အရှင် ဝီရသူရဲ့ ပြောဆိုမှုတွေကို ကုလ တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးကို ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ အရှင်ဝီရသူက ဝေဖန် ပြောဆို ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ က ကြေညာချက် ထုတ်ပြန် တုံ့ပြန်လိုက်ပါတယ်။
ဇန်နဝါရီ လဆန်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စ ယန်ဟီးလီးရဲ့ မြန်မာ ခရီးစဉ်အတွင်း ကန့်ကွက် ဆန္ဒပြပွဲ တစ်ခုမှာ အရှင်ဝီရသူက ကြမ်းကြမ်းတမ်းတမ်း ဝေဖန် ပြောဆိုခဲ့တာပါ။
အမျိုးသမီးတွေအပေါ် ချိုးနှိမ်တဲ့ အသုံးအနှုန်းတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ သုံးပြီး သံဃာတော် တပါးက ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိကြီး တဦးအပေါ် စော်ကား ပြောဆိုတာမျိုးဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ ကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ပုဂ္ဂိုလ်တဦး အပေါ် အခုလို လူထု ရှေ့မှောက်မှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုတာမျိုး အပါအဝင် အမုန်းတရားပွားအောင် လှုံ့ဆော် ပြောဆိုတာမျိုးတွေ အားလုံးကို မြန်မာ နိုင်ငံရေး ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ ပြစ်တင် ရှုံ့ချကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
လောလောဆယ် ဒီကိစ္စအပေါ်မှာ နိုင်ငံတကာကလည်း အာရုံစိုက်လာနေကြပြီး ဒီကိစ္စက မြန်မာနိုင်ငံအတွက်လည်း မကောင်းကြောင်း ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာသံတမန်တွေနဲ့လည်း စကားပြောဖို့ ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville က ဘီဘီစီကို ပြောပါတယ်။




