မြန်မာပြည်မှာ သိမ်းသည်၊ တပ်မတော်၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးသံသရာ

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ စစ်အစ်ုးရနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးတဲ့ အစိုးရတွေ အုပ်ချုပ်ခဲ့တဲ့သက်တမ်း ၅၅ နှစ်ကျော် ရှိခဲ့ပါ တယ်။ အရပ်သားအုပ်ချုပ်ရေး သက်တမ်း ၁၉ နှစ် အတွင်းမှာလည်း စစ်အရာရှိများရဲ့သြဇာနဲ့မလွတ်ကင်းတဲ့ အစိုးရတွေ အုပ်ချုပ်ခဲ့ ပါတယ်။ ဒီလို တပ်သြဇာညောင်းတဲ့ နိုင်ငံရေး ပေါ်ထွန်းခဲ့တာဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်လို့၊ ပြည်တွင်းစစ်သက်တမ်း ကြာရှည်ခဲ့လို့၊ တပ်ကို တခုတည်းသော အားကောင်းတဲ့ အဖွဲ့အစည်းဖြစ်အောင် လုပ်ခဲ့လို့၊ ပဒေသရာဇ်ဆန်တဲ့ အာဏာရှင်နိုင်ငံရေး စိတ်ဓာတ် နေရာတကာမှာ ကြီးစိုးလို့ စတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။
မြန်မာနဲ့ဝန်းကျင်က အာရှနိုင်ငံတွေမှာလည်း အလားတူ စစ်အာဏာသိမ်းပွဲတွေနဲ့ စစ်အစိုးရတွေ အုပ်ချုပ်ခဲ့တာကိုလည်း ၂ဝ ရာစု အလယ်ပိုင်းနဲ့ နှောင်းပိုင်းတွေမှာ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ တခြားနိုင်ငံတော်တော်များများမှာ စစ်အစိုးရတွေ ခေတ်ကုန်သလောက် ဖြစ်နေပေမယ့် မြန်မာနဲ့ ထိုင်းမှာတော့ ခုထိ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးတဲ့ အစိုးရတွေ အုပ်ချုပ်နေပါတယ်။ အခု နောက်ဆုံးတခေါက် နေပြည်တော်က အာဏာသိမ်းမှုကြောင့်လည်း မြန်မာပြည်မှာ စစ်တပ်ခေတ် မကုန်နိုင်တာကို ကမ္ဘာက မြင်တွေ့ခဲ့ ပါတယ်။
ယဉ်ကျေးမှုနောက်ခံ
မြန်မာအပါအဝင် အာရှ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံအများစုမှာ အနောက်တိုင်းပုံစံ ဒီမိုကရေစီအုပ်ချုပ်ရေးကို ကိုလိုနီဘဝနဲ့ မြည်းစမ်းထိတွေ့ခဲ့ကြတာ ဖြစ်ပြီး လွတ်လပ်တဲ့နိုင်ငံဘဝနဲ့ ဒီစနစ်ကို ထူထောင်ရာမှာ အခက်အခဲမျိုးစုံနဲ့ ကြုံခဲ့ရပြီး အောင်မြင်တဲ့ နိုင်ငံက နည်းပါတယ်။ အမှန်စင်စစ် ဥရောပလို နေရာမှာတောင် ဂျာမနီ၊ အီတလီ၊ စပိန် နိုင်ငံတွေမှာ ဖက်ဆစ် နာဇီတွေ အုပ်ချုပ်တဲ့ခေတ်တွေ ကြုံခဲ့ပြီး ပေါ်တူဂီမှာ ၁၉၇၆ ထိ အာဏာရှင် အုပ်စိုးမှုနဲ့ ကြုံခဲ့ရပါတယ်။ အခုလည်း ဟန်ဂေရီ၊ ဘယ်လာရုစ်၊ ရုရှား စတဲ့ ဥရောပအရှေ့ပိုင်း နိုင်ငံတွေမှာ အာဏာရှင်နဲ့ အာဏာရှင်ဆန်တဲ့အစိုးရတွေ ဥပဒေတွေနဲ့ အုပ်ချုပ်နေတာကို တွေ့ရပါတယ်။
ဒီလိုအခြေအနေမှာ ဒီမိုကရေစီနည်းနဲ့ ဆိုရှယ်လစ်ဝါဒကို ထူထောင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာလို နိုင်ငံမျိုးအတွက် စိန်ခေါ်မှု တွေက များ ပါတယ်။ မြန်မာပြည်မှာ ပဒေသရာဇ်အုပ်ချုပ်ရေးကို ပြည်မမှာ ၁၈၈၅ ခုနှစ်ထိ ကြုံခဲ့ရပြီး ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ ၁၉၅၉ ထိ တည်တံ့ခဲ့ပါတယ်။ တခြား တတိယကမ္ဘာနိုင်ငံတွေမှာလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးဓလေ့မှာ ဘုရင်သတ်ရင် ဘုရင်ဖြစ်တယ်ဆိုတဲ့ ပဒေသရာဇ်ပုံစံ နိုင်ငံရေးအားကြီးပြီး မညီညွတ်မှု များတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံရေးရဲ့ အကွဲအပြဲ ဖြစ်စဉ်တွေမှာ လက်နက်နဲ့ ဖြေရှင်းတဲ့ ဓလေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်းက စသန္ဓေတည်လာပြီး စစ်ပြီးခေတ်မှာ ပြည်တွင်းစစ်ဖြစ်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
တခါ ဘာသာရေးလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်း၊ လူမျိုးစုံပြီး ပဋိပက္ခများတဲ့ လူ့အဖွဲ့အစည်း၊ ခေတ်ပညာတတ်မြောက်မှုနည်းတဲ့ လူ့အဖွဲ့ အစည်းတွေရဲ့ ထုံးစံအတိုင်း မြန်မာပြည်ရဲ့ ရေခံမြေခံကလည်း ဒေါက်တာဘမော်လို ပညာတတ်ထက် ဦးနုလို ဘုရားလောင်း ဖြစ်လိုသူနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်သူရဲကောင်းတွေကို နိုင်ငံရေးခေါင်းဆောင်တွေအဖြစ် ပိုလက်ခံတတ်တယ်ဆိုပြီး သံအမတ်ကြီး ဦးသက်ထွန်းက မှတ်ချက်ချခဲ့ပါတယ်။ မြန်မာလူ့ဘောင်မှာ သက်ဦးဆံပိုင်ဘုရင်ကို ကြောက်တဲ့စိတ်က လွတ်လပ်တဲ့အထိ ပါလာပြီး အာဏာရှိသူတွေကလည်း အတိုက်အခံကိုမလေးစားတာ၊ အာဏာရှိသူအချင်းချင်း အုပ်စုဖွဲ့အားပြိုင်တာတွေကြောင့် ဒီမိုကရေစီ စနစ် မဖွံ့ဖြိုးဘဲ ၁၉၆၂ မှာ ပျက်သုဥ်းခဲ့တယ်လို့လည်း မန္တလေးတက္ကသိုလ်နဲ့ ဘိတ်စ်ကောလိပ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာ မောင်မောင်ကြီးက အာဏာရှင်စနစ်ရဲ့ လူမှုနိုင်ငံရေး ရေသောက်မြစ်များ၊မြန်မာ့နိုင်ငံရေးတန်ဖိုးများ စာအုပ်မှာ ရေးပါတယ်။
နောက် မြန်မာပြည်ရဲ့ အစဥ်အလာ ပဒေသရာဇ်အုပ်ချုပ်ရေးပုံစံမှာ အရပ်ဘက်နဲ့ စစ်ဘက် ခွဲခြားမှုမရှိတဲ့ဓလေ့ကို လွတ်လပ်ပြီးခေတ်ထိ သယ်လာတယ်လို့ ဒေးဗစ်စတိုင်းဘတ်စတဲ့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဟာ အရပ်သားတွေနဲ့ ဆိုင်တယ်လို့ သတ်မှတ်မှု မြန်မာစစ်ဘက်မှာ မရှိဘဲ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့တပ်မတော်ဆိုပြီး သူတို့ ဂုဏ်ယူခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
တပ်မတော် မွေးဖွားခြင်း
တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်ဆင်ရေးတွေကို ကူညီဖို့ ဖွဲ့စည်းခဲ့တဲ့ ဒေသခံ စစ်တပ်တခု ဖြစ်ပြီး စစ်အပြီးမှာ နိုင်ငံရေး အင်အားစုအဖြစ် ထွက်ပြူလာပါတယ်။ ဂျပန်လေ့ကျင့်မှုနဲ့ စခဲ့တဲ့တပ်တွေဖြစ်လို့ ဖက်ဆစ်ဂျပန်ခေတ်က စစ်သားက အရပ်သား ထက် ပိုကြီးမြတ်တယ်ဆိုတဲ့ စစ်ဝါဒမျိုး မြန်မာစစ်တပ်မှာ ပါလာနိုင်တယ်ဆိုပြီး သုံးသပ်သူတွေ ရှိပါတယ်။ ဆယ်ကျော်သက် လူငယ်တွေ ကို ဂျပန်ပုံစံ အပြင်းအထန်လေ့ကျင့်ပြီး စစ်စိတ်စစ်သွေးတွေ ရိုက်သွင်းပေးခဲ့တဲ့ ဒီတပ်မတော်ဟာ ဂျပန်တပ်ဆီက စစ်ရေး လေ့ကျင့်မှု ထက် ဘူရှီဒိုခေါ် ဆာမူရိုင်းစိတ်နဲ့ စည်းကမ်းကျနမှုကို တခြား အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့မှာ ရှိခဲ့တဲ့ ဂျပန်လေ့ကျင့် ပေးခဲ့တဲ့ တပ်တွေနဲ့ အလားတူ ဆက်ခံခဲ့တယ် ဆိုပြီး ၁၉၇၅ က ပစိဖိတ်ရေးရာဂျာနယ်ပါ အရှေ့တောင်အာရှမှာ ဂျပန် စစ်ပုံစံရဲ့ အရေးပါမှု စာတမ်းမှာ ဂျွိုက်စီလစ်ဘရာက ရေးပါတယ်။
ဒီတပ်ခေါင်းဆောင်တွေဟာ စစ်ပြီးခေတ်နိုင်ငံရေးဦးဆောင်မှုမှာ နေရာရလာပြီး နောင်မှာ နိုင်ငံကို အုပ်ချုပ်ကြိုးကိုင်တဲ့ အစိုးရ ခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ နိုင်ငံရေးစိတ်ထက်သန်ပြီး ရင့်ကျက်မှုမရှိတဲ့ သခင်ခေါင်းဆောင်တွေက ဒီလို စစ်ရေး နိုင်ငံရေး တွေမှာ ခေါင်းဆောင်တွေ ဖြစ်လာတာဟာ အမျိုးသားရေး၊ စစ်ရေးနဲ့ တော်လှန်ရေးစိတ်တွေကို ရင့်သန်စေတယ်လို့လည်း လစ်ဘရာက ရေးပါတယ်။ မြန်မာပြည်က ဦးနေဝင်းနဲ့အလားတူ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားက ပတ်ချုံဟီး၊ ဆူဟာတိုစတဲ့ စစ်ခေါင်းဆောင်ကြီး တွေဟာ ဒီလို ကမ္ဘာစစ်အတွင်းက ဂျပန်လေ့ကျင့်ပေးခဲ့တဲ့ တပ်တွေက မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။
စစ်မဖြစ်ခင်က စစ်သားဖြစ်ဖို့ မှန်းမထားသူတွေ စစ်ခေါင်းဆောင်ဖြစ်လာတဲ့အခါ သူတို့ကိုယ်သူတို့ အင်္ဂလိပ်နဲ့ ဒတ်ချ်တပ်တွေလို ကြေးစားတပ်မဟုတ်ဘူး ဆိုတဲ့ ခံယူချက်မျိုး ရှိလာတတ်ပါတယ်။ သူတို့တွေဟာ လွတ်လပ်ရေးအတွက် တိုက်သူတွေ၊ စစ်တိုက်ပြီး အသက်မွေးသူတွေ မဟုတ်ဘူးဆိုတဲ့ စကားမျိုးကို ဘီအိုင်အေ၊ ဘီဒီအေခေတ်က လာသူတွေရော၊ အမိမြေ ကာကွယ်ရေးတပ်ဘဝကနေ အင်ဒိုနီးရှားတပ်မတော် ခေါင်းဆောင် ဖြစ်လာသူတွေရော ပြောတတ်ကြပါတယ်။ သူတို့ရဲ့ တူညီချက်ကလည်း နိုင်ငံရေးလုပ်တဲ့ စစ်သား တွေ ဖြစ်လာပြီး အာဏာသိမ်းအစိုးရ တွေကို မွေးထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးယဉ်ကျေးမှု
စစ်ပြီးခေတ် နိုင်ငံရေးမုန်တိုင်းတွေကြားကနေ လွတ်လပ်ရေးကို စေ့စပ်ယူခဲ့ကြပြီးနောက် ပြည်တွင်းစစ်ကို စေ့စပ်လို့မရအောင် မြန်မာပြည်မှာ တိုက်ခဲ့ကြပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ရဲဘော် စတဲ့ မြန်မာအများစု ပါတဲ့ နိုင်ငံရေးအုပ်စုတွေအပြင် ကရင်၊ မွန်၊ ရခိုင်၊ ပအိုဝ်းနဲ့ မူဂျာဟစ် စတဲ့ လက်နက်ကိုင် ပေါင်းစုံဟာ ၁၉၄၈-၄၉ ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ကားလိပ်ကြီးကို ဖွင့်ခဲ့ကြပါတယ်။ နောက် ဒီ နိုင်ငံရေး ဇာတ်ရှုပ်ကြီးထဲမှာ ရှမ်း၊ ကချင်၊ ချင်း၊ ဝ၊ ကိုးကန့်၊ တအာန်းစတဲ့ လူမျိုးစုံပါလာပြီး စစ်သက်တမ်း ကလည်း အနှစ် ၇ဝ ကျော်လာခဲ့ပါတယ်။
ဒီလိုပြည်တွင်းစစ်ရှည်လျားတာနဲ့ ပတ်သက်ပြီး လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာနဲ့ ပြည်တွင်းပြည်ပက စေ့ဆော်ပေးတဲ့ အကြောင်းတရားတွေ ရှိတယ်လို့ ဝေဖန်သုံးသပ်လေ့ရှိကြပါတယ်။ တပ်မတော်ကိုယ်တိုင် ဒီစစ်ထဲမှာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အားပြိုင်မှု ကြား နှစ်ခြမ်းကွဲပြီး အာဏာရှိတဲ့ဘက်က ဝင်တိုက်တဲ့ ဆိုရှယ်လစ်တပ်မတော်က အနိုင်ရလာတယ်၊ နောက် ဒီတပ်က အရပ်ဘက် နိုင်ငံရေးကို ပြန်အုပ်စီးလိုက်တယ် စတဲ့ တပ်ပိုင်းဆိုင်ရာ သုံးသပ်မှုတွေကိုလည်း မေရီကယ်လ်ဟန်၊ ယိုရှီဟီရို နာကာနီရှိစတဲ့ မြန်မာ့ ရေးရာ ပါမောက္ခတွေက ပြုခဲ့ကြပါတယ်။ အဲဒီပြည်တွင်းစစ်ကို သက်ိဆိုးရှည်အောင် တပ်မတော်က မွေးထားတယ်၊ တပ်မတော် ကိုယ်တိုင်လည်း ဒီလူမျိုးစုတပ်တွေကို အပြုတ်တိုက်လို့ မရဘူးစတဲ့ စစ်ရေးသုံးသပ်ချက်တွေကလည်း ဘက်ပေါင်းစုံက ပေါ်ထွက်ခဲ့ ပါတယ်။
မောင်ထင်စတဲ့ မြန်မာစာရေးဆရာကြီးတချို့ကတော့ မြန်မာနိုင်ငံမှာ ဖက်ဆစ်တော်လှန်ရေးခေတ်က တော်လှန်ရေးစိတ်တွေကို အရှိန်သတ် မရတဲ့အတွက် အခုလို သတ်ပွဲဖြတ်ပွဲ အာဏာလုပွဲတွေ များတယ်ိဆိုပြီး သုံးသပ်ပါတယ်။ မြန်မာပြည်မှာ အရေးတော်ပုံနဲ့ တော်လှန်ရေး ဆိုတဲ့ စကားလုံးတွေကို ခေတ်ဟောင်းရာဇဝင်နဲ့ ကျောက်စာတွေထဲက ရယူသုံးစွဲပြီး သခင်စိုး၊ သခင်အောင်ဆန်း စတဲ့ နိုင်ငံရေးသမား တွေက ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ သုံးစွဲခဲ့ကြတယ်လို့လည်း ပါမောက္ခ ရောဘတ်တေလာက မြန်မာပြည်ရဲ့ တော်လှန်ရေး သဘောတရားများ စာတမ်းမှာ ရေးပါတယ်။ နောက် ဒီတော်လှန်ရေး စကားလုံးကို မြန်မာတွေ သည်းခြေကြိုက် ဖြစ်လို့ ၁၉၆၂ က ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အစိုးရဟာ ဆိုရှယ်လစ် တော်လှန်ရေးဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အာဏာယူခဲ့ပါတယ်။ တကယ်က ၁၉၅၈ အာဏာသိမ်းမှုမှာ လူထုက လက်ယာပုံစံ စစ်အစိုးရကို မနှစ်မြို့တဲ့အတွက် လက်ဝဲ ပုံစံနဲ့ ပြောင်းသိမ်းတာသာ ဖြစ်တယ်ဆိုပြီး လမ်းစဉ်ပါတီခေတ်ဝန်ကြီးဟောင်းတယောက်က မှတ်ချက်ချပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
အာဏာသိမ်းအစ
၁၉၅၈ ခုနှစ်မှ မြန်မာပြည်မှာ ပထမဆုံး စစ်တပ်က အာဏာသိမ်းပွဲဖြစ်တယ်လို့ ဆိုကြပေမယ့် လွတ်လပ်ရေးရစ ၁၉၄၈ ကာလ ကတည်း က အာဏာသိမ်းရန်ကြံစည်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကွန်မြူနစ်တော်လှန်ရေးစပြီးနောက်ပိုင်း အခြေမခိုင်တဲ့ ဖဆပလအစိုးရထဲက ဆိုရှယ်လစ်ခေါင်းဆောင်တွေ၊ တပ်မှူးတွေနဲ့ ဗြိတိသျှတပ်က လာတဲ့ ကရင်တပ်မှူးတွေကြား ပဋိပက္ခကြောင့် အစိုးရအပြောင်းအလဲတွေ များခဲ့သလို လုပ်ကြံမှုတွေ ရှိလာပါတယ်။ ဆိုရှယ်လစ်တွေက ဗြိတိသျှလူလို့ စွပ်စွဲခံရတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးတင်ထွဋ် ကားဗုံးခွဲခံရမှုမှာ တရားခံလက်သည် မပေါ်ခဲ့သလို အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာကို လုပ်ကြံဖို့ ကြံစည်တာ ရှိခဲ့တယ်ဆိုပြီး သမီးဖြစ်သူ ဒေါက်တာခင်လက်ျာက ရေးပါတယ်။ တာဝန်ပေးထားတဲ့သူက ဝန်ချပြောပြလို့ အစီအစဥ်မအောင်မြင်ခဲ့ဘူးလို့ ဗိုလ်ဗလအစ်ကို သခင်ထိန်ဝင်းကို ကိုးကားပြီး ဖေဖေဗိုလ်လက်ျာစာအုပ်မှာ ဒေါ်ခင်လက်ျာက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
တပ်ထဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ကရင်ဆိုပြီး အပိုင်းပိုင်းကွဲနေတာကို မထိန်းနိုင်ဘဲ ဆိုရှယ်လစ်ခေါင်းဆောင် ဦးကျော်ငြိမ်း၊ ဗိုလ်ချုပ် နေဝင်းတို့နဲ့ ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ရဲဗိုလ်ချုပ် ထွန်းလှအောင်တို့ လက်ဝဲလက်ယာအုပ်စုနှစ်ခုကြားမှာ အာဏာလုလာကြပါတယ်။ ဗိုလ်လက်ျာကို အာဏာသိမ်းဖို့ ပြည်ထဲရေးဝန်ကြီး ဖြစ်လာမယ့် ဗိုလ်ခင်မောင်ကလေးနဲ့ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်ကျော်ဇောတို့က တိုက်တွန်းတယ်လို့လည်း သိရပါတယ်။ တိုင်းပြည်မှာ အာဏာသိမ်းတဲ့အစဥ်အလာဖြစ်မှာစိုးတဲ့အတွက် အာဏာ သိမ်းဖို့ ငြင်းဆန်ရာက ဆိုရှယ်လစ်အုပ်စုက ဗိုလ်လက်ျာကို တပ်က အနားပေးဖို့ ကြိုးစားသလို သူနဲ့အပေါင်းအပါဖြစ်တဲ့ ကရင် စစ်အရာရှိကြီးတွေလည်း ၁၉၄၉ ကရင့်တော်လှန်ရေးအစမှာ ရာထူးက အနားပေးခံရပါတယ်။ ဆိုရှယ်လစ်တွေ အစိုးရက ထွက်နေတဲ့ အချိန်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးနေဝင်းကို တနှစ်ကျော် ဒုတိယဝန်ကြီးချုပ်ခန့်ခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာသိမ်းဖို့ သုံးကြိမ်ကြံစည်ခဲ့ပြီး ပထမအကြိမ်မှာ လူနည်းလို့ မသိမ်းနိုင်ခဲ့ဘူးလို့လည်း စာရေးဆရာ သန်းဝင်းလှိုင်က ဗိုလ်မှူးချုပ်တန်ယုဆိုင် မှတ်တမ်းကို ကိုးကားရေးပါတယ်။ ၁၉၄၈ က ဦးသိန်းဖေမြင့်တို့နဲ့အတူ လက်ဝဲညီညွတ်ရေး ကောင်စီမှာ အာဏာသိမ်းပိုက်ရေးကြံစည်ခဲ့တာကို ဆိုလိုဟန် တူပါတယ်။ အဲဒီအာဏာသိမ်းအကြံပျက်သွားတဲ့အတွက် ရဲဘော်သုံးကျိပ် ဝင် ဗိုလ်ရဲထွဋ်နဲ့ တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေ တောခိုခဲ့ရပါတယ်။ ဒီလိုကွန်မြူနစ်ဘက်က အာဏာသိမ်းပေးဖို့ ကြံစည်ခဲ့မှန်း သိရက်နဲ့ ဦးနုအစိုးရဟာ ဗိုလ်ချုုပ်ကြီးကို စစ်ဦးစီးချုပ်ကနေ မထုတ်ပယ်နိုင်ခဲ့ဘူးလို့လည်း ဗိုလ်မှူးချုပ်မောင်မောင်က အိမ်စောင့်အစိုးရ စာအုပ်မှာ ရေးခဲ့ပါတယ်။ ဗိုလ်နေဝင်းကို အပျော်အပါးလိုက် မြင်းလောင်းတဲ့ စစ်ဗိုလ် လို့ နိုင်ငံရေးနဲ့ သတင်းစာလောကက ရှုမြင်ခဲ့ကြ ပေမယ့် သူဟာ ကောက်ကျစ်ပြီး စိတ်ပိုင်းဖြတ်မှုရှိသူလို့ လမ်းစဉ်ပါတီခေတ်မှာ ထင်ရှား ခဲ့သူတဦးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
အာဏာသိမ်းလှိုင်းလုံးများ
ဒုတိယကမ္ဘာစစ်ပြီးစကနေ ၁၉၅ဝ ပြည့်လွန်နှစ်တွေဟာ အာရှ အာဖရိကမှာ နိုင်ငံငယ်လေးတွေ လွတ်လပ်လာတဲ့အချိန် ဖြစ်ပြီး ၁၉၆ဝ နောက်ပိုင်းမှာတော့ အဲဒီနိုင်ငံအများအပြားမှာ စစ်အစိုးရတွေ အုပ်ချုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီထဲမှာ ဆိုရှယ်လစ်နည်းနဲ့ အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်တွေ ရှိသလို အမေရိကန်လူဖြစ်သွားတဲ့ စစ်ဗိုလ်တွေလည်း ရှိပါတယ်။ ၁၉၅ဝ ကနေ ၂ဝ၁ဝ အတွင်း ကမ္ဘာပေါ်မှာ အာဏာ သိမ်းမှု အကြိမ် ၄၅ဝ ကျော် ရှိခဲ့ပြီး ဒီထဲက ထက်ဝက်နီးပါး အောင်မြင်တယ်လို့လည်း ကလေတန်သိုင်းနဲ့ ဂျော်နသန် ပါဝဲလ်တို့ရဲ့ လေ့လာ ချက်အရ သိရပါတယ်။ အာဖရိကနဲ့ လက်တင်အမေရိကမှာ အာဏာသိမ်းပွဲ အများဆုံးဖြစ်ပြီး အာရှရဲ့ အာဏာသိမ်းမှုက စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ အာဏာသိမ်းမှုအများဆုံးကြုံခဲ့ရတဲ့နှစ်တွေက ၁၉၆ဝ ပြည့်လွန်အလယ်ပိုင်းနှစ်တွေ ဖြစ်ပြီး ၁၉၇ဝ ပြည့်လွန် အလယ်ပိုင်းနဲ့ ၁၉၉ဝ အလွန်မှာလည်း တကျော့ပြန် များခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဟာ အာဏာသိမ်းလှိုင်းနဲ့ ပထမအကြိမ်ရော နောက်အကြိမ်တွေပါ ကြုံတွေ့ခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၁၉၃၂ က စပြီး တပ်က အာဏာသိမ်းကာ စည်းမျဉ်းခံဘုရင်စနစ်ကို ကူးပြောင်းခဲ့ပါတယ်။ အဲဒီနောက် ခုထိ ထိုင်းမှာ အာဏာသိမ်းပွဲ ၁၂ ပွဲ ဖြစ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ခု ပြောင်းခဲ့ပြီ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းပွဲအများစုဟာ အမေရိကန်နဲ့ နီးစပ်တဲ့ ဗိုလ်ချုပ်ကြီးတွေကြား အပြန်အလှန် အာဏာသိမ်းပွဲတွေ ဖြစ်တတ်ပြီး အခြေအနေ ရှုပ်ထွေးလာရင် ဘုရင်က ဝင်ပြီး ဖြန်ဖြေတာတွေ ရှိတတ်ပါတယ်။ မြန်မာနဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ အဆက်အစပ်ကြီးတဲ့ အိန္ဒိယတိုက်ငယ်မှာတော့ အိန္ဒိယက လွဲရင် ကျန်တဲ့ နိုင်ငံတော်တော်များများမှာ အာဏာသိမ်းဓလေ့ရှိပြီး ပါကစ္စတန်က ဗိုလ်ချုပ်ကြီး အယွတ်ခန်က ဗိုလ်ချုပ်ကြီး နေဝင်းကို ဘာကြောင့် တိုင်းပြည်ကို ရှုပ်ထွေးအောင် လုပ်တဲ့ နိုင်ငံရေးသမားတွေလက် အာဏာပြန်လွှဲပေးမှာလဲလို့ အိမ်စောင့်အစိုးရ ခေတ်မှာ မေးဖူးကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ရေးသားဖူးပါတယ်။ အယွတ်ခန်နဲ့ အလားတူ မေးခွန်းမျိုး ဗိုလ်ချုပ်ကြီးနေဝင်းကို မေးသူကတော့ အီဂျစ်က ဆိုရှယ်လစ် ဗိုလ်ချုပ်ကြီး နာဆာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၆၂ အာဏာသိမ်းပြီးစ ပထမဆုံး ရောက်လာ တဲ့ နိုင်ငံခြားဧည့်သည်တော်ကလည်း အီဂျစ် စစ်ဦးစီးချုပ် ဖြစ်နေပါတယ်။
မြန်မာတွေ အားကျတဲ့ စစ်ဆိုရှယ်လစ်ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်ကြီးနာဆာ အပြင် ယူဂိုဆလားဗီးယားက မာရှယ်တီးတိုးလည်း ပါပါတယ်။ တီးတိုးရဲ့ ဆိုရှယ်လစ်ဝါဒကို တရားသေကွန်မြူနစ်မဆန်တဲ့ ဆိုရှယ်လစ်ဝါဒဆိုပြီး တပ်မတော်ထုတ် မြဝတီမဂ္ဂဇင်းမှာ ချီးကျူး ရေးသားခဲ့သလို မြန်မာစစ်အရာရှိတွေကိုလည်း အဲဒီအချိန်ကတည်းက ယူဂိုဆလားဗီးယားကို ပို့ပြီး လေ့ကျင့်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံ တွေက ရိုက်ခတ်လာတဲ့ အာဏာသိမ်းပွဲနဲ့ စစ်ခေါင်းဆောင်တွေအပြင် စစ်အေးခေတ် တရုတ်နဲ့ အမေရိကန်တို့ ဒေသတွင်း စစ်ရေး အားပြိုင်မှု တွေရဲ့ နောက်ဆက်တွဲ ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှုကြောင့်လည်း မြန်မာနိုင်ငံမှာ တပ်မတော်ကို ချဲ့ထွင်ပြီး အင်အား ကြီးလာစေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Central Press
အစမ်းလေ့ကျင့်အာဏာသိမ်း
၁၉၅၈ အာဏာသိမ်းပွဲကို ဝတ်စုံပြည့်အစမ်းလေ့ကျင့်အာဏာသိမ်းပွဲအဖြစ် မိုက်ကယ်ချာနေစတဲ့ အနောက်တိုင်းသမိုင်းဆရာတွေက ယူဆပါတယ်။ အိမ်စောင့်အစိုးရခေတ်မှာ အစိုးရအရာရှိဟောင်းတွေကို ဝန်ကြီးခန့်ခဲ့ပေမယ့် သူတို့မှာ အာဏာမရှိဘဲ အထူးအရာရှိအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဗိုလ်မှူးကြီးတွေကသာ အစိုးရယန္တရားကို လည်ပတ်နေကြတာ ဖြစ်ပါတယ်။ ဒီလို အစိုးရအလုပ်သင် ဆင်းခဲ့ရ တဲ့အတွက် ရေရှည်မှာ နိုင်ငံကို တာဝန်ယူရမယ်ဆိုရင် မောင်းနှင်လည်ပတ်နိုင်မယ်ဆိုတဲ့ အမြင် စစ်ဗိုလ်တွေ ရသွားတယ် လို့လည်း ဆိုကြ ပါတယ်။
၁၉၅၈ အာဏာသိမ်းပွဲကို ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ရဲ့ အစီအစဉ်လို့ သိကြပါတယ်။ သူတို့ကို စီစဉ်ခိုင်းပြီး ဗိုလ်ချုပ်ကြီးနေဝင်းက နောက်ကသိမ်းခိုင်းတယ်လို့လည်း မြင်သူတွေ ရှိပါတယ်။ ဦးနုအစိုးရအပေါ် မကျေနပ်တဲ့ တည်မြဲအနွယ် စစ်ဗိုလ် တွေရဲ့ အာဏာသိမ်းမှုကို တားဆီးရင်း ရန်ကုန်စစ်ရုံးက သိမ်းတယ်ဆိုသလို ဦးနုအစိုးရက တပ်မတော်ကို အပြတ်ဖြုတ်ိဖို့ ကြံလာလို့ သိမ်းရတယ်ဆိုတဲ့ အထောက်တော်ဦးအုန်းမြင့်၊ ဂါးဒီးယန်းဦးစိန်ဝင်းတို့ရဲ့ စာအုပ်မျိုးတွေလည်း ရှိပါတယ်။ သေချာတာ တခုကတော့ ဒီအာဏာသိမ်းပွဲဟာ နောက် အနှစ် ၅ဝ ကျော် စစ်အာဏာရှင်ခေတ်ရဲ့ အကြိုခေါင်းလောင်းသံ ဖြစ်ပါတယ်။
ဒီအာဏာသိမ်းမှုမှာ ပါလီမန်ကို မဖျက်ပေမယ့် နိုင်ငံရေးနဲ့ သတင်းစာလောကကို ဖိနှိပ်မှုက ကြီးပါတယ်။ ရန်ကုန်မြို့ပေါ်က ကျူးကျော် ကွက်သစ်တွေကို ဖျက်ပြီး ဆင်ခြေဖုံးမှာ မြို့သစ်တွေ ဆောက်သလို နယ်တွေမှာလည်း သူပုန်တွေကို ချေမှုန်းပါတယ်။ နောက် လွတ်လပ်ရေးခေတ် ဆယ်နှစ်မှာ နိုင်ငံရေးသမားတွေ မွေးထားခဲ့တဲ့ ခါးပိုက်ဆောင်တပ်တွေကို ဖျက်သိမ်းပါတယ်။ ဒါကြောင့် ၁၉၆၂ အာဏာသိမ်းချိန်မှာ တပ်မတော်ကို ခုခံနိုင်တဲ့ လက်နက်ကိုင်တပ်ရယ်လို့ မြေပေါ်နိုင်ငံရေးသမားတွေလက်မှာ မကျန်ဖြစ်ခဲ့ကြောင်း မေရီကယ်လ်ဟန်က ရန်သူမွေးခြင်း၊ မြန်မာပြည်က စစ်နဲ့နိုင်ငံ တည်ဆောက်ခြင်း စာအုပ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone
၂၆ နှစ် အာဏာသိမ်း
ဒုတိယအာဏာသိမ်းပွဲကတော့ မထင်မှတ်ဘဲ သိမ်းတာ ဖြစ်ပါတယ်။ ၁၉၅၈ ကလို အာဏာသိမ်းနိုင်တဲ့ အငွေ့အသက်တွေ မတွေ့ရဘဲ ဖက်ဒရယ်မူအရေး ဆွေးနွေးနေချိန်မှာ သိမ်းတာဖြစ်လို့ ရှမ်းခေါင်းဆောင်တွေ တစုတဝေး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၆ဝ ရွေးကောက်ပွဲ မှာ တပ်နဲ့ အဆင်မပြေလှတဲ့ ဦးနုကို ၂ နှစ် အာဏာပြန်လွှဲပေးပြီးမှ ပြန်သိမ်းခဲ့တာဖြစ်ပါတယ်။ ဦးနုရဲ့ ပါတီတွင်းအကွဲအပြဲနဲ့ ပြည်နယ်သစ် တောင်းဆိုမှုတွေ၊ ဖက်ဒရယ်ပြဿနာ အားလုံးကို အကြောင်းရှာသိမ်းတယ်လို့ ဆိုကြသလို ဆိုရှယ်လစ်ဗန်းပြပြီး လက်ဝဲသမားတွေကို စည်းရုံးတယ်လို့လည်း ဆိုကြပါတယ်။ တကယ်က အာဏာမသိမ်းခင်ကတည်းက ဦးနုနဲ့ တပ်ခေါင်းဆောင်တွေကြား ပြေလည်မှု သိပ်မရှိ ဘူး၊ တပ်ဘက်က နောက်တကြိမ် အာဏာယူဖို့ ဆန္ဒရှိနေကြတယ်လို့ ဦးနုရဲ့ရှုံးနိမ့်မှုနဲ့ တပ်မတော်ရဲ့ ပြန်အလာ စာတမ်းမှာ ဖရန့် ထရေဂါက ရေးပါတယ်။ ဦးနုရဲ့ သူ့ရဲ့ တင်းမာမှုလျော့ကျရေး လှုပ်ရှားမှုတွေမရှိခဲ့ရင် မြန်မာပြည်ဟာ ကွန်ဂို၊ လာအိုလို ဖြစ်နေပြီလို့ ၁၉၆၁ က ပြောခဲ့တယ်လို့ ဆိုပါတယ်။ နောက် ဦးနုအစိုးရဘက်က လူတိုင်း စစ်မှုမထမ်းမနေရ စနစ်လုပ်ဖို့ စဥ်းစားတာကို တပ်က မကြိုက်ဘူး၊ ဒါကြောင့် တပ်မတော်ကို ဖျက်ဖို့ လုပ်နေပြီဆိုပြီး နယ်တပ်တွေမှာ ဗိုလ်မှူးချုပ်တင်ဖေက ပြောခဲ့တယ် လို့လည်း ၁၉၅၈- ၁၉၆၂မြန်မာ့နိုင်ငံရေး စာအုပ်မှာ ပါရှိပါတယ်။
ဒီတကြိမ်မှာတော့ တပ်ကရေးဆွဲထားတဲ့ နာမရူပဝါဒ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ နိုင်ငံကို အုပ်ချုပ်ပါတယ်။ နိုင်ငံရေးသမား တွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်သလို မပူးပေါင်းသူတွေကို နှိပ်ကွပ်ဖမ်းဆီးပါတယ်။ သတင်းစာတွေ အပိတ်ခံရ၊ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်း ခံရသလို ၁၉၆၄ မှာတော့ လမ်းစဥ်ပါတီကလွဲပြီး ကျန်တဲ့ပါတီတွေ ဖျက်ပါတယ်။ အိန္ဒိယနဲ့တရုတ်နွယ်ဖွားတွေ နှင်ထုတ်ခံရတာအပြင် လူမျိုးရေး အဓိကရုဏ်းတွေလည်း ဖြစ်ပါတယ်။ သံဃာ၊ ကျောင်းသားနဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့ပြီး လူမျိုးစု လက်နက်ကိုင်တွေ၊ ကွန်မြူနစ်တွေအပြင် နောက်ပိုင်းမှာ ဦးနုရဲ့ ပုန်ကန်မှုတွေနဲ့ပါ ရင်ဆိုင်ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာသိမ်းတာကို တရားဝင်ဖြစ်အောင် အခြေခံဥပဒေဆွဲတာ၊ ပြည်သူကို အာဏာပြန်အပ်ပြီး ပြည်သူက အရပ်သားဖြစ်သွားတဲ့ ဦးနေဝင်းကို အာဏာပြန်အပ်တယ် ဆိုတာမျိုးတွေ ဖြစ်အောင် အကွက်ချလုပ်ဆောင်ပါတယ်။ ပြည်သူ့လက်က အာဏာဆင်းသက်တယ် ဆိုတဲ့ သဘောတရား ကို ဖွဲ့စည်းပုံမှာ ပါအောင်ရေးပြီး အဲဒီအာဏာ ဘယ်လိုဆင်းသက်တယ်ဆိုတာကိုတော့ သူ့စိတ်ကြိုက်ဖြစ်အောင် လုပ်သွားတယ်လို့လည်း သူနဲ့ ခေတ်ပြိုင်တွေက ပြောပါတယ်။ ၁၉၆၈ မှာ လွတ်လာတဲ့ နိုင်ငံရေးခေါင်းဆောင် တွေဆီက အကြံတောင်းတယ်ဆိုတာမျိုးလည်း လုပ်ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အရပ်သားတွေကို အာဏာခွဲမပေးတဲ့အပြင် သူ့ပါတီကို ပူးပေါင်းလာတဲ့ လက်နက်ချကွန်မြူနစ် တွေကိုပါ ၁၉၇၇ ပါတီညီလာခံမှာ ထုတ်ပယ်ခဲ့ပါတယ်။ ၁၉၈၈ မှာ ဆင်းရဲကျပ်တည်း မှုတွေ အကြောင်းခံပြီး ဆန္ဒပြပွဲတွေ ဖြစ်လာပြီး နောက် ဦးနေဝင်း နုတ်ထွက်သွားပေမယ့် နောက်က အာဏာကို ဆက်ကြိုးကိုင်ခဲ့တယ် လို့လည်း ရေးကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၈လေးလုံးနဲ့ အာဏာသိမ်း
၁၉၈၈ အာဏာသိမ်းမှုကို အာဏာလွှဲပြောင်းမှုလို့ပဲ ယူဆကြပါတယ်။ လမ်းစဥ်ပါတီခေါင်းဆောင်တွေကိုပဲ မဖမ်းဘဲ ဦးနေဝင်းကို ဆက်အစောင့်အရှောက်ပေးထားတဲ့အပြင် တပ်မတော်နေ့ ညစာစားပွဲမှာ သူတက်တာမျိုးထိ ရှိခဲ့တဲ့အတွက် ဒီအာဏာသိမ်းပွဲက လူထု ဆီက အာဏာသိမ်းတာလို့ သတ်မှတ်ကြပါတယ်။ ရွေးကောက်ပွဲကတိပေးပြီး စစ်တန်းလျားပြန်မယ်လို့ ဗိုလ်ချုပ်ကြီးစောမောင်က ကတိပေးခဲ့ပေမယ့် သူသာ ရာထူးက ပြုတ်သွားပြီး နောက် အနှစ် ၂ဝ နီးပါး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ လွှတ်တော်ခေါ်ရေးနဲ့ နဝတစစ်အစိုးရရဲ့ အမျိုးသားညီလာခံ လွန်ဆွဲပွဲကြား နိုင်ငံရေးက အီသွားခဲ့သလို လူ့အခွင့်အရေး ဖိနှိပ်မှုတွေ ပိုဆိုးခဲ့ပါတယ်။ စျေးကွက်စီးပွားရေး ရှိတယ်ဆိုပေမယ့် စစ်အစိုးရနဲ့နီးစပ်သူတွေ ချမ်းသာဖို့နဲ့ ခရိုနီလူတန်းစား ပေါ်ထွန်းဖို့ ဖြစ်လာပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေလည်း ပိုပေါလာပြီး ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ က ဝေဖန်ပြစ်တင် ခဲ့ပါတယ်။ တခြားဘက်မှာတော့ လမ်းတံတားဆည်မြောင်း စီမံကိန်းတွေကို တရုတ်အကူအညီနဲ့ အများအပြား ဆောက်လုပ်ခဲ့ပါတယ်။
တခါ အိမ်စောင့်ခေတ်က ရှိခဲ့တဲ့ ကြံ့ခိုင်ရေးအသင်းကို ပြန်ထူထောင်ပြီး ပါတီဖြစ်အောင် နအဖခေတ်မှာ ဖန်တီးခဲ့ပါတယ်။ ၂ဝဝ၈ မှာ အတည်ပြုတဲ့ ဖွဲ့စည်းပုံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒီပါတီနိုင်ပြီး စစ်အစိုးရခေတ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဒီတကြိမ် နိုင်ငံရေးအပြောင်းအလဲမှာ အရပ်သားတွေကို တပ်က ရေရှည်အုပ်စီးထားနိုင်အောင် ပြင်ဆင်ပြီးမှ လွှဲပေးတာမို့ အနှစ် ၂ဝ အချိန်ယူခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အခြေခံဥပဒေမဖျက် အာဏာသိမ်း
၂၀၁၁ က ၂၀၂၁ နိုင်ငံရေး ဆယ်နှစ်ကတော့ မြန်မာပြည်မှာ ပါတီစုံနိုင်ငံရေးကို စစ်တပ်ထိန်းချုပ်မှုနဲ့ ပြန်လည်ထူထောင်တဲ့ ခေတ်ဖြစ် ပါတယ်။ အင်ဒိုနီးရှားပုံစံ စစ်နဲ့အရပ် တွဲဖက်လွှတ်တော်တက်တာ၊ အစိုးရမှာ ပါဝင်တာတွေ ရှိပေမယ့် ကြံ့ခိုင်ရေးခေတ် အရပ်သားအစိုးရ ကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တဲ့အတွက် တပ်နဲ့ ပိုအဆင်ပြေခဲ့ပါတယ်။ ၂၀၁၆ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ပြီးနောက် တပ်နဲ့ ဆက်ဆံရေးတည်ဆောက်မှုက ကြည်တခါ နောက်တလှည့်နဲ့ နောက်ဆုံး အာဏာသိမ်းတဲ့ စခန်းမှာ အဆုံးသတ်သွားပါတယ်။ ဒီအာဏာသိမ်းပွဲကို ဖွဲ့စည်းပုံနဲ့ ညီတယ် မညီဘူး ငြင်းနေကြပေမယ့် ခုထိတော့ ဖွဲ့စည်းပုံကို မရပ် သေးဘဲ စစ်ကောင်စီနဲ့ အုပ်ချုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးအကြိမ် အာဏာသိမ်းပွဲဟာ ၁၉၅၈ အာဏာသိမ်းစဉ်ကလိုပဲ မသိမ်းခင်ကတည်းက သိမ်းမယ်ဆိုတဲ့ အသံတွေ ထွက်နေခဲ့ ပါတယ်။ ၁၉၅၈ လို စေ့စပ်ညှိနှိုင်းပြီး အာဏာလွှဲတာမဟုတ်ပေမယ့် အခြေခံဥပဒေကို မဖျက်ဘဲ စစ်အစိုးရဖွဲ့တာကလည်း ၁၉၅၈ အတိုင်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတဲ့ ဆောင်ပုဒ်လည်း တွေ့ရတဲ့အတွက် ၁၉၆၂၊ ၁၉၈၈ အာဏာသိမ်းပွဲတွေလို အုပ်ချုပ်ရေးပုံစံတခါ ပြောင်းမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်တခါ လာမယ့် ဖွဲ့စည်းပုံက ပေးမယ့် ဒီမိုကရေစီစည်းဝိုင်းက ၂ဝဝ၈ စည်းဝိုင်းလောက်တောင် ကျယ်ပါ့မလား စိုးရိမ်သူတွေလည်း အများအပြား ရှိပါတယ်။ အရင် အာဏာသိမ်းပွဲတွေနဲ့ မတူတာကတော့ ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ၁၉၈၈ က ဆန္ဒပြပွဲတွေကို သွေးထွက်သံယိုသတ်ဖြတ်မှုတွေနဲ့ ဖြိုခွဲခဲ့သလို ၁၉၆၂ နောက်ပိုင်း ဆဲဗင်းဇူလိုင်အပါအဝင် ဆန္ဒပြပွဲတွေကိုလည်း တပ်က ပစ်ခတ်နှိမ်နင်း ခဲ့ပါတယ်။
သိမ်းနဲ့ဖမ်းဋီကာ
မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်နဲ့ အရပ်သားအစိုးရ ဆက်ဆံရေးကို မူတည်ပြီး နိုင်ငံရေး အကြိမ်ကြိမ် ပြောင်းလဲ ခဲ့ပါတယ်။ အာဏာလေးကြိမ်သိမ်းပြီးနောက် ဖွဲ့စည်းပုံသုံးခု၊ အလံသုံးမျိုးနဲ့ သမ္မတနိုင်ငံသုံးခါ တည်ထောင်ခဲ့ပြီး စတုတ္ထအပြောင်းအလဲ ကိုလည်း တပ်ကပဲ ဦးဆောင်မယ့်ပုံ ရှိနေပါတယ်။
မြန်မာပြည်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှုကလွဲရင် မအောင်မြင်တဲ့ အာဏာသိမ်းပွဲလို့ မရှိဘဲ အောင်မြင်သော အာဏာ သိမ်းပွဲတွေသာ ရှိခဲ့ပါတယ်။ အာဏာသိမ်းနည်းနဲ့ လက်ရှိ အာဏာရှင်ကို အာဏာရှင်လက်သစ်နဲ့ အစားလဲတာ၊ အရွေးချယ်ခံစနစ် ပျက်ပြီး အာဏာရှင် တက်လာတာ ဆိုတဲ့ ရလဒ်တွေ မြန်မာပြည်မှာ တွေ့ခဲ့ရပြီး အာဏာသိမ်းလို့ အာဏာရှင်စနစ် ပျက်ပြီး ဒီမိုကရေစီ ထွန်းကား လာတာတော့ မရှိသေးပါဘူး။ အာဏာသိမ်းတိုင်း ဖမ်းဆီးမှုတွေ ဖြစ်တာကတော့ အကြိမ်တိုင်းမှာ တွေ့ရပါတယ်။ ၁၉၆၂ နဲ့ ၂၀၂၁ မှာ အစိုးရ ခေါင်းဆောင်တွေကို ဖမ်းခဲ့ပြီး ၁၉၅၈ နဲ့ ၁၉၈၈ မှာတော့ ခွင့်ပြုချက်နဲ့ သိမ်းတာဖြစ်လို့ သခင်ကျော်ဒွန်းနဲ့ သခင်ပန်းမြိုင်ကို ရာဇဝတ်မှုနဲ့ ဖမ်းတာကလွဲရင် မရှိခဲ့ပါဘူး။
ကမ္ဘာ့အာဏာသိမ်းမှုတွေကို ဖြစ်စေတဲ့ အကြောင်းများစွာထဲက တပ်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတ၊ တပ်အလိုက် ဖြစ်နေတဲ့ အာဃာတ၊ စီးပွားရေး ကျဆင်းမှု၊ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း၊ ပြည်ပရန်၊ တပ်နိုင်ငံရေးယဉ်ကျေးမှု ၊ အရပ်ဘက် အဖွဲ့အစည်း အားနည်းမှု၊ ကိုလိုနီ လက်ကျန် အရှုပ်အရှင်း စတဲ့ အချက်တွေဟာ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းပွဲလေးပွဲလုံးနဲ့ လာပြီး သက်ဆိုင် နေပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ မြန်မာအပါအဝင် အာဏာသိမ်းပြီး တက်လာတဲ့ ခေါင်းဆောင် ၁၄ ယောက် ရှိပြီး အာရှက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အာဏာသိမ်းယဉ်ကျေးမှုပျောက်ပြီး ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ကတော့ ဒီမိုကရေစီကို မြန်မာပြည်သူတွေ ရင်ထဲ၊ တပ်မတော်သားတွေရဲ့ နှလုံးထဲထိ ရောက်အောင် ပို့ဖို့ လိုမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲံ့ ရွေးကောက်ပွဲတွေ ရှိတိုင်း ဒီမိုကရေစီ မတည်တံ့ တာကိုလည်း အနှစ် ၇ဝ ကျော် လွတ်လပ်ရေး သမိုင်းက ပြခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့လည်း ဒီမိုကရေစီ မထွန်းကား နိုင်တဲ့အတွက် တောင်ပေါ် မြေပြန့် ချစ်ကြည်ရေးနဲ့ သိနားလည်ရေးတွေ အမြန်တည်ဆောက်ဖို့ကလည်း အရေးကြီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters








