မြန်မာပြည်က ကမ္ဘာသိ ဆရာတော် ဦးဝီရသူ

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

၁၉၆၈ မှာ ကျောက်ဆည်မြို့ကလေးမှာ ဖွားမြင်ခဲ့တဲ့ ဆရာတော် ဦးဝီရသူဟာ မွတ်ဆလင် လူနည်းစုအပေါ် ပြောတဲ့ သူ့ရဲ့ ထင်မြင်ချက်တွေကြောင့် မြန်မာပြည်ရဲ့ အစွန်းရောက်ဆုံး ရဟန်းတပါးအဖြစ် လူသိများပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာပြည် အထူးကိုယ်စားလှယ် ယန်ဟီးလီကိုလည်း ရင့်ရင့်သီးသီး တိုင်းထွာ ပြောဆိုခဲ့လို့ အားလုံး အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

အခုလည်း မြန်မာအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက သူ့ကို မေလ ၂၈ ရက်ကတည်းက ဝရမ်းထုတ်ခဲ့ပေမယ့် အဖမ်းခံတာတော့ မတွေ့ရသေးပါဘူး။

line

ဦးဝီရသူ ကောက်ကြောင်း

၈ တန်းထိပညာသင်ခဲ့ဖူးတဲ့ ဦးဝီရသူရဲ့ ငယ်နာမည်က ဝင်းခိုင်ဦး လို့ သိရပါတယ်။ ၁၉၈၅ မှာ သာမဏေ ဖြစ်လာပြီး ၁၉၈၈ မှာ ရဟန်းဘောင်ကို ဝင်ခဲ့ပါတယ်။ ၁၉၉၁ မှာ မြန်မာပြည်မှာ သံဃာအများဆုံး သီတင်းသုံးတဲ့ ကျောင်းတိုက်ကြီး အဖြစ် ထင်ရှားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ကို ရောက်လာခဲ့ပါတယ်။

၁၉၉၉ မှာတော့ မန္တလေး သကျသီဟ စာပြန်ပွဲမှာ ဓမ္မာစရိယတန်းကို ဖြေဆို အောင်မြင်ပြီး အဘိဝံသဘွဲ့ကို ရခဲ့ပါတယ်။ အဲဒီနောက် မှာတော့ မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသလို့ ထင်ရှားလာပါတယ်။

၂ဝဝ၁ မှာ မွတ်ဆလင် ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အမေရိကန်မှာ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရမှုနဲ့ အာဖဂန်နစ္စတန်က ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူကို တာလီဘန်တွေ ဖျက်ဆီးပစ်မှုကြောင့် မြန်မာပြည်ထဲမှာ မွတ်ဆလင်ဆန့်ကျင်ရေးတွေ တိုးပွားလာပါတယ်။

အဲဒီအချိန်ကတည်းကအမျိုးအတွက်ဆို သေရဲတယ်မင်းသုံးပါးစစ်ဆင်ရေးအဆင်သင့်ရှိပါစေမိခင်ရွာက သာသနာ စတဲ့ တရားတွေ ဟောသလို ဝီရသူ (မစိုးရိမ်)၊ အရှင်ဝိစိတ္တ (ကျောက်ဆည်) စတဲ့ကလောင်တွေနဲ့ ဘာသာရေး ဆောင်းပါးတွေ ရေးခဲ့ပါတယ်။

တန့်ကြည့်တောင် ဆရာတော်ရဲ့ ကမ္မဋ္ဌာန်းနည်းကို ရှုတ်ချတဲ့ ထေရဝါဒတိုက်ပွဲ ကစပြီး ထေရဝါဒ တို့တိုင်းပြည် နဲ့ ပရိယတ္တိရွှေချိန်ခွင် စတဲ့စာအုပ်တွေကိုလည်း ရေးခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်က သူဝေငှတဲ့ စာရွက်တွေကြောင့် ကျောက်ဆည်မှာ ဘာသာရေး အဓိကရုဏ်းဖြစ်ပြီး မွတ်ဆလင် မိသားစု တစု သတ်ဖြတ်ခံရတာ ဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။

ဒီလို ရေးသားဟောပြောမှုတွေကြောင့် ၂ဝဝ၃ ခုနှစ်မှာ သူ့ကို ထောင် ၂၅ နှစ် ချခဲ့ပြီး ၂ဝ၁၂ နိုင်ငံရေး အပြောင်းအလဲမှာ ပြန်လည် လွတ်လာခဲ့ပါတယ်။

line

အင်တာနက်မှာ ပေါက်ခဲ့သူ

အစိုးရ ဖြေလျှော့ပေးမှုတွေကြောင့် နိုင်ငံရေး နိုးကြားလာတဲ့ မြန်မာပြည်မှာ ဦးဝီရသူက လူမှုကွန်ရက်က တရားဟောတာတွေ လုပ်ပါတယ်။ ယူကျု ဗီဒီယို ဝက်ဆိုက်က တရားဟောတာတွေ တင်သလို ဖေ့စ်ဘွတ် လူမှု ကွန်ရက်မှာလည်း နောက်လိုက် သောင်းချီ ရှိခဲ့ဖူးပြီး ၂ဝ၁၈ မှာ အပိတ်ခံခဲ့ရပါတယ်။

အခုနောက်ဆုံးထိ ရုရှားက ဗီကေ ဝက်ဆိုက်ကနေ လွှင့်တင်တာတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

screengrab

ဓာတ်ပုံ ရင်းမြစ်, Facebook screengrab

၂ဝ၁၂ ခုနှစ် ရခိုင်မှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေကြား လူမျိုးရေး အဓိကရုဏ်းဖြစ်တဲ့အချိန်မှာတော့ ဦးဝီရသူရဲ့ တရားတွေက လူတွေကြားမှာ ပိုပြီး ထင်ရှားလာခဲ့သလို အငြင်းပွားစရာတွေလည်း ဖြစ်လာပါတယ်။

line

၂ဝ၁၃ ဇူလိုင်လ ၁ ရက် ထုတ် တိုင်းမဂ္ဂဇင်း မျက်နှာဖုံးမှာ သူ့ပုံကို တင်ပြီး ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာစာ လို့ ခေါင်းစီးတပ်ခဲ့ပါတယ်။ ဒီစာစောင် ရောင်းချမှုကိုလည်း မြန်မာပြည်တွင်းမှာ ပိတ်ပင်သလို သီရိလင်္ကာမှာလည်း မဖြန့်ဖို့ တားမြစ်ခဲ့ပါတယ်။

သူ့ကို တိုင်းမဂ္ဂဇင်းက မြန်မာပြည်ရဲ့ ဘင်လာဒင်လို့ ရေးသားခဲ့ပါတယ်။ ဒါကို ဦးဝီရသူက သူ့ကို မွတ်ဆလင်တွေ သုံးတဲ့စကားကို တိုင်းမဂ္ဂဇင်းက မှားယွင်းဖော်ပြတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

Wirathu - Time cover

ဓာတ်ပုံ ရင်းမြစ်, CHRISTOPHE ARCHAMBAULT

သူ့ရဲ့ တရားပွဲတွေမှာ မွတ်ဆလင်နဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ဆန့်ကျင်ဟောပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို တတိယနိုင်ငံတခုကို ရွှေ့ပစ်ဖို့လည်း သူက ထောက်ခံပွဲတွေ လုပ်ပြီး လှုံ့ဆော်ခဲ့ပါတယ်။

မွတ်ဆလင်ဆိုင်တွေမှာ မဝယ်ဖို့၊ ဗုဒ္ဓဘာသာဆိုင်တွေမှာ ၉၆၉ တံဆိပ်တွေ ကပ်ကြဖို့လည်း သူဟောပါတယ်။

မွတ်ဆလင်တွေ ကို လူဦးရေ တိုးနှုန်းများအောင် ကြိုးစားတယ် ဆိုပြီး စွပ်စွဲတိုက်ခိုက်မှုတွေလည်း လုပ်ပါတယ်။ ဒီလို သွေးထိုးဟောပြောမှုတွေနဲ့ လူမျိုးရေး ဘာသာရေး ကွဲပြားမှုတွေ ပိုဆိုးလာအောင် လုပ်ခဲ့ပါတယ်။

မွတ်ဆလင်နဲ့ ယူတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဖိအားပေးပြီး ဘာသာပြောင်းခိုင်းတာတွေ ရှိတဲ့အတွက် ဘာသာခြားနဲ့ ယူတာတွေက ကာကွယ်ပေးမယ့် ဥပဒေရေးဆွဲပေးဖို့ ဦးဝီရသူ ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။ ဒီအတွက် သမ္မတ ဦးသိန်းစိန်လက်ထက်က မျိုးစောင့်ဥပဒေတွေ ပေါ်ထွက်လာတာပါ။

line

ဦးဝီရသူ ကို ဆန့်ကျင်သူ များများ မရှိခဲ့တဲ့ အချိန်

ဒီလို အစွန်းရောက် အမြင်တွေ ရှိပေမယ့် ပစ်မှတ်ထားခံရမှာ စိုးလို့ ၂ဝ၁၅ မတိုင်ခင်တုန်းက မြန်မာပြည်ထဲမှာ ဦးဝီရသူကို ဆန့်ကျင်သူ မရှိသလောက် ဖြစ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ ကိစ္စမှာ သူက ကန့်ကွက်ခဲ့တဲ့ အတွက် လူအများရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။

Wirathu leading a demonstration through Mandalay in support of Thein Sein's plan to deport and resettle ethnic Rohingya's to a third country - 2012

ဓာတ်ပုံ ရင်းမြစ်, DEMOCRATIC VOICE OF BURMA

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတွေကို တတိယနိုင်ငံကို ရွှေ့ပစ်ဖို့ လှုံ့ဆော်
line

ဒီလို ထောက်ခံမှုများတဲ့ ဦးဝီရသူကို ဝေဖန်ရင် ပြန်လည် လက်တုံ့ပြန်တာတွေ ရှိလာမှာ စိုးတဲ့အတွက်လည်း သံဃာအများအပြားက နှုတ်ဆိတ်နေခဲ့ကြပါတယ်။

Controversial Myanmar monk Wirathu (R) attends a meeting of Buddhist monks at a monastery outside Yangon on June 27, 2013. Buddhist monks met in Yangon to discuss a controversial proposal for a nationality law to restrict marriages between Buddhist women and men of other faiths which comes after outbreaks of deadly religious unrest.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ သံဃာတွေနဲ့အတူ
UN Special Rapporteur Yanghee Lee at a news conference in Yangon, Myanmar (21 Jan 2015)

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆဲရေး တိုင်းထွာ စော်ကားခံရတဲ့ ယန်ဟီးလီ

မစိုးရိမ်တိုက်သစ်မှာ သူ ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးမှာလည်း သံဃာ အပါး ၂၅ဝဝ ကျော်တက်ပြီး မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ထောက်ခံခဲ့ကြပါတယ်။

သူ့ကို သံဃာဘယ်လောက်က ထောက်ခံပြီး ဘယ်လောက်က ကန့်ကွက်တယ် ဆိုတာ မသိရပေမယ့် သံဃာတွေကြားမှာ တင်းမာမှု ရှိခဲ့ပါတယ်။

သံဃာတပါးအနေနဲ့ မမိန့်သင့်တဲ့ ကြမ်းတမ်းတဲ့ စကားတွေ သုံးလို့ သူ့ကို ဝေဖန်ခဲ့တဲ့ ဆရာတော်တချို့လည်း ရှိခဲ့ပါတယ်။

ဦးဝီရသူဟာ မြန်မာပြည် ဗုဒ္ဓဘာသာရဲ့ ပုံရိပ်လို ဖြစ်နေတာကို သူတို့က စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေကိစ္စကြောင့် သူနဲ့ မဘသအဖွဲ့ကို ကန့်ကွက်တဲ့ အမျိုးသမီးအဖွဲ့တွေလည်း ရှိခဲ့ပါတယ်။

line

မင်းမနိုင် ဆရာတော်

စစ်အုပ်ချုပ်ရေးခေတ်အပြီး နိုင်ငံတံခါးပွင့်ပြီး ပြုပြင်ရေးတွေ လုပ်လာခဲ့ပေမယ့် ၂ဝ၁၂ နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေကြောင့် ဒီပြုပြင်ရေးတွေ တုံ့နှေးခဲ့ပါတယ်။

ဦးဝီရသူရဲ့ ကျော်ကြားမှုကြောင့် အစိုးရတွေက သူ့ကို မထိန်းချုပ် နိုင်တာလို့လည်း ယူဆကြပါတယ်။ ကြံ့ခိုင်ရေးနဲ့ NLD အစိုးရ နှစ်ဆက်စလုံးလည်း ရိုဟင်ဂျာ ကိစ္စကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာမလှ ဖြစ်ခဲ့ပါတယ်။

Rohingya people collect water from a well near their barracks at Bawdupah's Internally Displaced People camp on the outskirts of Sittwe, Burma, 18 May 2013

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရခိုင် ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာသိန်းချီ ထွက်ပြေးခဲ့ရ

၂ဝ၁၃ မန္တလေးမြို့မှာ ကျင်းပတဲ့ သူ့တရားပွဲ တခုမှာ ဗုံးကွဲလို့ ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါကို မွတ်ဆလင် အစွန်းရောက်တွေက လုပ်တယ်လို့ သူက စွပ်စွဲပါတယ်။

၂ဝ၁၃ မှာ သံဃာ့မဟာနာယကက ၉၆၉ သုံးစွဲမှုကို ပိတ်ပင်တဲ့အခါ မဘသလှုပ်ရှားမှု ပေါ်ပေါက်လာပြီး ဦးဝီရသူနဲ့ ရွာမဆရာတော်တို့ အဓိက ခေါင်းဆောင်ခဲ့ကြပါတယ်။

NLD အစိုးရလက်ထက် ၂ဝ၁၇ မှာတော့ သူ့ကို တနှစ် တရားမဟောဖို့ ပိတ်ပင်ခဲ့သလို မဘသအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

တရားပြန်ဟောခွင့်ရပြီးနောက်လည်း NLD အစိုးရကို တိုက်ခိုက်ပြီး တပ်မတော်ကို ထောက်ခံတဲ့ တရားတွေ ဆက်ဟောခဲ့ပါတယ်။ နောက်ဆုံး ၂ဝ၁၉ မြိတ်မြို့မှာ ဟောတဲ့တရားမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်ကြမ်းတမ်းစွာ ပုတ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်မှာ သူ့ကို တရားစွဲတာ ဖြစ်ခဲ့ပြီး သံဃာ့မဟာနာယကကလည်း သြဝါဒပေးဖို့ ဆင့်ခေါ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, LYNN BO BO

ဓာတ်ပုံ ပုံစာ, တပ်မတော် ထောက်ခံတဲ့ တရားပွဲက ဦးဝီရသူ