NUG အစိုးရဲ့ ဘတ်ဂျက်အခြေအနေနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ တွေ့ဆုံမေးမြန်းခြင်း

ဓာတ်ပုံ ရင်းမြစ်, Screen Shot
အမျိုးသားညီညွှတ်ရေး NUG အစိုးရဟာ ဘတ်ဂျက် ရသုံး ခန့်မှန်းခြေ ငွေစာရင်းရေး ဆွဲနေသလို CDMတွေ ထောက်ပံ့ ဖို့အတွက်ကို အကောင်အထည်ဖော်မယ့် အောင်လံလွှင့်ချီ နွေဦးထီကိစ္စ အပါအဝင် စေတနာအလျောက် အခွန်ထမ်းမယ့်သူတွေကို ဖိတ်ခေါ်တဲ့ အစီအစဥ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းထုတ်ပြောလာခဲ့ပါတယ်။ NUG အစိုးရလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ဘတ်ဂျက်ကို ဘယ်လိုပုံစံနဲ့ ဆက်လက် ရှာသွားမှာပါလဲ။ လက်တွေ့ အခြေအနေမှာ NUGအစိုးရဘက်က ရည်မှန်းထားတဲ့ အတိုင်း ဘယ်လောက် လုပ်နိုင်မှာလဲ စတာတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက အမျိုးသားညီညွှတ်ရေး အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဘီဘီစီ။ ။ NUGအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီးနောက်မှာ ဘတ်ဂျက် ခန့်မှန်းခြေ ရသုံးငွေစာရင်: ရေးဆွဲနေတယ်လို့ သိရတယ်။ အဲ့ဒါ ဘယ်အခြေအနေကို ရောက်နေပါပြီလဲ။
ဦးတင်ထွန်းနိုင်။ ။ အဓိကအားဖြင့် ကျွန်တော်တို့ရဲ့အသုံးစားရိတ် မူဝါဒ ဦးစာပေးကဏ္ဍရှိပါတယ်။ ကျွန်တော်တို့ရဲ့ အသုံးစားရိတ်မူဝါဒမှာ ဦးစားပေးလုပ်ငန်း စဥ်(၃)ရပ်ပဲရှိပါတယ်။
ပထမကတော့ နေရပ်စွန့်ခွာ အနေနဲ့၊ စစ်ဘေးရှောင်အနေနဲ့၊ နောက်တစ်ခုက သတ်ဖြတ်ခံရလို့ ကျန်ရစ်မိသားစုဝင်တွေကို ထောက်ပံ့ကြေးပေးဖို့ ဒါတွေကို ကျွန်တော်တို့ အဓိက ဦးစားပေးပါတယ်။
ဒုတိယကတော့ CDM ဝင်နေတဲ့သူတွေရဲ့ လစာ ပြန်လည်ပေးအပ်သွားနိုင်အောင် လျာထားခဲ့ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ အဲဒါနဲ့စပ်လျဥ်းတဲ့ အသုံးစား ရိတ်တွေကို ဦးစားပေး လျာထားခဲ့ပါတယ်။
ဘီဘီစီ။ ။ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တွေကို ပံ့ပိုးဖို့ ဘတ်ဂျက်တွေ သုံးဖို့အတွက် ရော ဘယ်လိုစဥ်းစားထားပါသလဲ။
ဦးတင်ထွန်းနိုင်။ ။ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ ကာကွယ်ရေးအစီအမံများနဲ့ သူရည်ရွယ်ထားတဲ့ ကာကွယ်မှု မူဝါဒများရယ်၊ ကာကွယ်မယ့် အစီအမံများနဲ့ လျော်ညီအောင် ဘတ်ဂျက်ကို ရေးဆွဲပြီး တင်ပြလာတာ ရှိပါတယ်။
ကာကွယ်ရေးဟာ တကယ်တော့ ပြည်သူလူထုတစ်ရပ်လုံးက မိမိကိုယ်ကို ခုခံကာကွယ်နေတာ ဖြစ်ပါတယ်။ဆိုလိုတာက NUG က ဦးဆောင်မှု အခန်းကဏ္ဍမှာ အထိုက်အလျောက်ရှိတယ် ဆိုသော်လည်း ပြည်တွင်းမှာရှိနေတဲ့ နယ်မြေဒေသ အသီးသီးမှာရှိတဲ့ ပြည်သူလူထုက သူ့နည်းသူ့ဟန်နဲ့ ရရာလက်နက် စွဲကိုင်ပြီးတော့ ကာကွယ်နေကြတဲ့ ကိစ္စတွေလည်း ရှိပါတယ်။အဲ့ဒီလို ကိစ္စရပ်တွေ အကုန်လုံးကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တတ်နိုင်သမျှ လွှမ်းခြုံနိုင် အောင် စဥ်းစားပြီးတော့ ဘတ်ဂျက်တွေလည်း NUG အစိုးရရဲ့ ဘတ်ဂျက် အသုံးစားရိတ်ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီ။ ။အဲ့ဒီတော့ ကိုယ်ရရှိတဲ့ ဘတ်ဂျက်ထဲက ရာခိုင်နှုန်းအားဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနက ဘယ်လောက်သုံးဖို့ရည်မှန်းထားပါသလဲ။
ဦးတင်ထွန်းနိုင်။ ။ အဓိကက ကျွန်တော်တို့ ဘတ်ဂျက်သည် ရာခိုင်နှုန်းဆိုတာထက် ဦးစားပေးမှာက စစ်ဘေးရှောင်တွေ၊ CDM တွေပါ ။ CDM လုပ်တဲ့လူ အရေအတွက်က လေးသိန်း တစ်သောင်းလောက် ရှိပါတယ်။ ဒါက ကျွန်တော်တို့ လက်ရှိစုစည်းမိထားတဲ့ အရေအတွက်ပါ။ ကျွန်တော်တို့အနေနဲ့ ယေဘုယျအားဖြင့် ပျမ်းမျှအနေနဲ့ သူတို့ လစာကို ၂သိန်း သတ်မှတ်ရင်တောင် လူလေးသိန်းတစ်သောင်းကို လစာပေးနိုင်ဖို့ လျာထားချက်အရ တစ်လကို ကျပ်ဘီလီယံ ၈၀ ရှိပါတယ်။
၆ လစာဆိုလို့ရှိရင် ဘီလီယံ ၅၀၀နီးပါး ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ဥပမာ ကာကွယ်ဆေး ပညာ ကျန်းမာကဏ္ဍတွေမှာ ဆရာကြီး ဒေါက်တာဇော်ဝေစိုးတို့ အဓိကထား တင်ပြလာတဲ့ ကာကွယ်ဆေးထိုးမယ့် အစီအစဥ်ပေါ့။ NUGအစိုးရက ပြည်သူလူထုကို ကာကွယ်ဆေးထိုးပေးမယ့် အစီအစဥ်ဟာ အမေရိကန် ဒေါ်လာအနေနဲ့ သန်းသုံးရာလောက် လိုအပ်တာဖြစ်ပါတယ်။
ဆရာကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ပြန်လည် ကယ်ဆယ်နေရာချထားရေးဝန်ကြီးဌာနအောက်က တင်လာတဲ့ ဘတ်ဂျက်တွေဟာလည်း ကျွန်တော်တို့ အတွက် အိုင်ဒီပီ စခန်းတွေမှာ အဆောက်အအုံတွေ ဆောက်တာ၊ ဆေးဝါးတွေကူတာ ၊ လွတ်မြောက်နယ်မြေရောက်နေတဲ့သူတွေအတွက် လိုအပ်တဲ့ ရိက္ခာထောက်ပံ့တာတွေဟာလည်း ၆လစာအတွက် ဘီလီယံ ရာနဲ့ချီပြီးတော့ ရှိတာဖြစ်ပါတယ်။ အလားတူပဲ ကာကွယ်ရေးကလည်း သူ့လိုအပ်ချက်နဲ့သူ အခြေအနေရ သူ ရည်ရွယ်ထားတဲ့ ဘတ်ဂျက်ကလည်း ရှိပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့်ကတော့ ဘယ်ဟာက ပိုများလည်းဆိုရင် ကျွန်တော်တို့ ချိန်ညှိထားပါတယ်။
ကာကွယ်ရေး အများဆုံးဖြစ်တယ်လို့လည်း ဆိုလိုတာ မဟုတ်ပါဘူး။ ခုန CDM သမားတွေရဲ့ လစာကလည်း ဘီလီယံ လေးငါး ခြောက်ရာ လောက်ရှိပါတယ်။အသေးစိတ်ကတော့ မကြာမီမှာ ထုတ်ပြန်မယ့် ဘတ်ဂျက် ထုတ်ပြန်ချက်မှာ အသေးစိတ်ပါလာမှာပါ။ အဲ့ဒီကျလို့ရှိရင် ပြည်သူလူထုအနေနဲ့က NUGက ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်အထိ စဥ်းစားပြီးတော့ ဘတ်ဂျက်ကို ချဥ်းကပ်ဆောင်ရွက်ထားတယ်ဆိုတာ ရှင်းသွားပါလိမ့်မယ်။

ဓာတ်ပုံ ရင်းမြစ်, STR
မေး။ ။ NUG အစိုးရ ဦစားပေး ဘတ်ဂျက်ရေးဆွဲထားတဲ့ အစီအစဥ်ထဲမှာ CDM လုပ်နေတဲ့သူတွေအတွက်လည်း ပါတယ်ဆိုတော့။ CDM တွေကိုပုံမှန်လစာထောက်ပံ့မယ်လို့ နဂိုထဲက ပြောထားတာလည်းရှိသလို ပေးနေတယ်လို့လည်းသိရတယ်။ လက်တွေ့ အခြေအနေမှာ NUGအစိုးရဘက်က ရည်မှန်းထားတဲ့ အတိုင်း ဘယ်လောက် လုပ်နိုင်မှာလဲ။
ဦးတင်ထွန်းနိုင်။ ။ NUG အစိုးရရဲ့ အခက်အခဲ အကျပ်အတည်းတွေကြားက တစ်ခုတည်းသော အခွန် ဝင်ငွေရလမ်းသည် လောလောဆယ်ကတော့ ဒီနွေဦးတော်လှန်ရေးကို သက်ဝင်ယုံကြည်ကြတဲ့ ပြည်တွင်း ပြည်ပက ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ညီအကို မောင်နှမ ပြည်သူတွေပဲ ဖြစ်ပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အခိုင်အမာဆုံး အားအကောင်းဆုံး source of finance ဝင်ငွေရလမ်းပဲ ဖြစ်ပါတယ်။ CDM သမားတွေကို ဒီနေ့ ဒီအချိန်အထိ ထိထိရောက်ရောက် အစိုးရလမ်းကြောင်းကနေ ထောက်ပံ့သွားနိုင်ခဲ့တယ်ဆိုတာက ကျွန်တော်တို့ ရည်မှန်းထားတာထက်စာလို့ရှိရင် ရာခိုင်နှုန်းအားဖြင့် တော်တော်နည်းပါတယ်။
အဲ့ဒါကြောင့် မကြာခင်က အောင်လံလွှင့်ချီ နွေဦးထီဆိုတဲ့ ထီရောင်းတဲ့ အစီအစဥ်ကို CDMတွေ အတွက် ဦးတည်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နွေဦးထီ ကိစ္စဆောင်ရွက်တဲ့ အခါမှာ နံပတ်တစ် အချက် CDM သမားတွေကို လစဥ် sustainable ဖြစ်တဲ့ အထောက်အပံ့ တစ်ခုပေးနိုင်အောင် ရည်ရွယ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ အနေနဲ့ နဂိုလိုမျိုး ပြန့်ကြဲပြီးတော့ ဟိုက ဒီကရတဲ့ အလှူငွေတွေ ထောက်ပံ့ငွေတွေ နဲ့ CDM ကို ပေးနေမယ့်အစား ဒီလိုမျိုး NUG ဘက်က အခွန်ဝင်ငွေရလမ်းတစ်ခု state Lottery တစ်ခုကို စတင်မိတ်ဆက်ပြီးတော့ ဒီကရောင်းလို့ရတဲ့ငွေ အားလုံးရဲ့ ၇၀ရာခိုင်နှုန်းကို CDM သမားတွေကို ထောက်ပံ့ပေးသွားမယ်ဆိုတာ ရည်ရွယ်ခဲ့သလို တရားဝင် ထွက်ပြီးတော့လည်း ဒီသတင်းစကားကို ပါးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲ့ဒီကိစ္စလုပ်နေတာကို တစ်ခါတည်းထည့်ပြီး ပြောလိုက်ပါမယ်။system maintenance လုပ်နေလို့ ဒီပရိုဂရမ် ခဏရပ်နေတာဖြစ်ပါတယ်။ upgrade လုပ်ထားတဲ့ system က အဆင်သင့်ဖြစ်ပြီဆိုရင် တစ်ရက်ကို လေးနာရီလောက်ပဲ ထီကို ရောင်းပါမယ်။ လေးနာရီလောက်ရောင်းပြီးတော့ တစ်လကို ရက်၂၀ လောက် ရောင်းပြီဆိုရင်ပဲ ငွေကျပ်ဘီလီယံ ၂၀လောက်အထိ ရရှိနိုင်ပါတယ်။ တစ်ရက်ကို တစ်ဘီလီယံ လောက်ရမယ်လို့ မှန်းထားပါတယ်။
ဘာကြောင့်လဲဆိုတော့ လေးနာရီလောက်ရောင်းရင် ထီလက်မှတ်စောင်ရေ ၅သိန်းလောက် ရောင်းချနိုင်မှာပါ။ system ကလည်း ကျွန်တော်တို့ အနေနဲ့ အဆင်သင့်ဖြစ်တယ်။ ထီထိုးတဲ့ ပြည်သူလူထုကတော့ ယုံကြည်ပြီးသားပါ။ တော်လှန်ရေးစိတ်နဲ့ထိုးတာ ထီပေါက်ချင်တဲ့စိတ်နဲ့ ထိုးတာမဟုတ်တော့ ကျွန်တော်တို့ ဒီဘက်က အဆင်သင့်ဖြစ်တယ်ဆိုရင် သူတို့ အနေနဲ့ တစ်ရက်ကို လေးနာရီ ရောင်းရင်ကိုပဲ ထီစောင်ရေငါးသိန်းကို သေချာပေါက် ဝယ်ကြမှာပါ။
တစ်ရက်ကို စောင်ရေ ငါးသိန်း၊ တစ်စောင် နှစ်ထောင်နဲ့ဆိုရင် တစ်ရက်ကို တစ်ဘီလီယံ ရှိပါတယ်။ ဆိုလိုတာက ခုနကျွန်တော်တို့ပြောခဲ့တဲ့ CDM သမား လေးသိန်းကျော်ကို ကျပ်ဘီလီယံ၂၀ကို အညီအမျှ ခွဲပေးမယ်ဆိုရင် တစ်လကို ၅သောင်း ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။
သို့သော် ကျွန်တော်တို့ စုစည်းထားတဲ့ စာရင်းတွေအရ CDM သမားတွေ အားလုံးက လစာတွေ မလိုချင်ပါဘူး။ တစ်ချို့လည်း ပြေလည်တယ်။ တစ်ချို့လည်း အကြီး အငယ် ငဲ့ကြတာတွေလည်း ရှိပါတယ်။ ထီ အစီအစဥ်ကနေ ဒီလစာတွေကို ပံ့ပိုးတဲ့ အခါမှာ လူလေးသိန်း တစ်သောင်းလုံးကို အမြဲတမ်းလစဥ် အညီအမျှခွဲဝေပေးသွားမှာ မဟုတ်ပါ ဘူး။ လောလောဆယ်မှာ ပိုပြီးလိုအပ်တဲ့ ပိုပြီးအားနည်းတဲ့ ပိုပြီးဒုက္ခခံ စားရတဲ့ CDM သမားတွေ ဦးစားပေးသွားပါမယ်။ လက်ထဲမှာလည်း အာဏာသိမ်းပြီး သိပ်မကြာခင်မှာဘဲ အမေရိကန် သမ္မတ အမိန့်နဲ့ fix လုပ်လိုက်တဲ့ မြန်မာပြည်သူ လူထုရဲ့ အခွန်ထမ်းထားတဲ့ငွေ တိုင်းပြည်ကပိုင်ဆိုင်ထားတဲ့ ဒေါ်လာတစ်ဘီလီယံ ပြန်ရဖို့ ကျွန်တော်ကိုယ်တိုင် အဖွဲ့ခေါင်းဆောင် အနေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာရှိပါတယ်။
မကြာခင်မှာတော့ revenue generation လို့ခေါ်တဲ့ ဝင်ငွေရလမ်း တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးသွားဖို့ရှိပါတယ်။ အဲဒါဆိုရင်တော့ ပြည်သူလူထုဆီက ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးကာလတစ်လျှောက်လုံး ရခဲ့တာတွေနဲ့ ပေါင်းစပ်ပြီးတော့ မကြာခင်မှာ အစိုးရရဲ့ သီးသန့် revenue generation အစီအစဥ်တွေ ထွက်ပေါ်လာပါလိမ့်မယ်။
ဘီဘီစီ။ ။ စောစောကပြောတဲ့ ဒေါ်လာတစ်ဘီလီယံ ပြန်လည်ရရှိရေး အတွက် ကြိုးစားနေတဲ့ အပိုင်းက ဘယ်အဆင့်ထိရောက်နေပြီလဲ။ ဘယ်လောက်နီးစပ်လာနေပါ ပြီလဲ။
ဦးတင်ထွန်းနိုင်။ ။ လောလောဆယ်တော့ ကျွန်တော်တို့ နည်းလမ်းနှစ်သွယ်နဲ့ ချဥ်းကပ်ဆောင်ရွက်နေပါတယ်။ ပထမနည်းလမ်းကတော့ ဂျီတူဂျီ Government to Government အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက် နေတာပါ။ ဒုတိယနည်းလမ်းကတော့ လွှတ်တော်အချင်းချင်း CRPH ဘက်က အမေရိကန် ကွန်ဂရက်တို့ ဆီကို တိုက်ရိုက် ချိတ်ဆက်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ တစ်ခါ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကို NUG ရဲ့ သမ္မတကြီးဘက်က ချိတ်ဆက် ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းနှစ်ခုက ကျွန်တော် တို့အနေနဲ့ မျှော်လင့်ထားတာပေါ့လေ။ အခု စက်တင်ဘာလဆန်းပိုင်းလောက်ဆိုရင် လောလောဆယ်တော့ အဖြေ စောင့်နေဆဲပါ။ အခုအချိန် အမေရိက က ကွန်ဂရက်တို့က ဟောလီးဒေး အချိန်လို့ နားလည်ထားပါတယ်။ မကြာခင်မှာ သူတို့ အလုပ်ပြန်စတဲ့ အချိန်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။ ထူးခြားတဲ့အဖြေတစ်ခု အခြေအနေတစ်ခု အဖြေတစ်ခု ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ ဘက်က ချဥ်းကပ်မှုနဲ့ တောင်းဆိုမှုက ဘာလဲဆိုတော့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရဲ့ မူလပိုင်ရှင်က NUG လည်းမဟုတ်ပါဘူး။ စစ်ကောင်စီလည်း မဟုတ်ပါဘူး။အမေရိကန် အစိုးရလည်း မဟုတ်ပါဘူး။ မူလပိုင်ရှင်က မြန်မာပြည်သူတွေသာ ဖြစ်ပါတယ်။
မူလပိုင်ရှင် မြန်မာပြည်သူတွေက အခုဆိုရင် အာဏာရှင်ကပ်ဘေးရယ်၊ ကိုဗစ်၁၉ ကပ်ဘေးရယ်၊ စီးပွားပျက်ကပ်ဘေးရယ် ကပ်ဘေးပေါင်းစုံကို ရင်ဆိုင်နေကြရတယ်။ နေ့စဥ်နဲ့ အမျှလည်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေကြရတယ်။ မကြာခင်မှာလည်း အငတ်ဘေးဆိုက်မယ်လို့တောင် ကမ္ဘာ့ဘဏ်တွေ ဘာတွေက ပြောနေပါတယ်။ အဲ့လိုမျိုး ဒုက္ခသုက္ခ ရောက်နေတဲ့ ပြည်သူများကို သူတို့ပိုင်တဲ့ ပိုက်ဆံနဲ့ သူတို့ကို ပြန်ကယ်ပေးပါလားပေါ့၊ ဒါဟာ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ပါ။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
ဘီဘီစီ။ ။နောက်တစ်ခုကလည်း ဘဏ္ဍာငွေ ရလမ်းအနေနဲ့ NUG အစိုးရက အခွန် ကောက်ဖို့ စီစဥ်နေတယ်လို့ လည်းသိရတယ်။ အခွန်ကောက်တယ်ဆိုရင် ပြည် တွင်းမှာ လူသိရှင်ကြား ပေါ်ပေါ်တင်ပေးဖို့ ဆိုတာအခက်အခဲတွေရှိနိုင်တယ်။ ပေးတဲ့ သူအတွက်လည်း အန္တရာယ်ရှိနိုင်တယ်။ ဆိုတော့ ပြည်တွင်းကနေ ဘယ် လောက်ရနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဦးတင်ထွန်းနိုင်။ ။ အခွန်ကိစ္စနဲ့ ပတ်သက်ရင် ဟိုတစ်နေ့က သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် ဖြေကြားချက်ပေါ်မူတည်ပြီး အပြင်မှာ လူတွေက နားလည်မှုလွဲတာ တစ်ချို့က ပုံဖျက်ပြီးပြောနေတာတွေ ကြားရပါတယ်။ အခုလို ဘီဘီစီက ဒီကိစ္စကို တခုတ်တရ မေးတာကို ကျေးဇူးတင်ပါတယ်။အပြင်မှာ သို့လော သို့လော ဖြစ်နေတာလေးတွေက ပုံဖျက်ပြီး လူတွေကြားထဲ သံသယတွေ ပွားနေတာတွေကို ကျွန်တော်တို့ဘက်က ဖြေရှင်းဖို့ လိုပါတယ်။ ဒါကြောင့် ဒီမေးခွန်းအတွက် အထူးကျေးဇူးတင်ကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။ ဒုတိယအချက်က ကျွန်တော်တို့ ကောက်မယ့် အခွန်ဆိုတာ တကယ်တော့ ဗော်လန်တီယာပါ၊ အခွန် မဆောင်မနေရမဟုတ်ပါဘူး ။ မကြာခင်မှာလည်း ပြည်ထောင်စုအခွန်ကောက်ဥပဒေကို CRPH နဲ့တိုင်ပင်ပြီး လိုအပ်တာတွေဆောင်ရွက်ပြီးရင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီမှာ ကျွန်တော်တို့ ဦးတည်ထားတဲ့ ဥစ္စာက ဒီအခွန်ဟာ ဒုက္ခပေါင်းစုံ ကပ်ဘေးပေါင်းစုံရင်ဆိုင်နေရတဲ့ သာမန်ပြည်သူလူထုကို ဦးတည်တာမဟုတ်ပါဘူး။ အထူးအားဖြင့် ဒီတော်လှန်ရေးကို သက်ဝင်ယုံကြည်တဲ့ မိမိကိုယ်တိုင်လည်း အခွန်ဆောင်နိုင်တဲ့ အခြေအနေရှိနေတဲ့ ပြည်တွင်းက အခွန်ထမ်းပြည်သူတွေကိုသာ ဦးတည်တာ ဖြစ်ပါတယ်။ ကိုယ့်မှာလည်း လုပ်ငန်းရှိတဲ့ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ အခွန်ထမ်းပြည်သူများကိုသာ ဦးတည်တာဖြစ်ပါတယ်။ အဲ့လိုဦးတည်တဲ့ အခါမှာ သူတို့ အနေနဲ့က စေတနာသက်သက်ပါ မဆောင်လည်းရပါတယ်။ ကျွန်တော်တို့က အတင်းအကျပ် ဆောင်ခိုင်းမှာ မဟုတ်ပါဘူး။ သို့သော် သူတို့ ဆောင်ခဲ့မယ်ဆိုရင်တော့ သူတို့ကို တော်လှန်ရေးကာလမှာ အခွန်ဆောင်ခဲ့တယ်ဆိုတဲ့ အထောက်အထား အိုင်ဒီတစ်ခုကို ဆော့ဝဲလ်ကနေပြီးတော့ ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခုန မေးတဲ့ လုံခြုံရေးကိစ္စကိုလည်း ကျွန်တော်တို့ လုံခြုံအောင် လမ်းဖွင့်ပေးထားပါတယ်။ အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းက ဘဏ်ငွေလွှဲ တဲ့လမ်းကြောင်းတွေကို အသုံးပြုမှာ မဟုတ်ပါဘူး၊။ အခွန်နဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခု ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ပလက်ဖောင်းထဲမှာ option ရွေးစရာတွေ ပါပါလိမ့်မယ်။ သူ့အနေနဲ့ ကုမ္ပဏီနာမယ် သူ့စီးပွားရေးလုပ်ငန်းနာမယ် ပြောနိုင်ရင်လည်း ပြောပါ။ ပြောရဲတယ်ဆို လည်းပြောပါ။ မပြောဘူးဆိုလည်း ပြဿနာမရှိပါဘူး။ သူ့အနေနဲ့ ဆောင်မယ်ဆိုရင် corporate income taxလား၊ ရိုးရိုး personal income taxလား။ ဒါမဟုတ်ကြိုတင်ခွန်လား၊ ပစ္စည်းကနေ အမြတ်စွန်းငွေလား အစရှိသဖြင့် သူ့ဟာသူ ရွေးချယ်ပါ။ ပမာဏာကလည်း self assessment system (SAS)ပါပဲ။ သူ့အနေနဲ့ သူအဆင်ပြေတဲ့ပမာဏ သူ့ဘာသူ ရွေးချယ်ထားတဲ့ ခေါင်းစဥ်နဲ့ အဆင်ပြေမယ် ကြိုတင်ခွန်ပုံစံမျိုးပဲ ဖြစ်တဲ့အခါကျတော့ နည်းတယ်တို့ များတယ်တို့ ကျွန်တော်တို့ ပြောမှာ မဟုတ်ပါဘူး။ ပြောရလို့ရှိရင် အခွန်ထမ်းပြည်သူတွေအတွကို အခွန် ဆောင်ချင်လာအောင် လမ်းဖွင့်ပေးထားတာဖြစ်ပါတယ်။
ဘီဘီစီ။ ။ NUG အစိုးရလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ဘတ်ဂျက်ကို ဘယ်လိုပုံစံနဲ့ ဆက်လက် ရှာသွားမှာပါလဲ။
ဦးတင်ထွန်းနိုင်။ ။ ခုန ကျွန်တော်ပြောခဲ့ပြီးပါပြီ။ CDM သမားတွေ အတွက်ကို ထီကိစ္စကနေ ဝင်ငွေရအောင် ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ကျန်းမာရေး ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် လိုအပ်တဲ့သုံးငွေတွေကို Package အလိုက် စီစဥ်ထားပါတယ်။ အထူးအားဖြင့် အဲ့ဒီကိစ္စရပ်များကတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ မိတ်ဖက်နိုင်ငံများနဲ့ မိတ်ဖက်အစိုးရများရယ်၊ နောက်တစ်ခုက development partnerများ ဆီကနေ အဓိက ဖြည့်ဆည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကာကွယ်ရေးကတော့ အစောကပြောတဲ့ စီးဝင်လာမယ့် revenue generation ဝင်ငွေရလမ်းတွေကနေ စီစဥ်ထားတဲ့ ဘတ်ဂျက်အတိုင်း အချိုးကျ ဦးစားပေး အစီအစဥ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာလည်း ခုနကျွန်တော်ပြောခဲ့သလို ဒေါ်လာ တစ်ဘီလီယံ ပြန်လည်ရရှိရေး ကိစ္စကိုလည်း စီစဥ်ဆောင်ရွက်နေပါတယ်ဗျ။








