ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း - ဖိအားတွေအောက်က ကြည်းတပ်ဦးစီးချုပ်

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြီးရင် ရာထူးအကြီးဆုံးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းက ပျောက်ကွယ်နေတာ သုံးပတ် အထိရှိလာပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ပုံမှန်အတိုင်းထမ်းဆောင်နေတယ်လို့ စစ်ကောင်စီဘက်ကပြောပေမယ့် နိုင်ငံတော်အဆင့်အခမ်းအနားတွေမှာပါ ရက်ပေါင်းအတော်ကြာလာတဲ့အထိ စစ်တပ်ရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ရာထူးရှိသူ ပျောက်ကွယ်နေတာက ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ပြသနေပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က တိုက်ပွဲအခြေအနေတွေကို ဒုချုပ်ကိုယ်တိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ တိုက်ရိုက်ကွပ်ကဲမှုပေးနေတယ် လို့ ဘီဘီစီရဲ့ စစ်ရေး၊ နိုင်ငံရေးသတင်းအရင်းအမြစ်တချို့က ပြောသလို ဒဏ်ရာရပြီးဆေးရုံတက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
ဒုတပ်ချုပ် လုပ်ခဲ့တဲ့ ၁၃ နှစ်အတွင်း အခုလောက် သူ့အကြောင်းကို လူစိတ်ဝင်စားမှုမြင့်တက်တဲ့အချိန် မရှိခဲ့ဖူးသေးပါဘူး။
ခုန်ပျံကျော်လွှား ရာထူးတိုးသူများ

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ နှစ်ဦးဟာ သူတို့ရှေ့မှာ ဒါဇင်နဲ့ ချီတဲ့ စီနီယာစစ်ဗိုလ်ချုပ်တွေရှိခဲ့ပေမယ့် အဲဒီသူတွေကို ကျော်တက်ပြီး စစ်တပ်အကြီးအကဲတွေဖြစ်လာခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပုံဖော်တဲ့ ၂၀၁၀ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကာလကို အကြောင်းပြုပြီး ရာထူးမြန်မြန်ဆန်ဆန် တိုးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၉) ဆင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတရာထူး၊ တခြားစီနီယာစစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲဝင်ပြီး နိုင်ငံရေးရာထူးတွေ ယူခဲ့ချိန်မှာပဲ အပတ်စဉ် (၁၉) ဆင်း နဲ့ အပတ်စဉ် (၂၂) ဆင်းက တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေ ဖြစ်လာခဲ့ကြတာပါ။
စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းတဲ့ ဒုချုပ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ သြဂုတ်လအထိ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်ခင်လေးမှာ အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့ပြီး လပိုင်းအတွင်းမှာပဲ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အထိ ရာထူးတက်သွားခဲ့တာဖြစ်ပါတယ်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေကြားမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရှိနေသေးပေမယ့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ခုန်ပျံကျော်လွှားပြီး ရာထူးတက်သွားတာဖြစ်ပါတယ်။
‘’ ဗိုလ်ချုပ်မှူးကြီး(သန်းရွှေ) စဉ်းစားတာ နှစ်ခုရှိတယ်။ ဦးအေး နဲ့ ဦးရွှေမန်း တပည့်ရင်းထဲက မဖြစ်ရဘူး။ အသက်ကလည်း ၅၅ နှစ် နဲ့ ၅၀ ကြားက ဖြစ်ရမယ်။ ဒီနှစ်ခု နဲ့ကိုက်ညီတဲ့သူတွေ ရှာခဲ့ကြတာပေါ့’’လို့ အငြိမ်းစား ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောပါတယ်။
ဒီအသက်ကန့်သတ်ချက်ဟာ ရွေးကောက်ပွဲအစိုးရသက်တမ်းတစ်ခုပြီးရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ရာထူးကနေ အငြိမ်းစားယူနိုင်အောင် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ၁၉၆၀ ပြည့်နှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၂ ကို တက်ရောက်ခဲ့ပါတယ်။
သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အားထားရသူ ကင်ဆာနဲ့ ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ်လုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ နာမည်တူပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မျက်နှာထားတင်းမာပြီး စကားနည်းပါတယ်။
သူ့ဇနီး ဒေါ်သန်းသန်းနွယ်ကတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အခမ်းအနားတချို့မှာဆိုရင် သီဆို ကခုန်တာမျိုးတွေတောင်လုပ်တတ်တယ် လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
‘’သူက ဂေါက်လည်းရိုက်တယ်’’ လို့ ဒေါ်သန်းသန်းနွယ်အကြောင်း သိရှိသူတစ်ဦးကပြောပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့မှာ သားသမီးမရှိဘူး လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
သူ့ရဲ့ စစ်သားဘဝဖြတ်သန်းမှုကိုပြန်ကြည့်ရင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က အမှတ် (၃၇၉) ခြေမြန်တပ်ရင်း မှာ တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးမှာ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်လာပါတယ်။
၂၀၀၅ ခုနှစ်မှာ ကလေးအခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် တပ်မတော် (ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဖြစ်လာပါတယ်။
အဲဒီနောက်မှာမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့တာဖြစ်ပါတယ်။
‘’ဒုချုပ်ရဲ့ ဖြတ်သန်းမှုက ပုံမှန်ပါပဲ။ သူ့ အပတ်စဉ်က လူတွေကတောင် သူ့ထက်ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်’’ လို့ အငြိမ်းစားတပ်အရာရှိတစ်ဦးက သုံးသပ်ပါတယ်။
ဦးစိုးဝင်းနဲ့ ရောင်းရင်းများ

ဓာတ်ပုံ ရင်းမြစ်, U Ye Htut
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်စိုးမှုအဆုံးသတ်ပြီးတဲ့နောက် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းတွေက မြန်မာ့နိုင်ငံရေး နဲ့ စစ်ရေးမှာ အရေးပါသူတွေဖြစ်လာကြပြီး သူတို့တွေရဲ့ ရာထူးတာဝန်တွေကလည်း အနိမ့်အမြင့်အတက်အကျများကြပါတယ်။
အဲဒီထဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရာထူးအကြီးဆုံး နဲ့ အသံအတိတ်ဆုံး ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဟောင်း ဗိုလ်ချုပ်ကြီးသူရသက်ဆွေ နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့က စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းတွေဖြစ်ကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးလှမင်း နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဇေယျာအောင်တို့ လည်း ဒုချုပ် နဲ့ အပတ်စဉ် တူကြပါတယ်။
လက်ရှိစစ်ကောင်စီထဲက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ကလည်း အပတ်စဉ် (၂၂) ဆင်းတွေပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်ကနေ သွယ်ဝိုက်ဝေဖန်လေ့ရှိသူ ဦးရဲထွဋ်ကတော့ လက်ရှိစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရပြီး သူနဲ့ အပတ်စဉ်တူသူတွေက ဒုတိယစစ်ခေါင်းဆောင်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်နေတာကလည်း ထူးခြားပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဟာ စုစုပေါင်း ထောင် ၁၀ နှစ်ကျခံနေရပြီး ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၂၄(ဃ) နဲ့ ထောင်ဒဏ် ၇နှစ် ဖြစ်ပါတယ်။
ဦးရဲထွဋ်တာဝန်ယူခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးနေရာကိုလည်း သူ့သူငယ်ချင်း ဦးမောင်မောင်အုန်းက တာဝန်ယူနေတာ ဖြစ်ပါတယ်။
အပတ်စဉ်တူသူတွေလောက် ဒုချုပ်က ပြောစရာမများခဲ့ပေမယ့် ဒီနှစ် ဧပြီလကတော့ သူ့အကြောင်း လူပြောအများဆုံးအချိန်ဖြစ်ခဲ့ပါတယ်။
ဒုချုပ် ဘယ်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
ဧပြီ ၃ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးမြို့မှာလုပ်တဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၇) သင်တန်းဆင်းပွဲကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ပါတယ်။
ဗထူးက ဂုဏ်ပြုညစာစားပွဲကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့တဲ့ သတင်းက စစ်ကောင်စီဘက်က ဒုချုပ်အကြောင်း နောက်ဆုံးဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။
မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသွားရောက်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဧပြီလ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့ ခရီးစဉ်အတွင်း ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တယ် လို့ ရှားထူးဝေါနည်းပညာတပ်ဖွဲ့ လက်အောက်ခံ Alpha Bats ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်းကို စစ်ကောင်စီဘက်က ဝန်ခံပေမယ့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိခိုက်ဒဏ်ရာရခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထဲကနေ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကို ကွပ်ကဲနေတယ် လို့ စစ်ရေးအကဲခတ်တချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ကပါ ပြောတာရှိပေမယ့် စစ်ကောင်စီကတော့ တရားဝင်ထုတ်မပြောပါဘူး။
‘’ဒီလောက်ဆက်သွယ်ရေးစနစ်တွေကောင်းတဲ့ ခေတ်ကြီးမှာ ဒုချုပ်ကိုယ်တိုင် တိုင်းစစ်ဌာနချုပ်တစ်ခုမှာ နှစ်ပတ်လောက်ဆင်းပြီး ကွပ်ကဲနေတာတော့ သဘာဝမကျဘဲ အရင်ကလည်း ဒါမျိုးအစဉ်အလာ မရှိခဲ့ဖူးဘူး" လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။
‘’ဒါပေမဲ့ တပ်ချုပ်က သီးခြားတာဝန်ပေးရင်တော့မပြောတတ်ဘူး’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ နေပြည်တော်မှာလား မော်လမြိုင်မှာလား ဆိုတာတောင် စစ်ကောင်စီဘက်က ထုတ်မပြောသလို သတင်းဖော်ပြမှုလည်း မရှိပါဘူး။
အထူးသဖြင့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရင်က မပျက်မကွက်တက်ရောက်လေ့ရှိတဲ့ နေပြည်တော် သင်္ကြန် နဲ့ ဧပြီ ၂၂ ရက်က နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာတောင် သူ့ကို မတွေ့ရတော့ပါဘူး။
‘’လူမြင်ကွင်းကို ထွက်ခြင်းမထွက်ခြင်းက အရေးမကြီးပါဘူး။ ကျွန်တော်တို့ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်။ အရေးကြီးတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်လျက်ရှိတယ်’’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက်က ဘီဘီစီကိုပြောပါတယ်။
ဒုချုပ်မတက်ရောက်တဲ့ ဧပြီ ၂၂ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပတဲ့ နေ့မှာပဲ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ ရာထူးကနေ အနားပေးတယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
တပ်ချုပ် ဒုချုပ် ဆက်ဆံရေး

ဓာတ်ပုံ ရင်းမြစ်, cincds
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဆက်ဆံရေး နဲ့ လက်ရှိ တပ်ချုပ်၊ ဒုချုပ် ဆက်ဆံရေးဟာမတူညီကြဘူး လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဆီက အာဏာပြန်သိမ်းခဲ့ပြီး မြန်မာစစ်တပ်သမိုင်းမှာ ဒုချုပ်က တပ်ချုပ်ဆီက အောင်မြင်စွာအာဏာပြန်သိမ်းနိုင်ခဲ့တဲ့ ရှားရှားပါးပါးဖြစ်ရပ် ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ဒုတိယလူကို ချက်ချင်းမခန့်ခဲ့ဘဲ လပေါင်းများစွာကြာအောင် စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ဒုချုပ်မဖြစ်ခင် တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်အေးက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်တွေမှာ ကြိုဆိုရတဲ့အကြောင်း သူကပြောပါတယ်။
‘’နောက်မှ ဦးအေးကို ဒုချုပ်ခန့်တာ။ ခန့်တော့ ဦးခင်ညွန့်ထက် ပရိုတိုကော မြင့်သွားတာပေါ့’’ လို့ သူက ရှင်းပြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့ဒုတိယလူကို စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အဲဒီလိုအခွင့်အရေးမရခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခဲ့တဲ့ အခင်းအကျင်းနဲ့ပဲ နေရတာဖြစ်ပါတယ်။
ဦးသန်းရွှေ နဲ့ ဦးအေး တို့ကြားက ဆက်ဆံရေးကိုမမီပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကြားမှာ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း ပြဿနာကြီးကြီးမားမားတက်တာ မတွေ့ခဲ့ရပါဘူး။
သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရဆီက အာဏာအတူသိမ်းခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
လူတွေအပေါ်သံသယလွန်ကဲတယ်လို့ နီးစပ်သူတွေက ပြောကြတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့ နောက် သူ့ရဲ့ဒုတိယလူကို ယုံကြည်ကြောင်းပြသခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားကို နှစ်ကြိမ်ခရီးထွက်ခဲ့တာက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပေါ် ယုံကြည်ကြောင်းပြသခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လက ပထမအကြိမ်ခရီးထွက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးလို့ လပိုင်းပဲ ကြာသေးတဲ့အချိန်ပါ။
၂၀၂၂ ခုနှစ်မှာလည်း စစ်ခေါင်းဆောင်ဟာ ရုရှားကို နောက်တစ်ကြိမ်ထပ်သွားခဲ့ပါသေးတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒုချုပ်ထက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ပိုအားကိုးတဲ့အကြောင်း နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြပါတယ်။
အရပ်ဖက်၊ စစ်ဖက်ရာထူးနှစ်ခုကိုယူထားတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြပွဲတစ်ခုလည်း ဒီနှစ်ဆန်းပိုင်းက ပြင်ဦးလွင်မှာ ပေါ်ပေါက်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလွှဲပေးဖို့ အမျိုးသားရေးဆရာတော်လို့သိကြတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က သူဦးဆောင်တဲ့ ဆန္ဒပြပွဲတစ်ခုမှာ ထည့်ပြောပါတယ်။
ဒါပေမဲ့ ဒုချုပ်ရဲ့ စိတ်သဘောအရ တပ်ချုပ်ဆီက အာဏာသိမ်းဖို့မဖြစ်နိုင်ဘူး လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ အာဏာသိမ်းပြီးနောက်ဖွဲ့စည်းတဲ့ စစ်ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနီးမှာ အမြဲလိုလိုတွေ့ရတတ်ပါတယ်။
ရာထူးတာဝန် အသီးသီးရယူခဲ့ချိန်ကစလို့ အာဏာသိမ်းပြီးတဲ့အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာ တောက်လျှောက်အဆင်ပြေလာခဲ့ပေမယ့် ၂၀၂၃ အောက်တိုဘာမှာကြုံရတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်စခန်းနဲ့ နယ်မြေအများအပြား ဆုံးရှုံးခဲ့ပြီးနောက်မှာတော့ တပ်ချုပ် နဲ့ ဒုချုပ်ကြား ဆက်ဆံရေးက ပြောင်းလဲသွားနိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
‘’နယ်မြေတွေဆုံးရှုံးတော့ ကက(ကြည်း)က ဖိအားအရမ်းများသွားတယ်။ ဒုချုပ်က စစ်မတိုက်တတ်ဘူးလို့တောင် ဝေဖန်ခံရတယ်။ တပ်ချုပ်ရုံးဘက်ကလည်း ကက(ကြည်း)ကိုတောင်အသိမပေးဘဲ ရှမ်းမြောက်က တပ်မှူးတွေ နဲ့ တိုက်ရိုက်ကွပ်ကဲတာတွေရှိခဲ့တယ်’’ လို့ စစ်ရုံးနဲ့ အဆက်အသွယ်ရှိတဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒုချုပ် ဘာဆက်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစားယူရင် တပ်ချုပ်ဖြစ်လာမယ့်လူလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ဒုချုပ်ရာထူးမှာပဲ ၁၃ နှစ်တောင် ရှိနေပါပြီ။
အာဏာသိမ်းပြီးနောက်မှာ တပ်ချုပ်နဲ့ ဒုချုပ် အငြိမ်းစားယူရမယ့်နှစ်ကို စစ်ခေါင်းဆောင်က ပယ်ဖျက်ထားတာကြောင့် တပ်ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးက အသက်အရွယ်ကြောင့် အငြိမ်းစားယူစရာမလိုတဲ့ အခြေအနေဖြစ်ပါတယ်။
ကျန်းမာရေးအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဒါမဟုတ်ရင် နိုင်ငံရေးရာထူးယူလို့ ဖြစ်ဖြစ် အနားယူမှပဲ တပ်ချုပ်နဲ့ ဒုချုပ် အငြိမ်းစားယူတာ မြင်ရလိမ့်မယ်လို့ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးပါ အတူတူနားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ဆရာဦးသန်းရွှေလို နိုင်ငံရေးကအပြီးတိုင်အနားယူဖို့ ခက်ခဲနေဦးမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
စစ်ကောင်စီကကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတ လုပ်ခဲ့ရင် တပ်ချုပ်ရာထူးက လစ်လပ်သွားမှာဖြစ်ပြီး ဒုချုပ်အတွက် အခွင့်အရေးရှိလာနိုင်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့နေရာဆက်ခံမယ့်လူကို သူကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ခန့်ထားနိုင်မယ့် အခြေအနေရှိနေတယ် လို့ စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။
‘’ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်လုပ်လာတာ ၁၃ နှစ်ရှိပြီ။ ဘယ်သူကဘယ်လိုဆိုတာ သူကောင်းကောင်းသိတယ်။ ဒုချုပ်ရဲ့ အနာဂတ်ကလည်း တပ်ချုပ်သဘောထားအပေါ်မှာပဲ မူတည်နေပါတယ်’’ လို့ သူက သုံးသပ်ပါတယ်။











