မျိုးချစ်ပေါက်ကိုယ်‌တော်က စစ်ခေါင်းဆောင်နုတ်ထွက်ဖို့ပြော

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ပေါက်ကိုယ်တော်

ဓာတ်ပုံ ရင်းမြစ်, ပေါက်ကိုယ်တော််ဖေ့ဘုစ်

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ပေါက်ကိုယ်တော်

အရပ်ဖက်၊ စစ်ဖက်ရာထူးနှစ်ခုကိုယူထားတဲ့ စစ်ခေါင်း‌ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ဆိုပြီး အမျိုးသားရေးဆရာတော်လို့သိကြတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က သူဦးဆောင်တဲ့ ပြင်ဦးလွင်က ဆန္ဒပြပွဲတစ်ခုမှာ ဆော်သြလိုက်ပါတယ်။

လက်ရှိ စစ်ခေါင်းဆောင်တာဝန်ယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုလွှဲပေးဖို့ဆိုပြီး ပေါက်ကိုယ်တော်ကထည့်ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့ မှာလုပ်ခဲ့တဲ့ အမျိုးသားရေးဦးဆောင်သူတွေရဲ့ ဘာသာ၊ သာသနာဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြပွဲပါဝင်သူတွေကို ပေါက်ကိုယ်တော်က ဟောပြောတိုက်တွန်းချိန် အဲဒီလိုထည့်ပြောတာ ဖြစ်ပါတယ်။

Pauk Ko Taw လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ အဲဒီလိုပြောကြားတဲ့ ၂ မိနစ်နဲ့ ၄၃ စက္ကန့်ရှိတဲ့ ရုပ်သံဗီဒီယိုဖိုင်ကို တင်ထားပါတယ်။

ဆန္ဒပြပွဲမှာရှိနေတဲ့သူတွေကိုလည်း သူ့ရဲ့ပြောဆိုချက်ကိုထောက်ခံဖို့တိုက်တွန်းထားတာကို အဲဒီရုပ်သံဖိုင်မှာတွေ့ရပါတယ်။

‘’အရှင်ဘုရားကလည်း ဒါဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဘယ်သူကယူမှာလဲ။ ပေါက်ကိုယ်တော် ရင်ထဲကလာတဲ့စကားကိုပြောမယ်နော်။ ဒုချုပ်ဗိုလ်ချုပ်စိုးဝင်းရှိတယ်လေဗျာ။ မျက်နှာအနေအထားကို ကြည့်လိုက်။ စစ်သားမပီသဘူးလား။ လုပ်ပုံကိုင်ပုံကိုကြည့်လိုက် မကြိုက်ဘူးဘူးလား’’ လို့ မေးခွန်းမေးဟန်နဲ့ ဆော်သြဟောပြောချိန်မှာ စင်အောက်မှာရှိနေတဲ့ အမျိုးသားရေးထောက်ခံသူတွေက ကြိုက်ပါတယ်လို့ အော်ပြီးဖြေကြားကြတာကိုအဲဒီရုပ်သံဖိုင်မှာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ကို ဘုရားဒကာကြီးလို့ ၅ ကြိမ်ထက်မနည်းသုံးစွဲပြောကြားပြီး အရပ်ဘက်တာဝန်ပဲ ယူသင့်တယ်လို့ ဟောပြောခဲ့ပါတယ်။

‘’ဘုရားဒကာကြီး ရဲ့ မျက်နှာကိုကြည့်လိုက်ရင် အရမ်းကျက်သရေရှိတာ။ အမြဲတမ်းပြုံးရွှင်နေတာပဲ။ ဘာဖြစ်ဖြစ် ပြုံးရွှင်နေတာပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရပ်ဘက်နဲ့ဆို အရမ်းလိုက်ဖက်တာပဲ။ အရမ်းလည်း ကြည့်လို့ကောင်းတယ်။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရပ်ဘက်ရာထူးဝန်ကြီးဌာနတစ်နေရာပဲ ပေးလိုက်ရင်မကောင်းဘူးလား’’ လို့ ပေါက်ကိုယ်တော်က စင်အောက်မှာရှိနေတဲ့ ဆန္ဒပြပါဝင်သူတွေကို ဆော်သြမေးခွန်းလည်းထုတ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီလိုဆန္ဒပြပြောဆိုထားတဲ့ ရုပ်သံတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ‘’စိတ်မပူပါနဲ့ အမှန်တရားကို မေတ္တာဖြင့် ပြောပါသည်။ မေတ္တာတရားကို ဒေါသနဲ့ တုံ့ပြန်ရင် ပြုံးပြီးသွားလိုက်မယ်’’ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ မဘသဆိုတဲ့အဖွဲ့ကို စစ်တပ်ကထောက်ပံ့ပေးထားတာဖြစ်လို့ စစ်ခေါင်းဆောင်ရဲ့ အကျပ်အတည်းထွက်ပေါက်အတွက် ဖန်တီးမှုတစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

‘’သဘောက မဘသဆိုတာ တပ်ရဲ့ Support (ထောက်ပံ့မှု) လေ။ တပ်ချုပ်ကို Support လုပ်တာမဟုတ်ဘူး။ တပ်က ဟပေးလို့ ဒီလိုပြောလို့ရတာ။ တပ်ရဲ့ အခင်းအကျင်းတစ်ခုလို့ပဲမြင်တယ်’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်း ၃ နှစ်ရှိလာချိန်မှာ တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ပထမဆုံးအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလဲဖို့ ဆိုပြီး လူသိရှင်ကြားထုတ်ပြောလာတာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်းလာမယ့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ဟာ ကြားဖြတ်အစိုးရအဖွဲ့ပုံစံအသစ်အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ ရှိတယ်လို့ စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့ကြောင့်တပ်ထောက်ခံသူမျိုးချစ်ဆရာတော်တွေရဲ့ ဒီပြောဆိုမှုတွေက ဘာကိုရည်ရွယ်သလဲဆိုတာကိုတော့ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

ဇန်နဝါရီ ၁၆ ရက် ပြင်ဦးလွင်မြို့ ဆန္ဒပြပွဲနေ့ က ဟောပြောနေတဲ့ ‌ပေါက်ကိုယ်တော်( အလယ်)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၆ ရက် ပြင်ဦးလွင်မြို့ ဆန္ဒပြပွဲနေ့ က ဟောပြောနေတဲ့ ‌ပေါက်ကိုယ်တော် (အလယ်)

ကိုးကန့်ဒေသထဲက စေတီငယ်တစ်ဆူကို ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက ထုရိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးပတ်က ထွက်ပေါ်ခဲ့တဲ့နောက် ဒီလို မဘသလို့ အများခေါ်ကြတဲ့ အမျိုးသားရေးလှုပ်ရှားသူ ဦးဆောင်ဆရာတော်တွေရဲ့ ဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်မှု ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို မြို့အများစုမှာလုပ်နေကြတာ တွေ့ရပါတယ်။

ပေါက်ကိုယ်တော်ဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝေဖန်တဲ့ပို့စ်တွေကိုတင်လေ့ရှိပြီး ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုတော့ ချီးကျုးထောက်ခံလေ့ရှိတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်က တင်ထားတဲ့ သူ့ရဲ့ဆိုရှယ်ပို့စ်တစ်ခုမှာ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဓာတ်ပုံနဲ့ ‘’အဲဒါစစ်သားအစစ်။ ခေါင်းဆောင်ကောင်းအစစ်။ အနေအထားကို တချက်ကြည့်လိုက်’’ ဆိုပြီး ရေးသားခဲ့ပါသေးတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ စစ်ရေးအရ အင်အားနည်းနေတဲ့စစ်ကောင်စီက နိုင်ငံတွင်းမှာ ဘာသာရေးမှိုင်းတိုက်မှုတွေကို လုပ်ဆောင်အာရုံလွှဲတာဆိုတဲ့ ဝေဖန်မှုတွေလည်းရှိပါတယ်။

ကိုးကန့်ဒေသတွင်းက ‌စေတီငယ်တစ်ဆူနဲ့ ဆင်းတုငယ်အချို့ကို ကိုးကန့်တပ်သားအချို့က ဖျက်ဆီးနေတဲ့ပုံ ရုပ်သံတွေထွက်ပေါ်လာတဲ့အပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့- မဟနဆရာတော်ကြီးတွေအနေနဲ့ နှုတ်ဆိတ်နေတယ်လို့ အမျိုးသားရေးဦးဆောင်သူဆရာတော်တွေနဲ့ သူတို့ကိုထောက်ခံသူတွေက မဟနဆရာတော်ကြီးတွေကိုဝေဖန်ထားတာကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

ကိုးကန့်တပ် MNDAA ကတော့ စေတီကိုဖျက်ဆီးဖို့ကြိုးစားတဲ့ တပ်သားတစ်ဦးရဲ့ အဲဒီလိုလုပ်ဆောင်မှုအပေါ် တောင်းပန်ကြောင်းနဲ့ ကျူးလွန်သူကိုအပြစ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပေါက်ကိုယ်တော်ကို မဘသဒုတိယမျိုးဆက်အဖြစ် ပြောဆိုလေ့ရှိပြီး မဘသဆရာတော်လို့လူသိများတဲ့ ဦးဝီရသူရဲ့ လက်ရင်းတပည့်အဖြစ်လည်း ပြောဆိုကြပါတယ်။စစ်တပ်နဲ့ စစ်သားတွေကိုထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင်ပြသတဲ့ မဘသဆရာတော်တစ်ပါးအဖြစ် လူသိများပါတယ်။

''လိုအပ်တာကို တပ်ဆင်ပေးပြီး စည်းကမ်းနဲ့ လုပ်ပေးလိုက်ပါ။ အညာသား ပြည်သူ့စစ်တွေ သတ္တိကို သိလာလိုက်မယ်။ ဇိုး လူမိုက်အများစုဟာ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်ကိုမဖျက်ဆီးဘူး။ ဘာသာ၊ သာသနာကို အသက်ထက် တန်ဖိုးထားတယ်'' လို့လည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပြီး စစ်တပ်ကို ထောက်ခံပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ထောက်ပံ့တဲ့ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လေ့ရှိပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ဇာတိဖြစ်တဲ့ ပေါက်ကိုယ်တော်ဟာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က မန္တလေးမှာ သပိတ်စခန်းဖွင့်ပြီး NLD အစိုးရကို ဆန္ဒပြခဲ့တာကြောင့် တခြားမဘသဆရာတော်အချို့နဲ့အတူ အိုးဘိုထောင်မှာ တစ်နှစ်အကျဥ်းချခံခဲ့ရပါတယ်။