယဟာ စစ်ကောင်စီနဲ့ ဆက်ပြီးလက်တွဲလိမ့်မယ်လို့ လေ့လာသူတွေက ထောက်ပြနေကြတာပါ။
သုံးနိုင်ငံစီမံကိန်းက တော်လှန်ရေးအင်အားစုတွေအပေါ် သက်ရောက်မှုရှိနိုင်လား။

ဓာတ်ပုံ ရင်းမြစ်, SP Guide Publications
အိန္ဒိယရဲ့ အကြီးပိုင်းအရာရှိတွေဟာ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်မှာသာမက ဒေသတွင်းဆွေးနွေးပွဲ တွေမှာပါ သုံးနိုင်ငံအဝေးပြေးစီမံကိန်း ကိစ္စအပါအဝင် နယ်စပ်လုံခြုံရေးကိစ္စတွေ ဆွေးနွေးဖို့ သွားလာတွေ့ဆုံနေကြပါတယ်။
အိန္ဒိယရော စစ်ကောင်စီကပါ နှစ်ဖက် တွေ့ဆုံကြောင်း ထုတ်ပြောတဲ့ ဆွေးနွေးပွဲတွေရှိသလို စစ်ကောင်စီဘက်က နှုတ်ဆိတ်နေတဲ့ တွေ့ဆုံမှုတွေ လည်းရှိခဲ့ပါတယ်။
ဥပမာအနေနဲ့ ဇူလိုင်ပထမအပတ်တုန်းက အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒပိုင်းနဲ့ စီမံအုပ်ချုပ်ရေးပိုင်းမှာ အဓိကတာဝန်ရှိသူဖြစ်တဲ့ ကာကွယ်ရေးအတွင်းဝန် သျှရီ ဂီရီဒါဟ်ရ် အရာမာနီ မြန်မာနိုင်ငံကို ၂ ရက် ခရီးစဥ်လာသွားတာကို စစ်ကောင်စီက ထုတ်ပြောခဲ့တာမရှိခဲ့ပါဘူး။
“အခုလို သံတမန်ရေးရာအရ တွေ့ဆုံမှုတွေကနေ စစ်ရေးအရ အပေးအယူတွေရှိလာမှာကို ကျွန်တော်တို့ စိုးရိမ်ရပါတယ်။ တော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ကျိန်းသေပေါက်ရှိလာမှာ” လို့ အိန္ဒိယ - မြန်မာအရေး စောင့်ကြည့်နေတဲ့ ဆလိုင်းဒိုခါရ်က သုံးသပ်ပါတယ်။
ဆလိုင်းဒိုခါရ် ဦးဆောင်နေတဲ့ India For Myanmar ကနေ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အိတ်ဖွင့်စာပေးခဲ့ပါတယ်။ အချက် ၆ ချက်ပါဝင်ပြီး အဓိကကတော့ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးပိုမိုခိုင်မြဲအောင် NUG အနေနဲ့ အမြန်ဆုံးလုပ်သင့်ပြီလို့ မီးမောင်းထိုးပြထားပါ တယ်။
“NUG အနေနဲ့ အနောက်ဘက်ယိမ်းတဲ့ဆက်ဆံရေးကနေ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ရေး၊ စစ်ရေးအရ တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပြီ” လို့ သူက ထောက်ပြထားပါတယ်။
ဒါပေမဲ့ အကျိုးစီးပွားတွေအတွက် မျှော်လင့်နေကြတဲ့ သုံးနိုင်ငံလမ်းမကြီးပြီးစီးနိုင်ဖို့ကလည်း လွယ်လင့် တကူမဟုတ်ဘဲ စိန်ခေါ်မှုတွေ အသင့်စောင့်ကြိုနေပါတယ်။
စီမံကိန်းဖြတ်သွားမယ့်ဒေသတွေထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအား ကောင်းတဲ့ ဒေသကြီး သုံးခုဖြစ်တဲ့ စစ်ကိုင်း၊ ပဲခူးနဲ့ ကရင်ဒေသတွေကို ဖြတ်ရမှာကြောင့်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, MOFA
အိန္ဒိယအတွက် စိန်ခေါ်ချက် သုံးရပ်
သုံးနိုင်ငံစီမံကိန်းအောင်မြင်ဖို့အတွက် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် စိန်ခေါ်မှုတွေရှိနေတဲ့အကြောင်း အိန္ဒိယဘက်က ဝန်ခံထားပါတယ်။
အိန္ဒိယရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါက်တာအက်စ်ဂျိူင်ရှန်ကာ ကိုယ်တိုင်က ဒီစိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ဖို့က အိန္ဒိယရဲ့ ဦးစားပေးဖြစ်တယ်လို့ အခုဇူလိုင်လထဲမှာပဲ ထုတ်ပြောထားတာပါ။
ဒါပေမဲ့ မဏိပူရပြည်နယ်ကို အိန္ဒိယကနေ ခွဲထွက်ဖို့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ ကသည်း သူပုန် အုပ်စုတွေ ရှိပါတယ်။
ဒါကို အိန္ဒိယဘက်က အလေးထားပြောဆိုတာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်း မဏိပူရ ပြည်နယ်ထဲမှာ လူမျိုးရေး ပြဿနာတွေကြောင့် ညမထွက်ရအမိန့်တွေထုတ်ထားခဲ့ရပြီး အိန္ဒိယထဲက အင်ဖာနဲ့ မိုးရေးကြားလမ်းပိုင်းဟာ အိန္ဒိယအတွက်လုံခြုံရေး စိန်ခေါ်ချက်တစ်ခုလည်းဖြစ်ပါတယ်။
၁၉၉၅ နောက်ပိုင်းမှာတော့ တမူးမြို့ပေါ်ထိ လာရောက် နေထိုင်ကြတဲ့ ကသည်း လက်နက်ကိုင်တွေ ရှိလာကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ယူနီဖောင်းဝတ်ပြီး သွားလာတာ၊ လက်နက်တွေ ပေါ်ပေါ်တင်တင် ကိုင်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ စျေးတွေ ဆိုင်တွေလို အများသူငါ သွားလာတဲ့ နေရာတွေမှာ အဲဒီသူတွေလည်း လွတ်လွတ်လပ်လပ် သွားလာ နေကြတာပဲလို့ တမူး မြို့ခံတွေက ပြောပါတယ်။
တမူးနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မြန်မာဘက်က လက်နက်ကိုင်တော်လှန်မူတွေ မရှိခင်ကတည်းက ကသည်းသူပုန်တွေကြား အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
စိန်ခေါ်မှုတွေထဲက အဓိက ပြဿနာ ၃ ရပ်က အဝေးပြေးလမ်းမကို အမြန်အပြီးသတ်ချင်နေတဲ့ အိန္ဒိယအတွက် မဖြစ်မနေထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါတယ်။
ပထမစိန်ခေါ်ချက်က စစ်ကိုင်းတိုင်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဟာလက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတစ်ခုဖြစ်လာခဲ့ပြီး စစ်ကောင်စီ အတွက် နယ်မြေစိုးမိုးမှုရဖို့ ရုန်းကန်နေရတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
အိန္ဒိယက ပြီးစီးဖို့ စိုင်းပြင်းနေတဲ့ စီမံကိန်းအတွက် စစ်ကိုင်းတိုင်းကိုဖြတ်သန်းရမယ့်အဝေးပြေးလမ်းမ တည်ဆောက်ရေးလုပ်ငန်းတွေက အခုလိုပထမစိန်ခေါ်ချက် ဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ အိန္ဒိယ - မြန်မာနယ်စပ်ဖြစ်တဲ့ တမူးမြို့ကနေ ကလေးဝအထိ လမ်းမကြီးတည်ဆောက်တာကို အိန္ဒိယက ဆယ်စုနှစ်နဲ့ချီအချိန်ယူခဲ့တာဖြစ်ပြီး မြန်မာဘက် လမ်းပေါ်က တံတားတွေဟာလည်း အခုချိန်မှာ ကြံ့ခိုင်မှုအားနည်းတဲ့အခြေအနေရှိနေတယ်လို့ တမူးဒေသခံတွေက ပြောကြပါတယ်။
တခါ ကလေးဝ - ယာကြီးလမ်းကိုလည်း စစ်အာဏာသိမ်းထားတာ နှစ်နှစ်ခွဲရှိနေတဲ့ကာလအတွင်း ကားလမ်း၊ တံတားတည်ဆောက်ရေးလုပ်နေပေမဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ရင် တည်ဆောက်ရေးရပ်ရတဲ့အခြေအနေပါ။
ယာကြီးကနေ မုံရွာဘက်လမ်းပိုင်းတွေမှာတော့ တည်ဆောက်ရေးလုပ်ဆောင်နေတာမရှိဘူးလို့ မုံရွာဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒုတိယအချက်ကတော့ အခုလိုတည်ဆောက်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ လမ်းမကြီးတကြောမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ညှိနှိုင်းနေရတာဖြစ်ပါတယ်။ ဘီဘီစီမေးမြန်းကြည့်ချက်အရ ၂၀၂၂ ခုနှစ်ကစပြီး တမူး - ကလေးဝ - ယာကြီးလမ်းပိုင်းတွေက တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု လေးကြိမ်ထက်မနည်း အိန္ဒိယက ပြုလုပ်ထားပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ နောက်ဆုံးပြုလုပ်ထားတာဖြစ်ပြီး ဇွန်လထဲမှာတော့ ဒီစီမံကိန်း ၇၀ ရာခိုင်နှုန်း ပြီးစီးတဲ့ အကြောင်း အိန္ဒိယက ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။
အိန္ဒိယရဲ့ ညှိနှိုင်းနေတဲ့အပိုင်းကလည်း အလွယ်တကူမဟုတ်ဘဲ အမြင်မတူမှုတွေကြားမှာ တိကျတဲ့ အဖြေမရှိတဲ့ အခြေအနေကြုံရပါတယ်။
“သူတို့ကတော့ ဒီလမ်းမကြီးတည်ဆောက်တာက သူတို့က အကုန်အကျခံတာဖြစ်တယ်၊ စစ်ကောင်စီနဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ အစည်းအဝေးတိုင်းမှာထည့်ပြောတယ်” လို့ အခုနှစ်ဧပြီမှာ နောက်ဆုံးလုပ်ခဲ့တဲ့ စီမံကိန်းတည်ဆောက်ရေးအစည်းအဝေးတက်ရောက်ခဲ့တဲ့ မင်းကင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အိန္ဒိယရဲ့ ဒီအပြောကို ယုံကြည်ဖို့ခက်ခဲနေကြတဲ့ တော်လှန်ရေးအင်အားစုအချို့လည်းရှိနေပါတယ်။
“ကလေးဝ - ယာကြီးလမ်းကတဆင့် မင်းကင်းရဲ့ တောင်တွင်းဒေသကို စစ်ကြောင်းထိုးလေ့ရှိတယ်”
“ဒါကြောင့် လတ်တလော ကျွန်တော်တို့ကတော့ ကန့်ကွက်ထားတယ်။ တော်လှန်ရေးပြီးသွားရင် ဒီစီမံကိန်းပြန်လုပ်ပါ၊ ခွင့်ပြုပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ကလေးခရိုင်တပ်ရင်း ၁၅ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုလို ကန့်ကွက်သူ၊ လက်ခံသူတွေကြားကနေ အိန္ဒိယကတော့ လမ်းတည်ဆောက်ရေးကို ဆက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mekong - Ganga Cooperation
သုံးနိုင်ငံစီမံကိန်းအတွက် ပြဿနာ သုံးရပ်ထဲက နောက်ဆုံးအချက်ကတော့ အိန္ဒိယအစိုးရကို လက်ရှိစစ်ကောင်စီကိုယ်တိုင်က ဒီအဝေးပြေးလမ်းမဘယ်တော့ အပြီးသတ်နိုင်မယ်ဆိုတာကို အာမခံချက်မပေးနိုင်တာမျိုးပါ။
ထိုင်းနိုင်ငံဘက်ခြမ်းက တည်ဆောက်ရေးအပြည့်အဝပြီးစီးပြီဖြစ်သလို အိန္ဒိယဘက်ခြမ်းကလည်း အခုနှစ်ကုန်မှာ တည်ဆောက်ရေးတွေ ပြီးဖို့ ရှိနေပါတယ်။ ဒါကြောင့် အဝေးပြေးလမ်းအဓိကဖြတ်မယ့် မြန်မာပြည်ဘက်ခြမ်းက တည်ဆောက်ရေးပြီးစီးဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။
အရပ်သားအစိုးရ NLD လက်ထက်တုန်းက ဒီစီမံကိန်းကို ၂၀၂၂ ခုနှစ်မှာပြီးစီးဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကြန့်ကြာမှုတွေရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဒီလမ်းမပြီးဖို့ နောက်ထပ် အနည်းဆုံး ၃ နှစ် လောက်အချိန်ယူရမယ်လို့ အိန္ဒိယတာဝန်ရှိသူနဲ့ တွေ့ဆုံချိန်မှာပြောထားပါတယ်။
ဘီဘီစီမေးမြန်းကြည့်ချက်အရလည်း ၂၀၂၅ ခုနှစ်မှာ အစောဆုံးအပြီးသတ်နိုင်ဖို့ ရည်မှန်းထားကြတယ်လို့ မြေပြင်အခြေအနေသိရှိသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုလို ပြဿနာ ၃ ရပ်အပါအဝင် စိန်ခေါ်ချက်တွေကို အိန္ဒိယက ဘယ်လိုညှိနှိုင်းအဖြေရှာမလဲ။ နှစ်ရှည်ရည်မှန်းထားတဲ့ အရှေ့မျှော်ဝါဒတစိတ်တပိုင်း သုံးနိုင်ငံစီမံကိန်းအကောင်အထည်ဖော်ဖို့ အိန္ဒိယရဲ့ ခြေလှမ်းတွေကို အခုနှစ်နှောင်းပိုင်းကာလမှာ အနီးကပ်စောင့်ကြည့်ဖို့လိုအပ်ပြီလို့ အိန္ဒိယ - မြန်မာအရေးကျွမ်းကျင်သူ တွေက ယူဆထားကြပါတယ်။









