စစ်ကောင်စီကို စစ်ရေးနည်းနဲ့ ဖယ်ရှားနိုင်မလား

လက်နက်တပ်ဆင်ရေး အရင်ကထက် အရှိန်ရလာတယ်လို့ အကဲခတ်တွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်နက်တပ်ဆင်ရေး အရင်ကထက် အရှိန်ရလာတယ်လို့ အကဲခတ်တွေပြော

NUG လတ်တလော ထုတ်ပြန်ထားတဲ့ ကာကွယ်ရေး ကဏ္ဍ အခြေပြ စာတမ်းထဲ အာဏာသိမ်း စစ်တပ်ထံမှာ လူအင်အား လျော့နည်းနေပြီး၊ တပ်တွေဟာ ဖွဲ့စည်းပုံ မပြည့်ဖြစ်နေတယ် ဆိုတဲ့ အချက်ကို ပြောထားပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လက်ရှိ အင်အားဟာ လူ နှစ်သိန်းခွဲအောက်မှာ ရှိတယ်လို့ တွက်ဆထားပါတယ်။

NUG ဘက်က တာဝန်ရှိသူတချို့ ဘီဘီစီကို ပြောထားတာတွေထဲ အခု လက်နက်ကိုင် တော်လှန်ရေးရဲ့ အခြေအနေဟာ ခုခံတွန်းလှန်စစ်ကနေ အကြိုထိုးစစ် ဆိုတဲ့ အဆင့်ကို ရောက်လာနေပြီလို့ ဆိုပါတယ်။

အခုဇွန်လဆန်းမှာပဲ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံး တပ်ရင်း ဖွဲ့စည်းလိုက်ပြီ ဆိုပြီး NUG ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီမတိုင်ခင် ရက်ပိုင်းကပဲ စစ်ကိုင်းဖိုရမ်ဆိုတဲ့ နာမည်နဲ့ စစ်ကိုင်း ၂၈ မြို့နယ်က ဒေသခံ တော်လှန်ရေး အင်အားစု အများစု ပါဝင်တဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေ စုဝေးကြပါတယ်။

တခါ၊ တရုတ်ရဲ့ကြားဝင်မှုနဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအာင်းပလောင် TNLA၊ ရခိုင် AA နဲ့ စစ်ကောင်စီကြား မိုင်းလား ဆွေးနွေးပွဲ လုပ်ခဲ့တာမှာ သတ်မှတ်ရက်ထက် စောပြီး ရပ်ဆိုင်းခဲ့သလို၊ မိုင်းလား ဆွေးနွေးပွဲ ရပ်သွားအပြီးမှာပဲ ကိုးကန့်နယ်ထဲ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာပြန်ပါတယ်။

စစ်ကိုင်းဖိုရမ် အပြီးမှာပဲ စစ်ကိုင်းထဲက နေရာတွေကို စစ်ကောင်စီက ပိုက်စိပ်တိုက် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေသလို၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နီ၊ ချင်း အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ လက်နက်ကိုင် ပဋိပက္ခ ဆက်လက် ပျံ့နှံ့ ပေါ်ပေါက်နေပါတယ်။

စစ်ကောင်စီရဲ့ အကျပ်အတည်း

စစ်မျက်နှာပြင်မှာ လက်ရဖမ်းဆီးရမိမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, UGC ပုံဟောင်း

ဓာတ်ပုံ ပုံစာ, စစ်မျက်နှာပြင်မှာ လက်ရဖမ်းဆီးရမိမှုတွေရှိ

ဒီတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အတူ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေရဲ့ အနေအထားတွေ အပေါ် ခြုံငုံ သုံးသပ်ဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ဘယ်ကို ဦးတည်နေလဲ ... တကယ်ပဲ စစ်ရေးနည်းနဲ့ အနိုင်တိုက်ပြီး စစ်တပ်ကို ဖယ်ရှားနိုင်မှာလား ဆိုတာကို ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့်သုတေသီ ဒေါက်တာ မိုက်ကယ်မာတင်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

(ဒေါက်တာမာတင်ဟာ အမေရိကန် ကွန်ဂရက်စ်လွှတ်တော် သုတေသန ဌာနမှာ အာရှရေးရာ ကျွမ်းကျင်သူ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး၊ လက်ရှိမှာလည်း ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး ဌာန CSIS မှာ သုတေသီ ပညာရှင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်)

ဘီဘီစီ။ ။ NUG လတ်တလော ထုတ်ပြန်လိုက်တဲ့ ကာကွယ်ရေး အခြေပြ စာတမ်းထဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ လူအင်အား လျော့နည်းနေပြီး တပ်တွေဟာ ဖွဲ့စည်းပုံ မပြည့်ဖြစ်နေတယ်လို့ ပြောထားပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လက်ရှိ လူအင်အားဟာ နှစ်သိန်းခွဲအောက်မှာ ရှိတယ်လို့ တွက်ဆထားတာ တွေ့ရပါတယ်။ မိုက်အနေနဲ့လည်း CSIS အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ရေးထားတဲ့ ဆောင်းပါးထဲမှာ စစ်တပ်ဟာ ရှင်သန်ဖို့ အတွက် အတော်လေးရုန်းကန် နေရတယ် ဆိုပြီး ပြောထားတာကို ကျွန်တော် သတိထားမိပါတယ်။ ဆိုတော့ .... အဲ့ဒါဟာ သူတို့ရဲ့ လူအင်အားကို ပြောတာလား .... တိုက်ရည်ခိုက်ရည်ကို ဆိုလိုတာလား .... ဘယ်အရာတွေ အပေါ် ရည်ညွှန်းပြီး ပြောတာလဲ ခင်ဗျ ..... ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာမိုက်ကယ်မာတင်။ ။ ဒီကိစ္စနဲ့ ပတ်သက်ရင် ရှုထောင့် ၃-၄ မျိုးကနေ ကျွန်တော် မြင်ထားတာတွေ ရှိပါတယ်။ ပထမဆုံး အချက်အနေနဲ့ ပြောလိုတာကတော့ ရှေ့တန်းကို စစ်လွှတ်နိုင်တဲ့ တိုက်ခိုက်ရေး စစ်သား အရေအတွက် မြန်မာစစ်တပ်ထံမှာ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်ကို ဘယ်တုန်းကမှ အတိအကျ မသိခဲ့ရပါဘူး။ ၃ သိန်းကနေ ၅ သိန်း အထိ ရှိနိုင်တယ်လို့ တွက်ဆခဲ့ဖူးတဲ့ ကာလ အပိုင်းအခြား ရှိပါတယ်။ ဒါဟာ တိုက်ခိုက်ရေး အင်အားသက်သက် မဟုတ်ပဲ၊ တခြားကဏ္ဍက စစ်မှုထမ်းတွေလည်း ပါဝင်ကောင်း ပါဝင်ပါလိမ့်မယ်။

အသေးစိတ်တွေ မပြောတော့ပဲ .... ဒီနေရာမှာ ကျွန်တော် အဓိက ပြောလိုတာက .... နံပါတ် ၁။ သူတို့ရဲ့ အင်အား အရေအတွက် အပေါ် ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။ နံပါတ် ၂။ လက်ရှိ စစ်တပ် ရင်ဆိုင်နေရတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အဆက်ဆက် သူတို့ ကြုံခဲ့ရတာတွေနဲ့ ကွဲပြားပါတယ်။ နေရာအနှံ့ စစ်မျက်နှာပြင်တွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကရင်နီ ထဲက နေရာတွေမှာသာမက ... ကချင်၊ ရှမ်း၊ ကရင် စတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ရှိနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ အဲဒီလို ကျယ်ပြန့်နေတဲ့ အပြင်၊ တိုင်းပြည်ရဲ့ အဓိက နေရာတွေလို့ ပြောနိုင်တဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး တဝိုက်တွေကိုပါ ခုခံတော်လှန်ရေး စစ်ပွဲတွေ ရောက်လာတာ ထင်ရှားနေပါတယ်။

ဒီ အခြေအနေဟာ ဘာကို ဖော်ပြနေလဲ ဆိုရင် သူတို့မှာ လူအင်အား ဘယ်လောက်ရှိရှိ၊ ဘယ်လို ရင်းမြစ်မျိုးတွေ ရှိရှိ .. ရှိတဲ့ အရာတွေကို ၃၆၀ ဒီဂရီ လှည့်ပတ်ပြီး ဖြန့်ကျက် ပြီး နေရာချထားရပါတယ်။

နောက်အရေးကြီးတဲ့ အချက်ကတော့ အထိအခိုက် အကျအဆုံး စာရင်းဖြစ်ပါတယ်။ ဘယ်တုန်းကမှ အဲဒီ အချက်ကိုလည်း သူတို့ တရားဝင် မထုတ်ပြန်ပါဘူး။ ဒါပေမယ့် အခုနက ပြောခဲ့တဲ့ စစ်မျက်နှာပြင် နေရာအနှံ့မှာ အထိအခိုက် အကျဆုံး ရှိတယ် ဆိုတာကို ကျွန်တော်တို့ သိရပါတယ်။ လက်ရ ဖမ်းဆီးမိသူတွေလည်း ရှိပါတယ်။ တချို့ဆိုရင် စစ်တပ်ထဲ အခုမှ ရောက်လာသူတွေ ဖြစ်တာကို တွေ့ရပါတယ်။ အချိန်သိပ်မကြာတဲ့ ကာလတို သင်တန်းမျိုးတွေပဲ ရခဲ့ပြီး၊ ရှေ့တန်းကို ပို့ခံရတာလို့ တချို့ ထွက်ဆိုထားပါတယ်။

အဲဒီလို စစ်သားအသစ် ရရှိဖို့ ဆိုတာကလည်း စစ်တပ်အတွက် အခုအချိန်မှာ အတော်လေး ခက်ခဲနေပါတယ်။ တပ်သားအသစ်တွေ အရင်က စုဆောင်း ရရှိလေ့ ရှိတဲ့ နေရာဒေသတွေဟာ အခု စစ်တလင်း ဖြစ်နေပြီး၊ သူတို့ကို ခုခံတိုက်ခိုက်နေတဲ့ နေရာတွေ အဖြစ် အသွင်ပြောင်းကုန်ကြပြီ ဖြစ်ပါတယ်။ ဒီတော့ ဖြန့်ကျက်ထားရတဲ့ သူတို့တပ်တွေကို အလဲလဲအလှယ်လှယ် အစားထိုးဖို့၊ ထိခိုက်ဒဏ်ရာ အကျဆုံးတွေ နေရာမှာ အင်အားသစ် ဖြစ်တင်းဖို့ စစ်တပ်ဟာ အင်မတန် ရုန်းကန်နေရပါတယ်။ တချိန်တည်းမှာပဲ၊ စစ်တပ်ကနေ စွန့်ခွာပြီး ဘက်ပြောင်းမှုတွေဟာ သမိုင်းတလျှောက် အကြီးမားဆုံး အရေအတွက်မျိုးနဲ့ ကြုံတွေ့ နေရပါတယ်။

အခု နောက်ဆုံးတစ်ချက်ကို ကျွန်တော်ပြောပါ့မယ်။ ဒီအချက်ဟာ အခုန ပြောခဲ့တဲ့ အချက်တွေ အားလုံးထက် အရေးကြီးတယ်လို့ ကျွန်တော် ယုံကြပါတယ်။ ကျွန်တော်ဟာ မြန်မာနယ်စပ် ပတ်ချာလည် ဒေသတွေကို လူကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့တယ် ဆိုတာကို ခင်ဗျားလည်း သိပါတယ်။ နောက်ဆုံး ရောက်တဲ့ အချိန်ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကြားသိခဲ့ရတဲ့ အချက်တွေအရ မြန်မာ စစ်တပ်က စစ်သားတွေဟာ စိတ်ဓာတ်ရေးရာ အင်မတန် ပျက်ပြား နေပါတယ်။ သူတို့မှာ စိတ်ဓာတ် တက်ကြွစရာ ရယ်လို့လည်း မရှိ၊ မျှော်လင့်ချက်၊ ခံယူချက်၊ ယုံကြည်ချက်ရယ်လို့လည်း မရှိပါဘူး။ ဒီကြားထဲမှာ ပြည့်စုံလုံလောက်တဲ့ အထောက်အပံ့မျိုးလည်း မရရှိကြပါဘူး။ ရိက္ခာရာရှင်က စလို့ .... စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်း အဘက်ဘက်မှာ အခြေအနေတွေဟာ ဆိုးရွားပြီး၊ အရည်အသွေးတွေ နိမ့်ကျ နေတာ ဖြစ်ပါတယ်။ နောက်ဆုံး .... ကျည်တွေ၊ ဗုံးတွေလို ခဲယမ်းမီးကျောက်တွေရဲ့ အရည်အသွေးတွေပါ နိမ့်ကျ လာနေတာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာ စစ်တပ်ရဲ့ ရုန်းကန်နေရတဲ့ အခြေအနေဆိုတာ ဘာလဲ ဆိုရင် ... ခုနက ကျွန်တော် ပြောခဲ့တဲ့ အချက်တွေ အားလုံးပဲ ဖြစ်ပါတယ်။ လူအင်အားကစလို့ ... စိတ်ဓာတ်ပိုင်းရော ရုပ်ဝတ္ထုပစ္စည်းပိုင်းမှာပါ အဘက်ဘက် ယိုယွင်း နေတာ ဖြစ်ပါတယ်။

သာလွန်လက်နက်အင်အားရှိနေတာကို စစ်ကောင်စီ အသုံးချနိုင်လား

စစ်ရေးပြပွဲတွေမှာ ဧရာမ ရော့ကက်ဒုံးကျည်တွေကို ထုတ်ပြလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရေးပြပွဲတွေမှာ ဧရာမ ရော့ကက်ဒုံးကျည်တွေကို ထုတ်ပြလေ့ရှိ

ဘီဘီစီ။ ။ တစ်ဘက်မှာလည်း မိုက်ခ်ရေ ... နေပြည်တော်စစ်ရေးပြပွဲတွေမှာ နှစ်စဥ်ဆိုသလို ဘေဂျင်း တီအန်နန်မင်ရင်ပြင်၊ မော်စကိုရဲ့ ရင်ပြင်နီ၊ ပြုံယမ်းက ကင်အီလ်ဆောင်းရင်ပြင်တွေမှာ တွေ့ရတဲ့ အတိုင်း ဧရာမ အမြောက်ကြီးတွေ၊ ရော့ကက်ဒုံးကျည်ကြီးတွေနဲ့ အင်အားပြလေ့ ရှိပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံ တွမ်အင်ဒရူးစ် နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာစစ်တပ်ဟာ အခု တကျော့ပြန် အာဏာသိမ်းပြီးနောက်မှာကို ဝယ်ယူတဲ့ စစ်လက်နက် ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းတစ်ထောင်ဖိုး ရှိတယ်လို့ ဆိုထားပါတယ်။

ဒီတော့ မြန်မာစစ်တပ်ထံမှာ အဲဒီလို ... စစ်လက်နက် ပစ္စည်းတွေ ဝယ်နိုင်ဖို့ ဘဏ္ဍာငွေကြေး အင်အားလည်း ရှိနေတယ်၊ ဝယ်လည်း ဝယ်နေတယ်၊ တရုတ် ရုရှား အိန္ဒိယ အပါအဝင် လက်နက် ဆက်ပြီး ရောင်းနေတဲ့ နိုင်ငံတွေလည်း ရှိနေတယ် ဆိုတော့ ... စစ်တပ်ဟာ အရင်နှစ်တွေကနဲ့စာရင် အတိုင်းအတာတစ်ခုထိ ချိနဲ့ လာနေပြီ ဆိုတဲ့ စကားဟာ တကယ်တမ်း မှန်ကန်နိုင်လားဗျ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ ဒီနေရာမှာ ခွဲခြား သိမြင်သင့်တဲ့ အရာကတော့ အသုံးပြုဖို့ရာ လက်နက်တွေ ရှိနေတယ် ဆိုတဲ့ အချက်နဲ့ လက်နက်တွေကို တကယ်ပဲ ဗျူဟာမြောက် ထိထိရောက်ရောက် အသုံးချနိုင်စွမ်း ရှိလား ဆိုတဲ့ အချက်ဟာ မတူညီပါဘူး။ ကွဲပြားပါတယ်။ ဒါကို ခွဲခြားပြီး နားလည်ရမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် လက်ရှိ အသုံးပြုနေတဲ့ နည်းနာကတော့ နေရာတစ်နေရာကို ဝင်ရောက် လိုပြီ ဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အပြင်းအထန် ပြုလုပ်ပါတယ်။ ပြီးတော့မှာ မြေပြင်စစ်ကြောင်း စေလွှတ်ပါတယ်။

ဒီနည်းဟာ အောင်ပွဲ သဘော တစ်ရာရာခိုင်နှုန်း ဆောင်တယ်လို့ မပြောနိုင်ပါဘူး။ သူတို့ဟာ လူမျိုးစု တပ်ဖွဲ့တွေရဲ့ ယာယီ အခြေစိုက် စခန်းနေရာ တချို့နဲ့၊ PDF အဖွဲ့တွေရဲ့ တပ်စခန်း နေရာတချို့ကို ဝင်သိမ်းတာမျိုး၊ လူနေရပ်ရွာတွေကို မီးတင်ရှို့တာမျိုးတွေ လုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် နယ်မြေ စိုးမိုးမှု ရေရှည် တည်တံ့ နေအောင် ထိန်းချုပ်ထားနိုင်စွမ်း မရှိပါဘူး။

ပြီးခဲ့တဲ့ လပိုင်းကပဲ ချင်းဒေသမှာ ဆိုရင် ဝင်ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ဒေသခံ CNF၊ CDF ပူးပေါင်းတပ်တွေက အပိုင်းလိုက် အပိုင်းလိုက် အကြိမ်ကြိမ် တိုက်ခိုက်ပြီး ချေမှုန်း ပစ်နိုင်ခဲ့ပါတယ်။

စစ်တပ်ထံမှာ သာလွန်တဲ့ လက်နက်အင်အား ... အထူးသဖြင့် လက်နက်ကြီး အင်အား ရှိတယ် ဆိုသော်ငြား၊ တကယ်တမ်း ထိထိရောက်ရောက် အသုံးချနိုင်ဖို့ရာ ဖြန့်ကျက် နေရာချနိုင်စွမ်း မရှိ ဖြစ်နေပါတယ်။ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ ဖြစ်ပါတယ်။ အခုန ပြောတဲ့ ချင်းတောင်တန်း ဒေသမှာ ဖြစ်စေ၊ ကေအိုင်အေ တပ်တွေနဲ့ ရင်ဆိုင်ရတဲ့ ကချင်ထဲက နယ်မြေတွေ၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်းပလောင်တပ် TNLA တို့နဲ့ ရင်ဆိုင်ရတဲ့ ရှမ်း ကုန်းပြင်မြင့် ဒေသတွေမှာ ဖြစ်စေ၊ နိုင်ငံ အရှေ့တောင်ပိုင်းကို ကြည့်ရင်လည်း ကရင်နီနဲ့ ကရင်ထဲက နေရာတွေမှာ ဖြစ်စေ သူတို့ဟာ လက်နက်ကြီးတွေကို ဗျုဟာမြောက် နေရာ ချထားနိုင်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။

ဒီတော့ ပြန်ပြီး အကျဥ်းချုပ် ပြောရရင် တစ်ဘက်မှာ စစ်တပ်ဟာ သာလွန်တဲ့ လက်နက်ကြီး အင်အား ရှိတယ် ..... ဒါပေမယ့် ထိထိရောက်ရောက် အသုံးမချနိုင်ဘူး .... နောက်တစ်ဘက်မှာတော့ လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေထံမှာ လက်နက်အင်အားချင်း ယှဥ်ရင် အားနည်းပေမယ့်လည်း ထိရောက်တဲ့ ရင်ဆိုင်တိုက်ပွဲ နည်းနာတွေကို အသုံးချနေနိုင်တယ် ဆိုတာကို တွေ့ရပါတယ်။

ဘီဘီစီ။ ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ ဆိုရင် လူ့အခွင့်အရေး ဆိုင်ရာနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်း ကြီးကြီးမားမား ဆိုက်ရောက် နေတယ် ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဆိုတာ တကယ့်ကို အပြင်းအထန်ဆုံး အတိုင်းအတာမျိုးနဲ့ ပေါက်ကွဲထွက်နေတဲ့ အဆင့်ထိ ရောက်နေပြီလို့ မိုက်ခ် အနေနဲ့ ယူဆလား။ ဥပမာ- ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဖြစ်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲနဲ့ နှိုင်းယှဥ်ရင်ပဲ ဖြစ်ဖြစ်ပေါ့။ မြန်မာပြည်ထဲဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ပြင်းထန်မှု အတိုင်းအတာပေါ် ဘယ်လို သုံးသပ်ထားပါသလဲ မိုက်ခ်ရေ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ အတေော်လေး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါပဲ။ မြန်မာနိုင်ငံထဲ ဘာတွေ ဖြစ်နေလဲ ဆိုတာကို စကားလုံး တစ်လုံးထဲနဲ့ ခြုံငုံဖော်ပြနိုင်တဲ့ ဝေါဟာရ အသုံးအနှုံး terminology ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

ခင်ဗျားက ဆီးရီးယားစစ်နဲ့ နှိုင်းယှဥ်ရင် ... ဆိုပြီး ပြောတယ်ဆိုတော့ .... ဆီးရီးယား လက်နက်ကိုင် ပဋိပက္ခဟာ သမရိုးကျစစ်ပွဲ၊ ပုံမှန်စစ်ပွဲ အသွင် ပိုပြီး ဆောင်ပါတယ်။ Conventional စစ်ပွဲ ဆိုပြီး ပြောရမှာပါ။ နှစ်ဘက်စလုံးမှာ ရှိတဲ့ တပ်ဖွဲ့တွေဟာ ပုံသဏ္ဍာန်ချင်းတူပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ အပြည့်အစုံ တပ်ဆင်ထားတဲ့ တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်ကြတာမျိုး ဖြစ်ပါတယ်။

မြန်မာ နိုင်ငံထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ ပဋိပက္ခနဲ့ ထပ်တူပြုပြီး ပြောလို့ မရနိုင်ပါ ဘူး။ မြန်မာနိုင်ငံထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ တိုက်ပွဲပုံစံတွေကို ကြည့်ရင် skirmish ဆိုတဲ့ တိုက်ပွဲငယ် ထိတွေ့ ပစ်ခတ်တဲ့ ပုံစံမျိုးတွေ ပိုများပါတယ်။ နှစ်ဘက် စစ်တပ်တွေ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ကြတာမျိုး မဟုတ်ပါဘူး။ ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ နေရာ အကျယ်အဝန်းဟာလည်း မကြီးမား မကျယ်ပြန့်ပါဘူး။

နောက်ကွဲပြားတဲ့ အချက်ကတော့ ဆီးရီးယားစစ်မှာ အာဆတ် အစိုးရကို တိုက်ခိုက်နေတာဟာ တစုံတခုသော အတိုင်းအတာထိအောင် စုစည်းထားတဲ့ မဟာမိတ် တပ်ပေါင်းစု ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ အင်အားစုတွေဟာ နိုင်ငံရေး အရ စည်းလုံး ညီညွတ်မှု ရဖို့ ကြိုးစား နေကြတာ တွေ့ရတာမှန်ပေမယ့် တကယ်တမ်း ဘုံ နည်းနာလမ်းစဥ်တွေ၊ ရည်မှန်းချက်တွေ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ချမှတ်ထားနိုင်တာကို မတွေ့ရသေးပါဘူး။

ဥပမာ ပြောရရင် သိပ်မကြာခင်ကပဲ ကချင် ကေအိုင်အေနဲ့ တအာင်းပလောင် TNLA တို့ ဘုံ သဘောတူမှု ဆိုပြီး ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင် ဖယ်ရှားရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဖြစ်ပါတယ်။ ဒီလို စစ်တပ်ကို ဖယ်ရှားပစ်မယ် ဆိုတဲ့ ရည်မှန်းချက်မျိုး ဝတပ် UWSA မှာ ထားရှိတယ်ဆိုတာ မတွေ့ရပါဘူး။ အခု ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေမှာလည်း မပါပါဘူး။ ရခိုင် အေအေ ဆိုရင်လည်း သူတို့ရဲ့ သီးသန့် ရည်မှန်းချက်နဲ့ လမ်းစဥ် ရှိတယ် ဆိုပြီး ပြောထားပါတယ်။

ကဲ ... လူမျိုးစု လက်နက်ကိုင် တပ် အသီးသီးမှာ လက်ရှိ စစ်ခေါင်းဆောင် ဦးဆောင်တဲ့ စစ်တပ်ကို အနိုင်ယူမယ်၊ ဖယ်ရှားမယ် ဆိုတဲ့ ဘုံ သဘောထားမျိုး ရှိတယ် ဆိုပါဦး .... ဖယ်ရှားပြီး အလွန် ဘယ်လိုပုံ ဘယ်လိုမျိုး ရှေ့ ခရီးဆက်ကြမှာလဲ ဆိုတဲ့ နည်းနာမျိုး၊ လမ်းစဥ်မျိုးကို အခုထိတော့ ပြတ်ပြတ်သားသား မတွေ့ရသေးပါဘူး။

ဒါ တပ်ဖွဲ့ အသီးသီး အနေနဲ့ အလေးနက်ထား စဥ်းစားသင့်တဲ့ အပိုင်းလို့ ကျွန်တော် ပြောချင်ပါတယ်။ ဥပမာ ပြောရရင် ချင်းတပ်ဖွဲ့တွေကိုပဲ ကြည့်ပါ။ လက်ရှိ ချင်း ဒေသတွေ အနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေ အပြင် စစ်ကိုင်းနဲ့ မကွေးထဲက နေရာ တချို့ဟာလည်း ချင်းနဲ့ ဆိုင်တဲ့ ဒေသတွေ၊ ပိုင်နက်နယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ နေရာတွေ အားလုံးကို ထိန်းချုပ်နိုင်ပြီ၊ မြန်မာ စစ်တပ် ထွက်သွားအောင် လုပ်နိုင်ပြီ ဆိုရင် ချင်းတပ်တွေရဲ့ တိုက်ခိုက်မှုဟာ ပြီးသွားမှာလား။ အာဏာသိမ်း စစ်တပ်ကို အပြီးတိုင် ဖယ်ရှားနိုင်ဖို့ အထိ ဆက်ပြီး တိုက်မှာလား ... စတဲ့ မေးခွန်းတွေ ရှိပါတယ်။ ဒါ ချင်းကို ဥပမာထားပြောပေမယ့် ... KIA၊ KNU အစရှိသဖြင့် လူမျိုးစု တပ်ဖွဲ့တွေ အားလုံး အတွက် မေးခွန်းလည်းပဲ ဖြစ်ပါတယ်။ သူတို့မှာ နိုင်ငံရေး စစ်ရေး ဘုံ ရည်မှန်းချက်နဲ့ တိကျ ပြတ်သားတဲ့ လမ်းစဥ်နည်းနာ ရှိနေကြလား ဆိုတာဟာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ပါတယ်။

အခု စစ်ကောင်စီကို စစ်အာဏာရှင်ကို မလိုချင်ဘူး၊ သူတို့ မရှိမှ ဖြစ်မယ် ဆိုရင် မရှိအောင် ဘယ်လို လုပ်မလဲ ... သူတို့ အလွန်ကာလမှာ ဘယ်ပုံဘယ်နည်း ခရီးဆက်မှာလဲ ဆိုတာတွေဟာ အားလုံးဖြေရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အပေါ် NUG ရဲ့ ရပ်တည်မှု သဘောထား

စစ်ရေးနည်းနာ အပေါ် ဘယ်လောက် သက်ဝင် ယုံကြည်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ရေးနည်းနာ အပေါ် ဘယ်လောက် သက်ဝင် ယုံကြည်လဲ

ဘီဘီစီ။ ။ ဟုတ်ကဲ့ မိုက်ခ်ရေ ... NUG ရဲ့ ရပ်တည်မှု အပါ်မှာရော ဘယ်လို သုံးသပ်ထားလဲ .... သူတို့နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကာကွယ်ရေး ကဏ္ဍဆိုင်ရာ ကြေညာစာတမ်းထဲမှာ ဆိုရင် လက်နက်ကိုင် လမ်းစဥ်ကို သူတို့ ဘာလို့ ရွေးချယ်ရသလဲ ဆိုတာကို ပြောထားတာကို တွေ့ရပါတယ်။ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားဖို့ရာ လက်နက်ကိုင် လမ်းစဥ်အပေါ်မှာ သူတို့ အနေနဲ့ တကယ်ပဲ ယုံကြည် သက်ဝင်မှု ရှိတယ်လို့ မိုက်ခ် အနေနဲ့ တွေ့ရလားဗျ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ လက်နက်ကိုင် တော်လှန်ရေး အပေါ် သက်ဝင် လေးနက်ကြောင်း သူတို့ထဲကနေ ကျွန်တော့်ကို ပြောသူတွေ ရှိပါတယ်။ လက်နက်ကိုင် လမ်းကြောင်းအပေါ် NUG ရဲ့ ချည်းကပ်မှုမှာ အပြောင်းအလဲ တချို့ ရှိလာတာကိုလည်း တွေ့ရပါတယ်။ သူတို့ဟာ အစိုးရ ဖြစ်တယ် ... တော်လှန်ရေးကိုလည်း သူတို့ ဦးဆောင်တယ် ဆိုတဲ့ အသိအမှတ် ပြုမှုမျိုးကို NUG က လိုလားခဲ့ပါတယ်။ အဲဒီအခါမှာ တန်ပြန် တွန်းထုတ်တာကို ခံရပါတယ်။ အဲဒီလို ပုံစံမျိုး တည်ဆောက်လို့ မရနိုင်ပါဘူး။ ရှေ့ကို မရောက်ပါဘူး။

လက်တွေ့ အရမှာလည်း တကယ်တိုက်နေတဲ့ တပ်ဖွဲ့တွေကို ကြည့်ပါ ... NUG ရဲ့ တိုက်ရိုက် ကွပ်ကဲမှု အောက်မှာ ရှိနေတဲ့ တပ်တွေ ဘယ်နှစ်တပ် ရှိလို့လဲ ဆိုတာဟာ အကြီးဆုံး မေးခွန်း၊ လက်တွေ့ အကျဆုံး မေးခွန်း ဖြစ်နေပါတယ်။

ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အသီးသီးတွေ၊ တခါ ... အဲဒီတပ်တွေနဲ့ အနီးကပ်ရှိနေတဲ့ သက်ဆိုင်ရာ နယ်မြေတွေ၊ ဆက်စပ် နယ်မြေတွေက လူမျိုးစု တပ်ဖွဲ့တွေဟာ လက်တွေ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အခု နောက်ပိုင်းမှာတော့ NUG ဟာ “ငါတို့သည်သာ တော်လှန်ရေး” ဆိုတဲ့ ပုံဖော်မှုကနေ “ငါတို့ဟာ တော်လှန်ရေးရဲ့ အစိတ်အပိုင်း” ဆိုတာကို လက်ခံလာတဲ့ အပြုအမူတွေ၊ လှုပ်ရှားမှုတွေကို တွေ့လာရပါတယ်။ မဟာမိတ်တည်ဆောက်ရေး၊ ညွန့်ပေါင်း အစုအဖွဲ့ ၊ တပ်ပေါင်းစု အစုအဖွဲ့ အဖြစ် စုစည်း ခိုင်မာနိုင်ဖို့ အရေးကြီးတာကို NUG လည်း သိမြင် နားလည်တယ်လို့ ကျွန်တော် ထင်ပါတယ်။

NUG အခု အသားပေးလာတဲ့ လမ်းကြောင်းကတော့ အဖွဲ့အစည်း အသီးသီးနဲ့ကြား စကားပြောဆိုပြီး၊ သဘောတူမှုတွေ ရယူတာမျိုး ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ နားလည်မှု အရတော့ NUG ဟာ ခေါင်းဆောင် ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ထက်စာရင်၊ အဖွဲ့အသီးသီးကြားမှာ ချိတ်ဆက် ပေးနိုင်တဲ့၊ သဘောထား အမြင်တွေကို စုစည်း ပေးနိုင်တဲ့၊ ဘုံရည်မှန်းချက်တွေနဲ့ လမ်းစဥ်တွေ ထွက်လာအောင် ကြားခံ လုပ်ပေးနိုင်တဲ့ အဖွဲ့မျိုး ဖြစ်တယ် ဆိုတဲ့ ပုံရိပ်မျိုးရအောင် ပိုပြီး ကြိုးစားလာတဲ့ အရွေ့မျိုး ရှိလာတယ်လို့ ထင်ပါတယ်။

ဘီဘီစီ။ ။ မျိုးနွယ်စု တပ်ဖွဲ့ အသီးသီး အပါအဝင် လက်နက်ကိုင် အဖွဲ့ အမျိုးမျိုးကြားမှာ ဘုံ သဘောထားတွေ၊ နည်းနာ လမ်းစဥ်တွေ ရှိလာပြီး တပ်ပေါင်းစု ပုံစံမျိုး၊ မဟာမိတ် ညွန့်ပေါင်း အဖွဲ့ ပုံစံမျိုး တည်ဆောက် နိုင်ပြီ ဆိုရင် ... အာဏာသိမ်း စစ်တပ်ကို စစ်ရေး နည်းနာနဲ့ အနိုင်တိုက်နိုင်မယ်၊ အပြီးတိုင် ဖယ်ရှားနိုင်မယ်လို့ မိုက်ခ် အနေနဲ့ ယူဆပါသလားဗျ။

ဒေါက်တာမိုက်ကယ်မာတင်။ ။ နိုင်ငံရေး သဘောတူမှု ရှိရုံသက်သက်နဲ့ မလုံလောက်သေးပါဘူး။ ချက်ခြင်းလက်ငင်း အောင်ပွဲခံနိုင်မယ်လို့လည်း ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော်နဲ့ စကားပြောထားသမျှ အဖွဲ့တွေကတော့ အရင်ကထက် စာရင် လက်နက် တပ်ဆင်ရေးမှာ တိုးတက်မှုတွေ အထိုက် အလျောက် ရှိလာတယ်၊ ပိုပြီး အားကောင်းတဲ့ လက်နက်မျိုးတွေလည်း ရလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက် အရာမှာလည်း ဖြည့်ဆည်းရမှာတွေ ကြီးကြီးမားမား ရှိနေသလို၊ လုံလောက်တဲ့ သင်တန်းတွေ၊ စစ်ပွဲ အတွေ့အကြုံတွေ ရှိလာဖို့လည်း အချိန် ယူရမှာ ဖြစ်ပါတယ်။

လက်နက်လိုအပ်ချက် ဖြည့်တင်းနိုင်ဖို့နဲ့ လက်နက်ကွာခြားချက် လျော့ချနိုင်ဖို့ ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ PDF တွေဟာ အချိန်နဲ့ အမျှ လက်နက်တွေ တပ်ဆင်လာနိုင်တယ်၊ စစ်ရေး အတွေ့အကြုံတွေ ရှိလာတာ မှန်ပါတယ်။ ဒါပေမယ့် စစ်တပ်ကို ရင်ဆိုင်တိုက်ပြီး နောက်ဆုတ်သွားအောင်၊ နယ်မြေတစ်ခုကို သိမ်းပိုက်လိုက်ပြီး ရေရှည် ထိန်းချုပ် စိုးမိုးထားနိုင်ဖို့ ဆိုတာတော့ ရှေ့ဆက်ပြီး ကြိုးစား တည်ဆောက် ရဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေဘက်က စစ်မျက်နှာပြင် အသီးသီးမှာ စစ်ရေး အသာအစီးတွေ ရလာပြီ ဆိုပါတော့ .... ကျွန်တော် တွက်ဆ မိတာကတော့ စစ်တပ်ဟာ သူတို့ရဲ့ အခိုင်အမာ ခြေကုပ် နေရာတွေ အဖြစ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးလို နေရာတွေမှာ အင်အားကို စုစည်း တောင့်ခံထားမှာ ဖြစ်ပြီး၊ အဲဒီ အခြေအနေမျိုးမှာ stalemate လို့ ခေါ်တဲ့ နှစ်ဘက် ရှေ့မတိုး နောက်မဆုတ် အနေအထားမျိုးနဲ့ တန့် နေနိုင်ပါတယ်။ ဒီတော့ စစ်ရေးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူဖို့ ဆိုတာဟာ လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာ မဟုတ်ပဲ၊ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းရှည်ကြီး ဖြစ်ပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post