ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ - “ဆုံးရှုံးပြီး နာကျင်ခံစားရတာက ကျွန်မတို့အရပ်သားတွေပါ”

ဘီဘီစီမြန်မာပိုင်း နှင့် BBC Asia Pacific Visual Journalism
ဒီဇင်ဘာ ၂၅၊ ၂၀၂၅

သတိပေးချက် - အခုဆောင်းပါးမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်နိုင်သော အကြောင်းအရာတွေ ပါဝင်ပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထက် ၂၇ ဆအထိ ပိုတိုးလာတယ်လို့ ပဋိပက္ခတွေစောင့်ကြည့်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း (ACLED) ရဲ့ စာရင်းက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ဟာ ဒီဇင်ဘာ ၂၈ မှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲမတိုင်မီ သူ့အတွက်အရေးပါတဲ့ဒေသတွေကို ပြန်ရယူဖို့ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာလို့ ACLED က ပြောပါတယ်။ 

လူသေကြေမှုများခဲ့တဲ့ ပူပူနွေးနွေးဖြစ်စဥ်တစ်ခုကတော့ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ခရိုင်ဆေးရုံကို ဗုံးကြဲမှုဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မွေးကင်းစ ကလေးငယ်အပါအဝင် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ပါတယ်။ 

ခိုင်ဓန

ခိုင်ဓန

စစ်တပ်က မြောက်ဦးဆေးရုံကို ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ ဗုံးကြဲတော့ ကိုခိုင်ဓန (အမည်လွှဲ)က ဆေးရုံနဲ့ ပေ ၃၀ အကွာက အဆောင်တစ်ခုထဲမှာ ရှိနေပါတယ်။ အဆောင်ထဲမှာ သူ တရားဖွင့်ပြီး နာယူနေချိန်မှာပဲ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲသံတွေကို သူ ကြားလိုက်ရပါတယ်။ 

“ကျွန်တော် ထွက်ကြည့်လိုက်တော့ ဆေးရုံမှာ လူနာတွေက သေသူသေ ပျောက်သူပျောက်။ အဲဒီနေ့က တွေ့ရမြင်ရတာကတော့ အသေအပျောက် ၃၀ ကျော်လောက်တွေ့ရတယ်” လို့ ကိုခိုင်ဓနက ဘီဘီစီကို ပြောပါတယ်။ 

ဒဏ်ရာရသူတွေကို ကိုခိုင်ဓန ကိုယ်တိုင် သယ်ပိုးပြီး သူ့ကားနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို လိုက်ပို့ခဲ့ပါတယ်။ 

“အကုန်လုံး ဖရိုဖရဲဖြစ်ပြီးတော့ လူတွေလည်း အော်သူအော် ငိုသူငိုပေါ့” 

ဗုံးပြင်းအားကြောင့် ဆေးရုံဝန်းထဲက ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ပင်မခွဲစိတ်ခန်းမနဲ့ ဝန်ထမ်းအိမ်ရာတွေအပါအဝင် အဆောက်အဦ အားလုံးနီးပါးပျက်စီးသွားခဲ့ပါတယ်။ 

မြန်မာစစ်တပ်ကတော့ အာရက္ခတပ်တော် (အေအေ)၊ ဒေသခံ PDF၊  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)နဲ့ အရှိုချင်းတပ်တွေဟာ အဲဒီဆေးရုံကို အသွင်ယူပြီး စစ်စခန်းဖွင့်ထားလို့ တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ 

‘‘AA နှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်းစသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ အခြေပြုစစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် အုပ်ချုပ်မှုကိစ္စများလည်း ဆောင်ရွက်နေကြောင်း သိရသည်။’’ လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် (အေအေ) ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကတော့ စစ်ကော်မရှင်ရဲ့ အခုလိုပြောဆိုမှုကို ပယ်ချခဲ့ပြီး “အရပ်ဘက် ပစ်မှတ်တွေကို မတရားအကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဖြစ်တယ်’’ လို့ တုံ့ပြန်ပါတယ်။ 

“ဒီတိုက်ခိုက်မှုအတွက် စစ်ကော်မရှင် အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်တယ်”
လို့ အေအေ ရဲ့ ဒီဇင်ဘာ ၁၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အာရက္ခတပ်တော် (အေအေ) က မြောက်ဦးမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကတည်းက ထိန်းချုပ်ထားတာပါ။ အဲဒီနောက်ပိုင်းမှာ မြောက်ဦးမြို့နယ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်နေတာလို့ ဆိုပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁၈ ရက်တုန်းကလည်း စစ်တပ်က မြောက်ဦးမြို့နယ်ထဲက ရမ်းချောင်းဖျားရွာကို လေကြောင်းနေ ဗုံးကြဲခဲ့လို့ သေဆုံးသူ ၂၈ ဦးရှိခဲ့ပါတယ်။ 

အဲဒီနေရာဟာ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေအတွင်း ဖမ်းမိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ယာယီ ထိန်းသိမ်းထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ဦးဆေးရုံတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအထဲ မသဇင်(အမည်လွှဲ) ရဲ့ အဘိုးနဲ့အဘွားတို့လည်း ပါဝင်ပါတယ်။ ပေါင် ၅၀၀ ဗုံးကျလာတဲ့အချိန်မှာ မသဇင်ရဲ့အဘိုးအဘွားတွေ ဆေးရုံတက် နေချိန်လည်းဖြစ်ပါတယ်။

တိုက်ခိုက်မှုဖြစ်အပြီး နောက်တစ်နေ့မှာတော့ မသဇင်အပါအဝင် ကျန်ရစ်သူမိသားစုတွေဟာ သေဆုံးသွားသူတွေရဲ့ နာရေးကို ဆေးရုံအနီးနားက အဆောက်အဦတစ်ခုမှာပဲ စုပေါင်းပြုလုပ်ခဲ့ကြရပါတယ်။ 

စျာပနမှာ ကျန်ရစ်သူမိသားစုဝင်အချို့ဟာ ကိုယ့်မိသားစုဝင်တွေရဲ့ နောက်ဆုံးခရီးကို ကောင်းမွန်စွာ မနှုတ်ဆက်နိုင်ခဲ့ကြပါဘူး။ ရုပ်အလောင်းအချို့ဟာ ပုံပျက်နေလို့ ကျန်ရစ်သူ မိသားစုဝင်တွေ မကြည့်ဝံ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဈာပန ပြုလုပ်တဲ့နေရာတစ်ခုလုံးဟာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ရှိုက်ကြီးတငင်ငင် အော်သံ၊ ငိုသံတွေဖုံးလွှမ်းနေခဲ့ပါတယ်။

လူသေဆုံးမှုများ’တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်တိုးလုပ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လုပ်ခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း နယ်မြေတွေ ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ စစ်တပ်က နယ်မြေစိုးမိုးမှု ပြန်ယူဖို့ လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်တိုးလုပ်လာတာ၊ မထမ်းမနေရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်သားသစ် စုဆောင်းတာတွေ ပြုလုပ်လာပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာဆိုရင် စစ်တပ်က သူ့ရဲ့ပစ်မှတ်တွေ ပိုတိကျလာဖို့ နည်းပညာအဆင့်မြင့်တဲ့ ထောက်လှမ်းရေး ဒရုန်းတွေ၊ Spy Ballons စပိုင်ပူဖောင်းတွေကို အသုံးပြုလာတယ်လို့ ACLED အဖွဲ့က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းကဆိုရင် စစ်တပ်ဟာ တရုတ်နဲ့ ရုရှားဆီကနေ စစ်သုံးလက်နက်တွေ ဆက်ပြီးရရှိနေပါတယ်။ အဲဒီထဲမှာ JF-17/B တိုက်လေယာဥ် ၇ စင်း၊ လေကြောင်းတိုက်ခိုက်မှုအတွက်ပါ အသုံးပြုနိုင်တဲ့ FTC-2000 လေ့ကျင့်ရေးလေယာဥ် ၉ စင်းအထိ တရုတ်ဆီက ရရှိထားပါတယ်။ 

“ဒီလို စစ်ရေးအထောက်အပံ့တွေဟာ စစ်တပ်က စီစဉ်ထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲ အတွက် ရရှိထားတဲ့ အဆင့်မြင့် သံတမန်ရေးရာ ကျောထောက်နောက်ခံပေးမှုနဲ့ ဒွန်တွဲနေပါတယ်။ တရုတ်က စစ်ကော်မရှင်ရွေးကောက်ပွဲအတွက် ဘီလီယံချီ တန်ကြေးရှိတဲ့ အထောက်အပံ့ ပေးမယ်လို့ ပြောထားပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လွှတ်မယ်လို့လည်း ပြောထားပါတယ်။ နောက်ပြီး စစ်ကော်မရှင်ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဘေဂျင်းကို ဖိတ်ခေါ်ခဲ့တယ်” လို့ ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာရှိတဲ့ Curtin University က တွဲဖက်ပါမောက္ခ ‌ဒေါက်တာ ထွေးထွေးသိန်းက ပြောပါတယ်။ 

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၅,၇၂၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ACLED ရဲ့ စာရင်းတွေမှာဖော်ပြပါတယ်။ 

“သူ့အတွက်(စစ်တပ်) ပိုပြီး အ‌ရေးကြီးတဲ့နေရာတွေ ဥပမာ ကျောက်ဖြူလို AA နိုင်သွားလို့ လုံးဝမဖြစ်တဲ့ နေရာပေါ့နော်။ အရမ်းပြဿနာရှိတဲ့နေရာ၊ အဲဒီလိုနေရာမျိုးတွေကို ပိုပြီးတော့မှ ပစ်မှတ်ထားနေတယ်လို့ ကျွန်မတို့မြင်တယ်” လို့ ACLED အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဌာန၊ အကြီးတန်းလေ့လာစောင့်ကြည့်သူ မဆုမွန်က ဘီဘီစီကို ပြောပါတယ်။ 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာလအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၄၃၁ ကြိမ် လုပ်ခဲ့တယ်လို့ ACLED က မှတ်တမ်းတင်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ထက် လေကြောင်းတိုက်ခိုက်မှု ၄၄ ရာခိုင်နှုန်း ပိုလုပ်လာတာလို့ ACLED က ပြောပါတယ်။ ACLED အဖွဲ့ဟာ ကမ္ဘာပေါ်က ပဋိပက္ခတွေအတွင်း တိုက်လေယာဥ်တွေ၊ ဒရုန်းတိုက်ခိုက်မှုတွေကို အလွတ်တန်းစိစစ်မှုတွေ၊ ဘီဘီစီအပါအဝင် သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အခြေခံပြီး စောင့်ကြည့်၊ အချက်အလက်စုဆောင်းနေတဲ့ သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။ 

နောက်ထပ် မြန်မာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃,၀၅၀ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါဟာ ACLED ရဲ့ အချက်အလက်ထက် အနည်းငယ်ပိုများပါတယ်။ 

ISP က သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေ၊ မြေပြင်သတင်းအရင်းအမြစ်တွေနဲ့ တန်ပြန်စိစစ်မှုတွေကနေ အချက်အလက်တွေကို လစဉ် စုဆောင်းပါတယ်။ စစ်တပ်ရဲ့ ဂျက်ဖိုက်တာ၊ ပါရာမော်တာအပါအဝင် တခြားလေယာဉ်အမျိုးအစားတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အောက်ပါဇယားမှာ ခွဲခြားပြသထားပါတယ်။ 

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရမှု အများဆုံးဖြစ်တဲ့ ဒေသတွေဖြစ်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ‘‘လူသေကြေမှုမြင့်မား’’တဲ့ဖြစ်စဥ်တွေ ရှိလာပါတယ်။ လူ ၁၀ ဦးကျော် ထိခိုက်သေဆုံးတဲ့ လူသေကြေမှုများတဲ့ဖြစ်စဉ် ၃၈ ခု ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ လူ ၁,၃၁၂ ဦးသေဆုံးခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကာလတူနဲ့နှိုင်းယှဥ်ရင် လူသေဆုံးမှု ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နှစ်ခုဟာ ဒီဇင်ဘာလထဲမှာပဲ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်တွေကတော့ စစ်ကိုင်းတိုင်းက ဒီပဲယင်းနဲ့ ရခိုင်ပြည်နယ်က မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုတွေပါ။ 

သေဆုံးသူတွေအထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ကျန်ရစ်သူတွေအဖို့ ပူဆွေးသောကတွေက အဆုံးမသတ်နိုင်အောင် ဖြစ်ရတဲ့အထိပါ။

သူတို့ တစ်ယောက်ချင်းစီမှာ မမေ့နိုင်စရာဖြစ်ရပ်တွေ ရှိနေပါတယ်။ 

မသဇင်(မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်) 

မသဇင်တစ်ယောက် သူ့အဘိုးအဘွားတွေဆုံးပါးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို မျက်စိထဲကနေ မဖျောက်နိုင်သေးပါဘူး။

ဗုံးကျလာတဲ့အချိန်မှာ မသဇင်ဟာ သူ့အဘိုး၊ အဘွားတွေကို ဆေးရုံမှာ ပြုစုပေးနေတာပါ။ သူ အသက်မသေဘဲ လွတ်မြောက်ခဲ့ပေမဲ့ ဗုံးအားက ပြင်းလွန်းလို့ မသဇင်ဟာ ပေအနည်းငယ်အထိ လွင့်ထွက်သွားခဲ့ပါတယ်။  

မသဇင်

မသဇင်

ဗုံးကျတဲ့ညမှာ ကယ်ထုတ်ခံခဲ့ရပြီးတဲ့နောက်နေ့မှာပဲ အဘိုးအဘွားတွေကို နောက်ဆုံးနှုတ်ဆက်ဖို့ စုပေါင်းစျာပန ပြုလုပ်တဲ့နေရာကို သူ လာခဲ့ပါတယ်။ 

“ကျွန်မ အရမ်းဝမ်းနည်းရပါတယ်။ ကျွန်မမြင်တာတော့ သူတို့ကအရပ်သားတွေကိုပဲ သတ်ဖြတ်နေတာ”
လို့ သူ့ နာကျင်ခံစားရမှုတွေကို မသဇင်က ပြောပါတယ်။ 

“ကျွန်မ သာမန်အရပ်သားပြည်သူတစ်ယောက်ပါ။ စစ်တပ်က ပြည်သူလူထုကိုချည်းပဲ သတ်နေတာလို့ မြင်ပါတယ်။ ဆေးရုံဆေးခန်းမှာ အေအေတပ်သားတွေနေတာမှ မဟုတ်တာ။ ရွာမှာလည်း အေအေတပ်ဖွဲ့တွေ မနေဘူး” 

မနီလာ (မိုးကုတ်မြို့၊ မန္တလေး)

၂၀၂၅၊ သြဂုတ်လ ၁၄ ရက်က မိခင်ဖြစ်သူ သူ့မျက်စိရှေ့တင် ဗုံးထိမှန်ပြီး သေဆုံးခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ မနီလာ(အမည်လွှဲ) အတွက်လည်း နာကျင်ခံစားရမှုတွေအပြည့်ပါ။

‘‘အမေက ခြင်ထောင် ထထောင်နေတဲ့အချိန် ဗုံးထိသွားတာပဲ’’ လို့ မနီလာက သူ့ရှေ့မှာ သူ့ မိခင်ဗုံးထိခဲ့တဲ့ အခြေအနေကို တုန်တုန်ရီရီနဲ့ ပြန်ပြောပြပါတယ်။ 

ဗုံးကျလာပြီးတဲ့နောက် ဖြစ်တဲ့ပြင်းအားကြောင့် မနီလာရဲ့ အမေဖြစ်သူဟာ မနီလာ ကိုယ်ပေါ်ကို မှောက်ခုံအနေအထားနဲ့ ပုံလျက်သား လဲကျခဲ့ပါတယ်။ အမေရဲ့ကိုယ်လုံးဖိအားကြောင့် ခဏလောက် မနီလာ လှုပ်မရဖြစ်ခဲ့ပါတယ်။

“မည်းမည်းမှောင်နေတာ့ အမေ ထိသွားတာကို မသိခဲ့ဘူး။အမေ့ကို စကားတွေပြောနေခဲ့သေးတယ်” လို့ မနီလာ က ပြောပါတယ်။ 

“အမေ ... အမေ” ဆိုတော့ အမေက “အွန်း...” တဲ့။ 

“အဲဒီတစ်ခွန်းပဲ ကြားတယ်။ ပြီးတော့ သတိလစ်သွားတာ။အမေ့ကို စမ်းကြည့်ကိုင်ကြည့်တော့ လက်က စိုစိစိဖြစ်နေတယ်။ အမေ သွေးထွက်နေပြီလို့ ကျွန်မ သိလိုက်တယ်’’ လို့ မနီလာက ပြောပါတယ်။ 

သူ့မိခင် ဒေါ်နုနုကို ဆေးရုံ ပို့ဖို့လုပ်ပေမဲ့ ဒဏ်ရာက ပြင်းထန်လွန်းလို့ ဗုံးစထိပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ မနီလာတို့မိသားစုက မိုးကုတ်မြို့၊ ရွှေကူရပ်ကွက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးမှာ နေထိုင်ကြသူတွေပါ။

ဩဂုတ် ၁၄ က မိုးကုတ်မြို့နယ်ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ

ဩဂုတ် ၁၄ က မိုးကုတ်မြို့နယ်ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ

မိုးကုတ်မြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက ထိန်းချုပ်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ကတော့ ဒီဗုံးကြဲမှုမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ 

“အဖေက ကျွန်မ ငယ်ငယ်ကတည်းက ဆုံးသွားတာ။ အားကိုးစရာ အမေပဲ ကျန်ပါတယ်ဆို၊ အခု အားကိုးရမယ့်သူ ဘယ်သူမှ မကျန်တော့ဘူး”  

“အခုပြောနေရင်း နဲ့ အမေ့ကို သတိရတယ်။ ဝမ်းနည်းတယ်’’လို့ဆိုရင်း မနီလာက ငိုပါတယ်။

‘‘အမေက မြေးတွေနဲ့လည်း အမြဲစနောက်နေတာ။ ပျော်စရာအချိန်တွေပဲ ပြန်တွေးတိုင်း အမေ့ကို ပြန်လိုချင်တယ်”

ကမ္ဘာပျက်သလိုခံစားနေရပေမယ့် ရှေ့ဆက်ရမှာပဲလို့ မနီလာက ပြောပါတယ်။

“ကိုယ်ပြိုလဲလို့မရဘူး။ ရှေ့ဆက်ရမယ်”၊ “ကိုယ်ငိုနေလို့ အမေ့ကို ပြန်မှ မရနိုင်တော့တာ” 

ဒေါ်ရီရီ (မော်ချီးမြို့၊ ကယား/ကရင်နီ)

‘‘ဗုံးကြောင့် သမီးရဲ့လက်တစ်ဖက် ပါသွားတယ်။ ခြေထောက်မှာဆိုလည်း အရိုးစကိုတောင် မြင်ရတဲ့အထိပဲ’’ လို့ အသက် ၄၄ နှစ်အရွယ် ဒေါ်ရီရီ(အမည်လွှဲ)က သူနေတဲ့ မော်ချီးက ၁၆ ကုန်းနေရာကို ဗုံးကြဲခံရမှုကို ပြန်ပြောပြပါတယ်။ 

သွေးတွေလည်း အနှံ့ပဲ။ လက်တစ်ဖက်ဆို ပြုတ်ထွက်သွားတော့မလိုဖြစ်သွားတယ်။ ဗုံးစတွေ မှန်လို့ ပေါင်မှာရော၊ ကျောမှာရော အပေါက်တွေဖြစ်ကုန်တယ်။ ခြေထောက်က ပွင့်သွားတဲ့ဒဏ်ရာက အကြီးဆုံးပဲ’’

လေကြောင်းလာတဲ့ အချိန်မှာ ဒေါ်ရီရီရဲ့ သမီး အသက် ၁၉ နှစ်အရွယ် မမော်(အမည်လွှဲ)က  အမေဖြစ်သူက သူ့ကို စောင့်နေတဲ့ ဗုံးခိုကျင်းထဲကို သွားဖို့လုပ်နေချိန်မှာပဲ လေယာဥ်နဲ့ကြဲတဲ့ဗုံးစမှန်ခဲ့တာဖြစ်ပါတယ်။ 

မမော်တစ်ယောက် အသက်မသေခဲ့ပါဘူး။ ဒါပေမဲ့ အရင်တုန်းကလို လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။ ဒီအပေါ် အားမလို အားမရဖြစ်ပြီး တစ်ခါတလေ မမော် ငိုမိပါတယ်။ 

‘‘သမီးက ပြောတယ်။ အခုဆို ဘာလုပ်လုပ် လက်တစ်ဖက်တည်းကိုပဲ သုံးနိုင်တော့တယ်တဲ့။ ဒီလိုပြောတော့ ကျွန်မ ရင်ထဲ မချိဘူး။ အဲဒီနေ့ဟာ ဘဝမှာ ရင်အနာရဆုံးနေ့ပါပဲ’’ လို့ ဒေါ်ရီရီ က ပြောပါတယ်။

မော်ချီးကို စစ်တပ်က ဗုံးကြဲမှုဟာ ကရင်နီမှာ ကာလရှည် တိုင်းရင်းသားလက်နက်ကိုင်တပ် တစ်ခုဖြစ်တဲ့ ကရင်နီတပ်မတော်(KA) ဖွဲ့စည်း တည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

စစ်တပ်က ဩဂုတ် ၁၇ ရက်မှာ ကယား (ကရင်နီဒေသ)က မော်ချီးသတ္ထုတွင်းက ၁၆ ကုန်းရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း

စစ်တပ်က ဩဂုတ် ၁၇ ရက်မှာ ကယား (ကရင်နီဒေသ)က မော်ချီးသတ္ထုတွင်းက ၁၆ ကုန်းရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း

ကရင်နီတပ်မတော်(KA)ရဲ့ နိုင်ငံရေးအဖွဲ့ KNPP လည်းပါဝင်တဲ့ အုပ်ချုပ်ရေးကောင်စီ(IEC)ကတော့ လိုခါလိုရွာက ဆေးရုံနဲ့ လူနေထူထပ်တဲ့ မော်ချီးမိုင်းတွင်းထဲက ၁၆ ကုန်းကို သြဂုတ်လက စစ်တပ်က နှစ်ကြိမ်ဗုံးကြဲခဲ့မှုမှာ လူ ၃၀ ကျော် သေဆုံးတယ်လို့ ပြောပါတယ်။ 

၂၀၂၅ ခုနှစ် ပထမခြောက်လမှာတင် စစ်တပ်က မော်ချီးတစ်ခုတည်းကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ IEC ကပြောပါတယ်။

ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်အပြီးမှာ စစ်သားတွေက မော်ချီးမိုင်းတွင်းကနေ တပ်ဆုတ်သွားတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက မော်ချီးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကတည်းက သိမ်းထားတာဖြစ်ပါတယ်။ 

ကိုဇေယျာ (မရကန်ရွာ၊ ဒီပဲယင်း၊ စစ်ကိုင်း)

ဒီပဲယင်းမြို့နယ်ထဲက မရကန်ရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ဒီဇင်ဘာ ၅ ရက် ဗုံးကျတော့ ကိုဇေယျာ တစ်ယောက် လက်ဖက်ရည်ဆိုင်နဲ့ ပေ ၂၀၀ လောက်မှာ ရောက်နေခဲ့ပါတယ်။ 

အဲဒီနေ့ ညနေက မရကန်ရွာ လက်ဖက်ရည်ဆိုင်ထဲ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ့ရဲ့ အုပ်စုအဆင့်မှာ မြန်မာအမျိုးသမီးအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဥ်ပြိုင်ကစားပွဲရှိလို့ လူစည်ပါတယ်။ စုစုပေါင်း လူ ၅၀ လောက် လက်ဖက်ရည်ဆိုင်ထဲမှာ ရှိနေခဲ့ပြီး ဒီဇင်ဘာ ၅ ရက် တိုက်ခိုက်မှုမှာ သူတို့ထဲက တဝက်နီးပါးသေဆုံးခဲ့ပါတယ်။ 

အနီးနားမှာ တိုက်လေယာဥ်ပျံနေတဲ့အသံ ကြားနေတယ်လို့ လေကြောင်းသတိပေးချက် ကြေညာချက်ကြောင့် ဗုံးကျ ပေါက်ကွဲမှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာပဲ ကိုဇေယျာ လူအုပ်ထဲကနေ ထွက်ခဲ့တာဖြစ်ပါတယ်။ သူ အသက်ရှင် လွတ်မြောက်ခဲ့ပေမဲ့ သူ့ဦးလေးကတော့ လက်ဖက်ရည်ဆိုင်ထဲမှာပဲ ဆုံးပါးခဲ့ပါတယ်။

“အလောင်းတွေက ပုံနေရော။ ရုတ်တရက် ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် လူက ကြက်သေသေသွားတယ်။ အလောင်းတွေကို ဆွဲထုတ်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်အပျက်အစီးတွေအောက်မှာ ဦးလေး (အလောင်း) ကို  ပြန်တွေ့ခဲ့ရတယ်။ ကျွန်တော် ဖြေမဆည်နိုင်ဖြစ်ရတယ်’’ လို့ ကိုဇေယျာက ပြောပါတယ်။

ကမ္ဘာပျက်သွားသလိုပါပဲ’’

ခေါင်းပေါ်လေယာဥ်ဖြတ်ပျံသွားတဲ့အခိုက်အတန့်ဟာ ကိုဇေယျာအတွက် ကြက်သီးထစေခဲ့တဲ့စက္ကန့်ပိုင်းတွေ ဖြစ်ခဲ့ပါတယ်။ ငိုသံတွေ အော်သံတွေကြားမှာ သူ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ခဲ့ပါတယ်။

ဒဏ်ရာရသူအချို့ကလည်း ‘‘ကယ်ကြပါ။ ကျွန်တော် ထိသွားပြီ … ကျေးဇူးပြုပြီး ကယ်ကြပါဦး’’ လို့ အော်ဟစ်ပြီး အကူအညီတောင်းနေပါတယ်။ 

စစ်တပ်ရဲ့ဗုံးကြဲမှုကြောင့် အဲဒီလက်ဖက်ရည်ဆိုင်အပြင် ရွာထဲက အိမ် အလုံး ၃၀ လောက် ပျက်စီးခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ရွာလေးရွာ နဲ့ ဒီပဲယင်းမြို့နယ်က လက်ဖက်ရည်ဆိုင်တွေဟာ ဒီဇင်ဘာ ၅ ရက်က စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင်း အကြီးစားထိခိုက်ပျက်စီးခဲ့

စစ်ကိုင်းတိုင်းထဲက ရွာလေးရွာ နဲ့ ဒီပဲယင်းမြို့နယ်က လက်ဖက်ရည်ဆိုင်တွေဟာ ဒီဇင်ဘာ ၅ ရက်က စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင်း အကြီးစားထိခိုက်ပျက်စီးခဲ့

တိုက်ခိုက်မှုဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ကိုဇေယျာနဲ့ သူ့သူငယ်ချင်းတွေ ဗုံးကျတဲ့နေရာကို သွားကြည့်ခဲ့ကြပါတယ်။ အားလုံး စိတ်နှလုံးမသာမယာဖြစ်ခဲ့ကြရပြီး သူ့ သူငယ်ချင်းတချို့ စိတ်ထိခိုက်လို့ အိပ်ယာထဲက မထွက်နိုင်ဖြစ်ခဲ့ကြတဲ့အထိပါ။ 

‘‘ဒီဖြစ်ရပ်တိုင်ခင်မှာ စစ်တပ် ထောက်လှမ်းရေးဒရုန်းတွေနဲ့ မိုးပျံပူဖောင်းတွေ ကျွန်တော်တို့ ခေါင်းပေါ် ပျံခဲ့တာရှိတယ်။ လူစုစု ဘယ်နားဖြစ်နေလဲဆိုတာ သူတို့သိတယ်။ လူများများသေအောင် ဗုံးအားပြင်းပြင်းကို ရည်ရွယ်ချက်ရှိရှိ ကြဲချခဲ့တာ။’’ 

စစ်တပ်ရဲ့ ပစ်မှတ်တွေ

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်တွေ၊ အဲဒီတပ်တွေအတွက် အထောက်အပံ့ဖြစ်စေမယ့်နေရာတွေ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနေရာတွေနဲ့ အရပ်သားနေရာတွေကို တိုက်ခိုက်ပါတယ်။

‘’ပြစ်ဒဏ်ခတ်တဲ့သဘောမျိုး’’ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာလို့ ACLED ရဲ့ အာရှ-ပစိဖိတ်ဌာန၊ အကြီးတန်းလေ့လာစောင့်ကြည့်သူ မဆုမွန်က ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဝင်ငွေလမ်းကြောင်းဖြစ်စေတဲ့ မိုင်းတွင်းလို နေရာတွေကို လေကြောင်းတိုက်ခိုက်တာ ပိုလုပ်လာတယ်ဆိုတာကို ACLED က တွေ့ရှိပါတယ်။

မိုးကုတ်က ကျောက်မျက်တူးဖော်မှုအများဆုံးရှိတဲ့နေရာဖြစ်သလို တအာင်းတပ် (TNLA) ရဲ့ ဝင်ငွေရလမ်းလည်း ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ ကမ္ဘာကျော်ပတ္တမြားတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပတ္တမြားမြေလို့ ခေါ်ကြတဲ့မိုးကုတ်မြို့က ထွက်ရှိတယ်လို့ သဘာဝအရင်းအမြစ် ထုတ်ယူမှုတွေကိုစောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Witness က ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အတွင်း မိုးကုတ်မြို့မှာ ကျောက်မျက်ရတနာထုတ်ယူမှု တန်ဖိုး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အထိ ရှိတယ်လို့ နိုင်ငံတကာ သဘာဝအရင်းအမြစ်အလွဲသုံးစားလုပ်မှုတွေကို စောင့်ကြည့်နေတဲ့ Global Witness အဖွဲ့က အစီရင်ခံထားပါတယ်။

၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အတွင်း မိုးကုတ်မြို့မှာ ကျောက်မျက်ရတနာထုတ်ယူမှု တန်ဖိုး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အထိ ရှိတယ်လို့ နိုင်ငံတကာ သဘာဝအရင်းအမြစ်အလွဲသုံးစားလုပ်မှုတွေကို စောင့်ကြည့်နေတဲ့ Global Witness အဖွဲ့က အစီရင်ခံထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြုံရပြီးတဲ့နောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာတော့ TNLA က စစ်တပ်နဲ့အပစ်ရပ်ကြောင်း ကြေညာပါတယ်။ အဲဒီနောက် သူ့ရဲ့တပ်တွေကိုလည်း မိုးကုတ်ကနေ ပြန်ရုပ်သိမ်းပါတယ်။ 

တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ သင်တန်းဆင်းပွဲ (ပုံဟောင်း) (Getty Images)

တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ သင်တန်းဆင်းပွဲ (ပုံဟောင်း) (Getty Images)

‘‘စစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေက အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေနဲ့ အရပ်သားတွေကို တမင်ပစ်မှတ်ထားတာ အခုနှစ်အစောပိုင်းကစလို့ ပြုလုပ်ပါတယ်။ အဲဒီအစုအဖွဲ့တွေ အပစ်ရပ်လာအောင်နဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာ တော်လှန်ရေးအင်အားစုတွေ အင်အားချိနဲ့အောင် လုပ်ဆောင်တာလို့လည်း ပြောနိုင်ပါတယ်’’ လို့ ACLED ရဲ့ အာရှ-ပစိဖိတ်ဌာန၊ အကြီးတန်းလေ့လာစောင့်ကြည့်သူ မဆုမွန်က ပြောပါတယ်။

မိုးကုတ်လိုပဲ မော်ချီးဒေသဟာလည်း သတ္တုတွေ တူးဖော်နေတာ နှစ်ပေါင်း ၂၀၀ ကျော်ပါပြီ။ ၂၀၁၅ ခုနှစ်မှာ မော်ချီးသတ္တုတွင်းဒေသကနေထွက်တဲ့ ခဲမဖြူနဲ့ အဖြိုက်နက်ဟာ တန် ၂၀၀ နီးပါးရှိတယ်လို့ Kayah Earthrights Action Network ကပြောပါတယ်။ 

စစ်တပ်က မော်ချီးကနေ ဆုတ်ခွာသွားတာကြောင့် မော်ချီးသတ္တုတွင်းကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကတည်းက ဖြစ်ပါတယ်။ 

တဖက်မှာလည်း ဒီပဲယင်းနဲ့ မြောက်ဦးတို့ဟာ စစ်တပ်ကို တော်လှန်သူတွေ အခိုင်အမာ ခြေကုတ်ယူထားရာနေရာဖြစ်ပါတယ်။

ဒီပဲယင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အုပ်ချုပ်တဲ့ နယ်မြေဖြစ်ပြီး မြောက်ဦးကိုတော့ အာရက္ခတပ်တော်(အေအေ)က စစ်တပ်လက်ထဲကနေ သိမ်းထားပါတယ်။ မဆုမွန်ကတော့ ဒီနယ်မြေတွေဟာ ‘‘ဗျူဟာကျတဲ့နယ်မြေတွေ’’ လို့ သုံးပါတယ်။ 

ဒီပဲယင်းမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကို မဲထည့်ခဲ့ကြတဲ့နယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်၊ မေလတုန်းက ဒေါ်အောင်ဆန်းစုကြည်ပါလာတဲ့ ယာဥ်တန်းကို လူအုပ်စုတစ်စုက ပိတ်ဆို့တိုက်ခိုက်မှုဖြစ်လို့ လူဒါဇင်ချီ သေဆုံးမှုဖြစ်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။  

စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်လို့ နေအိမ်သုံးလုံး လုံးဝပျက်စီးခဲ့ပြီး၊ စပါးခင်းတွေပျက်စီးခဲ့လို့ ဒေသခံတွေ မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း (ပုံဟောင်း)

စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်လို့ နေအိမ်သုံးလုံး လုံးဝပျက်စီးခဲ့ပြီး၊ စပါးခင်းတွေပျက်စီးခဲ့လို့ ဒေသခံတွေ မီးငြှိမ်းသတ်နေတဲ့ မြင်ကွင်း (ပုံဟောင်း)

၂၀၂၅ ခုနှစ်၊ မေလမှာ စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲက အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၂၀ ဦးဟာ ကျောင်းမှာစာသင်နေတဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။

အေအေ ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ထဲမှာလည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲမှာ အကြိမ်ကြိမ်ဗုံးကြဲခံရလို့ လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်လကလည်း မြောက်ဦးမြို့နယ်ထဲကို ဗုံးကြဲလို့ ၃ နှစ်အရွယ်ကလေး တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

မြောက်ဦးမြို့နယ်ဟာ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အာရက္ခတပ်တော် (AA)ရဲ့ ရခိုင်ဒေသ အုပ်ချုပ်ရေးမှာ မြောက်ဦးဟာ ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်ပေးတဲ့ အခရာကျတဲ့ မြို့ဖြစ်နေပါတယ်။

မြောက်ဦးမြို့ရဲ့ အ‌ရှေ့ဘက်မှာ ရခိုင်တောင်တန်းတွေ ရှိပြီး မြောက်ဘက်မှာ ချင်းတောင်တန်းတွေတည်ရှိတာကြောင့် အေအေ အတွက် တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးပတ်ဝန်းကျင်နေရာတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။

‘‘စစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အထူးသဖြင့် အာရက္ခတပ်တော်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ သူတို့ စစ်သားတွေ ကျဆုံးတိုင်း၊ ရှေ့တန်းမှာ ရှုံးနိမ့်တိုင်းမှာ အခုဆေးရုံလို အရပ်သားနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဒါဟာ သူတို့ရဲ့ဗျူဟာတစ်ခုတောင် ဖြစ်လာနေပါတယ်’’လို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ နေရာလေးခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေအကြောင်းကိုရော အခုလို လူသေကြေမှုများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာမှုတွေအကြောင်းကိုပါ ဘီဘီစီက စစ်ကော်မရှင်ရဲ့ တုံ့ပြန်ချက်ရဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ 

မြောက်ဦးဆေးရုံ

မြောက်ဦးဆေးရုံ

အုပ်စိုးမှု တရားဝင်ဖြစ်ကြောင်း သက်သေပြဖို့

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတိုးလုပ်တဲ့နေရာတွေဟာ ရွေးကောက်ပွဲ ကျင်းပခါနီး ဆုံးရှုံးနယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုနဲ့လည်း ဆက်နွှယ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ ပိုများလေလေ၊ ရွေးကောက်ပွဲ မဲပေးမှုရဲ့ ခိုင်မာယုံကြည်နိုင်မှုကို မေးခွန်းထုတ်စရာကောင်းလေလေ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ‘‘နိုင်ငံကို ဆက်ပြီး အုပ်စိုးမယ့်သူဖြစ်တယ်ဆိုတာကို တရားဝင်အောင်လုပ်ဖို့ဖြစ်တယ်’’ လို့ သြစတြေးလျ၊ Curtin University က တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းက ကောက်ချက်ချပါတယ်။

မတ်လ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့မှာ စစ်ချီတက်နေတဲ့ မြင်ကွင်း (Getty Images)

မတ်လ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့မှာ စစ်ချီတက်နေတဲ့ မြင်ကွင်း (Getty Images)

‘‘စစ်ခေါင်းဆောင်အစုအဖွဲ့ဟာ ပြည်တွင်းစစ်မီးတောက်နေချိန်မှာ သူတို့ရဲ့ တရားဝင်မှု ထွက်လာအောင်လုပ်ဖို့ ကြိုးစားတဲ့ ရွေးကောက်ပွဲပါပဲ’’

‘‘ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ လုပ်ငန်းစဥ်တစ်ရပ်မဟုတ်ဘူး’’ လို့ ဒေါက်တာထွေးထွေးသိန်းက ပြောပါတယ်။ 

 ‘ဒီရွေးကောက်ပွဲဟာ ပဋိပက္ခကို အဆုံးသတ်စေမှာမဟုတ်ပါဘူး။ ရှုံးနေတဲ့စစ်အုပ်စုအတွက် အချိန်ဆွဲဆန့်နိုင်အောင် ဖန်တီးထားတဲ့ရွေးကောက်ပွဲပါ’’

နိုင်ငံတကာနဲ့ လူထုရဲ့ ကန့်ကွက် ဝေဖန်သံတွေကြားကနေပဲ စစ်တပ်ဟာ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၇၀ ကျော်မှာ နိုင်ငံရေးပါတီ ၅၇ ပါတီက ကိုယ်စားလှယ်လောင်း ၅,၀၀၀ နီးပါး ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

‘‘ရွေးကောက်ပွဲကို ဝေဖန်တဲ့သူတွေကို ကျွန်တော်ပြောချင်တာကတော့ ဝေဖန် မစောပါနဲ့။ ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး ကာလ ၃ ရပ်ကို ကြည့်ပြီးမှ ဝေဖန်ပါ’’ လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၄ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ သေဒဏ်ပေးနိုင်တဲ့အထိ ပြစ်ဒဏ်ပေးနိုင်တဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းကနေ ကာကွယ်တားဆီးရေး ဥပဒေကို ပြဋ္ဌာန်းထားပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် ရွေးကောက်ပွဲကို ဝေဖန်မှုနဲ့ လူပေါင်း ၁၀၀ ထက်မနည်း ထောင်ဒဏ်ချမှတ်ခံရပြီး အဲဒီထဲမှာ ဒါရိုက်တာမိုက်တီး၊ ဇမ္ဗူထွန်းသက်လွင်လို နာမည်ကျော် ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်အချို့လည်း ပါဝင်ပါတယ်။ 

‘‘တကယ်နစ်နာဆုံးရှုံးရသူက ကျွန်မတို့ အရပ်သားတွေပါ’’

စစ်အာဏာသိမ်းမှုအောက်က မြန်မာပြည်တွင်း ပဋိပက္ခဟာ အရပ်သားတွေအပေါ်မှာ ပိုတိုးလို့ အတိဒုက္ခဖြစ်နေစေပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ မိသားစုဝင်ဆုံးရှုံးခဲ့ရသူတွေဟာ ဝမ်းနည်းအပူနဲ့ ဘဝရှေ့ရေးအပူ ဆတူရှိနေကြပါတယ်။  

တိုက်လေယာဥ်တွေက ရွာတွေကို ဗုံးကြဲခံရတဲ့အခါ သူတို့မှာ ပြေးစရာမြေ ပျောက်ကြပါတယ်။ အချို့ကတော့ နီးစပ်ရာကို ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြတာတွေလည်း ရှိနေပါတယ်။

ဒီပဲယင်းမှာတော့ ကိုဇေယျာတစ်ယောက်က ဒုက္ခရောက်နေသူတွေကို ဆက်ကူညီဖို့ ဇာတိမှာပဲ ဆက်နေမယ်လို့ဆုံးဖြတ်ပါတယ်။ 

စစ်တပ်ကို စိတ်ဆိုးတဲ့အကြောင်းလည်း သူက ဘီဘီစီကို ပြောပါတယ်။

‘‘စစ်တပ်ဟာ သူတို့အာဏာရဖို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ဒီလိုရာဇဝတ်မှုတွေကို လုပ်နေတာ။ လူတိုင်းမှာ စိတ်ဒဏ်ရာရတဲ့ အကြောက်တရားတွေပြည့်နေပြီ။ ကျွန်တော့်ဘဝမှာ ကြုံဖူးသမျှထဲ အဆိုးရွားဆုံးတိုက်ခိုက်မှုပဲ’’လို့ ကိုဇေယျာက ပြောပါတယ်။ 

ဘီဘီစီက ဆက်သွယ်စကားပြောချိန်မှာ အဘိုးအဘွားတွေကို သင်္ဂြိုဟ်ပြီးရုံသာ ရှိသေးတဲ့ မြောက်ဦးက မသဇင်ကလည်း အတော်လေး ပူဆွေးနေတုန်းပါ။ အခုဆို သူ တစ်ယောက်တည်း ကျန်ရစ်သူ ဖြစ်ခဲ့ပါပြီ။ 

ဒါပေမဲ့ နာကျင်မှုကို ခါးစည်းခံဖို့လွဲရင် သူ ဘာမှ မတတ်နိုင်ပါဘူး။ 

 ‘‘သူတို့ လူတွေကို ဆက်ပြီး သတ်ဖြတ်နေဦးမှာလား။ တကယ်တော့ ခံရတာက ကျွန်မတို့ အရပ်သားတွေပါ။ ကျွန်မ အတော်လေးလည်း စိတ်ထဲမှာမချိတင်ကဲဖြစ်မိတယ်’’
လို့ မသဇင်က မျက်ရည်တွေနဲ့ပြောပါတယ်။

မော်ချီးက ဒေါ်ရီရီကတော့  ဒဏ်ရာရခဲ့တဲ့သမီးဖြစ်သူအတွက် ဝမ်းနည်းစိတ်အပြင် ထိတ်လန့်မှုပါ ကြီးစိုးနေပါတယ်။ မရပ်သေးတဲ့စစ်ပွဲကြောင့် စိတ်ဒဏ်ရာတွေ ပိုတိုးလာပါတယ်။

‘‘ဘယ်လိုခံစားရလဲဆိုတာ ပြောဖို့ စကားလုံးတောင် ရှာမရပါဘူး။ နေ့တိုင်းနေ့တိုင်း အဲဒီတုန်းက အဖြစ်ကို ပြန်တွေးမိရင် အသစ်ပြန်ဖြစ်တယ်’’ လို့ ဒေါ်ရီရီက ပြောပါတယ်။ 

ခရက်ဒစ်များ
ထုတ်လုပ်သူ - ဘီဘီစီမြန်မာပိုင်း နှင့် BBC Asia Pacific Visual Journalism
ဓာတ်ပုံများ - Getty Images၊ Wai Hun Aung၊ Phone Thant၊ CINCDS၊ ပေးပို့
ရုပ်သံဗီဒီယိုများ - ပေးပို့