တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန် USS Abraham Lincoln စစ်သင်္ဘောအုပ်စု ထိုင်းရောက်

ပတ္တယားမှာ အပန်းဖြေမယ့်စစ်သားတွေအတွက် ကန့်သတ်ချက်တချို့ အမေရိကန်ရေတပ်ဘက်က ကြေညာထားတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကယား (ကရင်နီ) က ခဲသတ္တုတွင်းရှိရာ မော်ချီးမြို့ကို စစ်တပ်ဗုံးကြဲလို့ ကလေးတွေအပါအ၀င် ၆ ဦးသေဆုံး
  • လန်ချဘန်မှာဆိုက်ကပ်ရတာက သင်္ဘောသားတွေနဲ့ မရိန်းတပ်သားတွေအတွက် ကောင်းကောင်း အနားယူအားပြန်ဖြည့်နိုင်မယ့် အခွင့်အရေးလို့ အမေရိကန်ရေတပ်အရာရှိပြော
  • အမေရိကန်စစ်သားတွေရဲ့ အပန်းဖြေခရီးစဉ်ကနေ ထိုင်းဘတ်ငွေ သန်းနဲ့ချီဝင်ငွေရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်း ရုရှားရောက် နေပြည်တော်ဒုသမ္မတ ဆွေးနွေး

    ရုရှားရောက် ဦးညိုစော

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ရုရှားရောက် ဦးညိုစော

    ရုရှားနိုင်ငံမှာလုပ်မယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက်ဖို့ရောက်နေတဲ့ နေပြည်တော် ဒုတိယသမ္မတ ဦးညိုစောက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးအတွက်ဆွေးနွေးခဲ့တယ်လို့ ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

    မနေ့တုန်းက ရုရှားရဲ့ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နဲ့ တွေ့ဆုံချိန်မှာ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ အကောင်အထည်ဖော်ရေးအပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ဖို့အတွက်ပါ ဆွေးနွေးခဲ့ကြပါတယ်။

    အခုလို နေပြည်တော်က ထားဝယ်ရေနက်ဆိပ်ကမ်းမှာစီးပွားရေးလုပ်ဖို့စိုင်းပြင်းလာတာနဲ့အတူ အဲဒီဇုန်အနီးမှာရှိတဲ့အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်စက်တာတွေ ပိုတိုးလုပ်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က သတင်းထုတ်ပြန်ပါတယ်။

    သြဂုတ် ၃၁ ရက်ရက်စွဲနဲ့ထုတ်ပြန်ချက်ထွက်တဲ့အချိန်အထိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) အတွင်း မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားတာတွေနဲ့ တပ်စွဲတာတွေ ဆက်လုပ်နေဆဲလို့ Fortify Rights က ပြောပါတယ်။

    မြန်မာစစ်တပ်ရဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မဟာဗျူဟာအရ အရေးပါတဲ့စီးပွားရေးစီမံကိန်းတွေကို လုံခြုံရေးယူဖို့ တနင်္သာရီတိုင်းထဲက တပ်ဖွဲ့တွေကို ညွှန်ကြားအပြီး သီတင်းပတ်အနည်းငယ်ကစလို့ ထား၀ယ်စီမံကိန်းဆက်စပ်နယ်မြေတွေထဲ စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ လုပ်လာတယ်လို့ ထောက်ပြပါတယ်။

    အထူးသဖြင့် ရေဖြူမြို့နယ်ထဲမှာ အရပ်သားတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့တာလို့ ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ရေဖြူမြို့နယ်ထဲက စစ်တပ်၀င်သွားခဲ့တဲ့ကျေးရွာ တစ်ရွာကနေ လူသားစာနာအကူအညီပေးနေတဲ့ ဒေသခံ လူငယ် ၃ ဦးရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရပါတယ်။

    သြဂုတ်လက ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တည်ဆောက်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

    အခုလည်း နေပြည်တော် ဒုသမ္မတရဲ့အရှေ့ဖျားစီးပွားရေးဖိုရမ်မတိုင်မီ ရုရှားရဲ့ဒုတိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာလည်း ထပ်မံဖိတ်ခေါ်တယ်လို့ နေပြည်တော်ဘက်က ဖော်ပြပေမဲ့ ရုရှားရဲ့ထုတ်ပြန်ချက်မှာတော့ ထားဝယ် SEZ အကြောင်း ထည့်ပြောတာမတွေ့ရပါဘူး။

    ရုရှားဘက်ကတော့ ရဟတ်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ မီးရထားနဲ့ ဆက်စပ်ပစ္စည်းတွေ သုံးဖို့၊ ငါးလုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေးအပါအဝင် ခရီးသွားလုပ်ငန်း ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တာလို့ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

  2. ပြီးခဲ့တဲ့လတုန်းက လေဆိပ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှု ရုရှားလက်ချက်လို့ ဂျာမနီပြော

    သြဂုတ်လ ၄ ရက်တုန်းက လေဆိပ်မှာ ဒရုန်းတွေ့အပြီး ရှင်းလင်းရေးလုပ်နေတဲ့မြင်ကွင်းလို့ဆို၊ ဖောက်ခွဲရေးအကာအကွယ် ၀တ်စုံနက်နဲ့ အလုံမျက်နှာဖုံးတပ်ထားတဲ့အမျိုးသားတစ်ဦး လေယာဉ်ပြေးလမ်းလို့ယူရတဲ့ ကွန်ကရစ်လမ်းပေါ်မှာ မြင်တွေ့ရ၊ သူ့ရှေ့မှာ တစ်ပေခန့်မြင့်တဲ့ အဖြူရောင် ကွန်ကရစ်တုံးရှည်နဲ့ အနောက်မှာ မောင်းသူမဲ့ ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေး ယာဉ်ငယ်ကို မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၄ ရက်တုန်းက လေဆိပ်မှာ ဒရုန်းတွေ့အပြီး ရှင်းလင်းရေးလုပ်နေတဲ့မြင်ကွင်းလို့ဆို

    ဂျာမနီနိုင်ငံ၊ လိုက်ဇစ်မြို့လေဆိပ် ပြီးခဲ့တဲ့လတုန်းက ဒရုန်းနဲ့တိုက်ခိုက်ခံရတာဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဂျာမနီဘက်က ပြောပါတယ်။

    ဖောက်ခွဲရေးပစ္စည်း တင်ဆောင်လာတဲ့ဒရုန်းတစ်စင်းကို ဂျာမနီနိုင်ငံအရှေ့ပိုင်းက လိုက်ဇစ်လေဆိပ်က ယူကရိန်းကုန်တင်လေယာဉ်တွေအနီးမှာ သြဂုတ်လ ၄ ရက်တုန်းက တွေ့ခဲ့တာဖြစ်ပါတယ်။

    ဖောက်ခွဲရေး ခလုတ်ပျက်လို့ မပေါက်ကွဲခဲ့ပေမဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ အနီးနားက ကုန်တင်လေယာဉ်တစ်စင်းကို ဒရုန်းတစ်စင်း ၀င်တိုက်ခဲ့တယ်လို့ ယူဆပါတယ်။ နောက်ထပ် ၁၀ ရက်အကြာမှာလည်း လေဆိပ်အနီးမှာ တတိယမြောက် ဒရုန်းတစ်စင်းကို ထပ်တွေ့ခဲ့တယ်လို့ သတင်းတက်ပါတယ်။

    ဂျာမနီပြည်ထဲရေး၀န်ကြီး အလက်ဇန်းဒါး ဒေါဘရင့်ကတော့ လိုက်ဇစ် လေဆိပ်တိုက်ခိုက်ခံရတာဟာ ‘‘ဥရောပမှာ ရုရှားရဲ့နည်းလမ်းနှစ်သွယ်နဲ့ လုပ်ဆောင်နေတဲ့ပုံစံကို ပြသတယ်’’ လို့ ပြောပြီး ဂျာမနီဟာ နောက်တစ်ကြိမ် ပစ်မှတ် ထားခံရနိုင်တယ်လို့လည်း ယူဆနေပါတယ်။

    ဘာလင်မြို့မှာရှိတဲ့ရုရှားသံရုံးကတော့ ဒီစွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

    ဂျာမနီပြည်ထဲရေး၀န်ကြီးကတော့ ဒရုန်းကို စုံစမ်းစစ်ဆေးကြည့်တာနဲ့ ထောက်လှမ်းရေး တွေ့ရှိချက်တွေအရ ဒီတိုက်ခိုက်မှုမှုမှာ ရုရှားပါ၀င်ပတ်သက်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

    ပြည်ထဲရေး၀န်ကြီးနဲ့အတူ ရပ်ပြီး ဘာလင်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ဂျာမနီ နိုင်ငံခြားရေး၀န်ကြီး ယိုဟန် ၀ါဒါဖူးကတော့ ဘွန်းမြို့မှာ ရှိတဲ့ရုရှားကောင်စစ်၀န်ရုံးကို ပိတ်မိန့်ထုတ်မယ်လို့ပြောသလို ဘာလင်မြို့က ရုရှားယဉ်ကျေးမှုနဲ့သိပ္ပံစင်တာ ဖွင့်ခွင့်ပေးထားတဲ့စာချုပ်ကိုလည်း ရပ်ဆိုင်းတော့မယ်လို့ ပြောပါတယ်။

    ရုရှားနိုင်ငံသားတွေကို ပြည်၀င်ခွင့် တင်းကျပ်သွားမယ်လို့ သူက ကြေညာသလို အနောက်နိုင်ငံတွေရဲ့စီးပွားရေး ပိတ်ဆို့မှုတွေကို ဖိအားပေးဖို့ ရုရှားဘက်က သုံးနေတဲ့ ဆီတင်သင်္ဘောဟောင်းတွေ အရေးကိုလည်း ဖိအားပေးနိုင်အောင် လုပ်မယ်လို့ ဆိုပါတယ်။

    ရုရှားကာကွယ်ရေး၀န်ကြီးဌာနပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာကတော့ မော်စကိုအနေနဲ့ ဂျာမနီရဲ့အစီအမံတွေကို ပြန်ထင်ဟပ်မယ့်တုံ့ပြန်မှုတွေ ပြန်လုပ်မယ်လို့ ပြောပါတယ်။

    ဘာလင်မြို့က ရုရှားသံရုံးကလည်း ရုရှားဘက်က လုပ်မယ့်အခြေအနေတွေဟာ ရုရှားနဲ့ ဂျာမနီကြားက ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။

  3. အမေရိကန်စစ်သား ၅,၀၀၀ နီးပါးလာရောက်အပန်းဖြေမယ့် ပတ္တယားမြို့မြင်ကွင်း

    ပင်လယ်ပြင်မှာ ၂၈၆ ရက်တာဝန်ကျခဲ့တဲ့ အမေရိကန်စစ်သား ၅,၀၀၀ ကျော်လာရောက်အပန်းဖြေမယ့် ပတ္တယားမြို့ရဲ့ စက်တင်ဘာ ၁ ရက်နေ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    “USS Abraham Lincoln” လို့အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောအုပ်စု ချွန်ဘူရီခရိုင်က လန်ချဘန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီနေ့ မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။

    ဒီစစ်သင်္ဘောအုပ်စုမှာ Carrier Strike Group 3 (CSG-3) ဌာနချုပ်အဖွဲ့ဝင်တွေ၊ Carrier Air Wing 9 (CVW-9)၊ Destroyer Squadron 21 (DESRON-21) နဲ့ CVW-9 လေယာဉ်တပ်ဖွဲ့ ကိုးဖွဲ့တို့မှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေပါဝင်လာပါတယ်။

    “လန်ချဘန်မှာဆိုက်ကပ်ရတာက သင်္ဘောသားတွေနဲ့ မရိန်းတပ်သားတွေအတွက် ကောင်းကောင်း အနားယူအားပြန်ဖြည့်နိုင်မယ့် အခွင့်အရေးပါ။ ဒါအပြင် အမေရိကန်နဲ့ ထိုင်းကြားက ခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးကိုလည်း ထင်ဟပ်ပြသနေပါတယ်” လို့ Carrier Strike Group 3ရဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Robert E. Loughran က ပြောပါတယ်။

    စက်တင်ဘာ ၁ ရက်ပတ္တယား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်ပတ္တယား
    စက်တင်ဘာ ၁ ရက်ပတ္တယား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်ပတ္တယား
    စက်တင်ဘာ ၁ ရက်ပတ္တယား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်ပတ္တယား
    စက်တင်ဘာ ၁ ရက်ပတ္တယား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁ ရက်ပတ္တယား
  4. မော်ချီးမြို့ကို စစ်တပ်ဗုံးကြဲလို့ ကလေးတွေအပါအ၀င် ၆ ဦးသေဆုံး

    မော်ချီးလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, IEC

    ဓာတ်ပုံ ပုံစာ, မော်ချီးလေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    ကယား(ကရင်နီ)ပြည်နယ်ထဲ ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်ချီးမြို့ ဘုရားကုန်းတဝိုက်ကို စစ်တပ်က မနေ့ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအ၀င် သေဆုံးသူ ၆ ဦးအထိရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး‌ကောင်စီ(IEC)ကနေ သိရပါတယ်။

    သေဆုံးသူတွေထဲ ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၉ ဦးရှိပြီး ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ IEC ရဲ့အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကိုဗညားက ပြောပါတယ်။

    “၄ နာရီဝန်းကျင်မှာ တိုက်လေယာဉ် နှစ်စင်းနဲ့ နှစ်နေရာကို ဗုံးကြဲခဲ့တာပါ။ တိုက်ပွဲ မရှိပါဘူး” လို့ ကိုဗညားက ပြောပါတယ်။

    ခဲသတ္တုတွင်းတွေရှိရာ မော်ချီးဒေသကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်လက်ထဲကနေ သိမ်းယူခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း မော်ချီးမြို့နဲ့ ကျေးရွာတွေတ၀ိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပြီး အခုနှစ် ဖေဖော်ဝါရီလမှာလည်း မော်ချီးက လိုလော်ထီးရွာကို လေကြောင်းနဲ့ဗုံးကြဲလို့ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

    မြန်မာစစ်တပ်ကတော့ မော်ချီးဒေသကို မနေ့ စက်တင်ဘာလ ၁ ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး ဒီနေ့မနက် ၁၀ နာရီခွဲအချိန်အထိ တစုံတရာ ထုတ်ပြန်ပြောတာ မရှိပါဘူး။

    ပြီးခဲ့တဲ့နှစ်အတွင်း စစ်တပ်က မော်ချီးဒေသကို ဗုံးကြဲမှုတွေဟာ ၂၀၂၅ ပထမ နှစ်၀က်တင် ၁၀ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ IEC က အစောပိုင်းမှာ ပြောထားပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေထဲ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတုန်းက လိုခါလိုရွာက ဆေးရုံနဲ့ လူနေထူထပ်တဲ့ မော်ချီးမိုင်းတွင်းထဲက ၁၆ ကုန်းကို စစ်တပ်က နှစ်ကြိမ်ဗုံးကြဲခဲ့မှုမှာ လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ဒါဟာ မော်ချီးမှာ လူအသေအပျောက်အများဆုံး စစ်တပ် လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

  5. အမေရိကန် လေယာဉ်တင်သင်္ဘော ပတ္တယားကမ်းခြေအနီး ကမ်းကပ်

    ပတ္တယားကမ်းခြေအနီးရောက်လာတဲ့ အမေရိကန်စစ်သင်္ဘော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပတ္တယားကမ်းခြေအနီးရောက်လာတဲ့ အမေရိကန်စစ်သင်္ဘော

    စစ်သားထောင်နဲ့ချီလိုက်ပါလာတဲ့ အမေရိကန်ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော “USS Abraham Lincoln” က ဒီနေ့မနက် ၉ နာရီခန့်မှာ ထိုင်းရဲ့လန်ချဘန်ဆိပ်ကမ်းကို ကမ်းကပ်တော့မယ်လို့ မြေပြင်မှာရှိနေသူတချို့ဆီက သိရပါတယ်။

    နာမည်ကျော်အပန်းဖြေကမ်းခြေ ပတ္တယားရှိတဲ့ ချွန်ဘူရီခရိုင်ထဲက ဆိပ်ကမ်းမှာ ဆိုက်ကပ်တာဖြစ်ပြီး အမေရိကန်ဒီခရီးစဉ်ကနေ ထိုင်းဘတ်ငွေ သန်းနဲ့ချီဝင်ငွေရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။

    ဒါပေမဲ့ အပန်းဖြေမယ့်စစ်သားတွေအတွက် ကန့်သတ်ချက်တချို့လည်း အမေရိကန်ရေတပ်ဘက်က ကြေညာထားပါတယ်။ ပတ္တယားက ဆေးခြောက်အရောင်းဆိုင်တွေကိုသွားခွင့်မရှိသလို လေထီးစီးတာ (paragliding) နဲ့ ရေပြင်ထဲမြန်နှုန်းမြင့်ယာဉ်မောင်းနှင်တာ (jet-skis) လိုပင်လယ်ပြင်အားကစားလုပ်တာတွေကိုလည်း ကန့်သတ်ထားပါတယ်။

    တောင်တရုတ်နဲ့ ပစိဖိတ်ပင်လယ်မှာ တာဝန်ထမ်းဆောင်ဖို့ USS Abraham Lincoln ဟာ မနှစ် နိုဝင်ဘာလတုန်းက ဆန်ဒီယာဂိုကနေ စတင်ထွက်ခွာလာခဲ့ပြီး အမေရိကန်နဲ့အစ္စရေးက အီရန်ကို တိုက်ခိုက်ချိန်မှာ ဟော်မုဇ်ရေလက်ကြားကို သွားရောက်ခဲ့ရပါတယ်။

    စံချိန်တင် ရက်ပေါင်း ၂၅၀ ကျော်ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် သင်္ဘောပေါ်က စစ်သား ၅,၀၀၀ ကျော်အတွက် အစားအသောက်နည်းပါးလာတာ၊ အိမ်သာအသုံးပြုလို့ မရတာတွေ အပါအဝင် စိတ်ကျန်းမာရေးစိုးရိမ်စရာအခြေအနေတွေကို အမေရိကန်လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ကြတဲ့အခြေအနေဖြစ်ပါတယ်။

    အဲဒီနောက်မှာတော့ စက်တင်ဘာ ၂ရက်ကနေ ၆ ရက်အထိ ပတ္တယားမှာ အနားယူကြမှာပါ။ ဗီယက်နမ်စစ်ပွဲကာလတုန်းက အမေရိကန်စစ်သားတွေ လာရောက်အပန်းဖြေအနားယူခဲ့လို့ အေးချမ်းတိတ်ဆိတ်တဲ့ ငါးဖမ်းရွာလေးဟာ ကမ္ဘာကျော်အပန်းဖြေမြို့ “ပတ္တယား” ဆိုပြီး ဖြစ်လာခဲ့ပါတယ်။

    အပန်းဖြေမယ့်စစ်သားတွေ သွားလာနိုင်ရေးအတွက် မနက် ၅ နာရီကနေ နောက်နေ့ မနက် ၂ နာရီအထိ အကြိုအပို့လုပ်ပေးမယ့်ယာဉ်(Shuttle Bus) တွေကို အမေရိကန်ရေတပ်က စီစဉ်ပေးထားတယ်လို့ မြေပြင်မှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် ဂျောနသန်ဟက်က သတင်းပေးပို့ထားပါတယ်။

  6. မင်္ဂလာပါ။

    စက်တင်ဘာလ ၂ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။