အာဏာသိမ်းနှစ်နှစ်ပြည့်-အရေးပေါ်ကာလအလွန် စစ်ခေါင်းဆောင် ခြေလှမ်းများ

Army Chief

ဓာတ်ပုံ ရင်းမြစ်, Myanmar Military

စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်မယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး က ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုချရဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးတည်းဆီမှာ နိုင်ငံတော်အာဏာကိုဆက်ထားမထား ဆိုတာကို ဒီကာလုံအစည်းအဝေးကဆုံးဖြတ်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆက်ရှိမရှိ ဆိုတာပါ အဖြေပေါ်မှာဖြစ်ပါတယ်။

သြဂုတ်လမှာ ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာကလည်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးဆုံးဖြတ်ချက်တွေအပေါ် မူတည်နေပါတယ်။

ဇန်နဝါရီလကုန်မှာ ရောက်လာမယ့် နိုင်ငံရေးအခင်းအကျင်းအပေါ် ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နေပြည်တော်ဆုံကြတဲ့ စစ်ဘက်အရာရှိကြီးတွေ၊ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား စိတ်ဝင်တစားဆွေးနွေးခဲ့ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

အရေးပေါ်ကာလ ပြဋ္ဌာန်းချက် အခန်း ၁၁

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

ဓာတ်ပုံ ရင်းမြစ်, SS

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ရယူသုံးစွဲနိုင်တဲ့ ပုဒ်မတစ်ခုကို အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များလို့ အမည်ရတဲ့ အခန်း ၁၁ မှာ ထည့်ပေးခဲ့ပါတယ်။

သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အမြောက်အမြားကို ဖမ်းဆီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဥ်ဟာ စစ်တပ်ကအာဏာသိမ်းတာလို့ ပြည်တွင်းပြည်ပက ရှင်းရှင်းလင်းလင်းသိမြင်ခဲ့ပေမဲ့ စစ်တပ်ကတော့ အခန်း ၁၁ ပါ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အာဏာထိန်းတာ လို့ ပြောနေဆဲပါ။

အာဏာသိမ်းတာ မဟုတ်ဘူးလို့ အစဥ်တစ်စိုက်ငြင်းဆိုနေတဲ့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာကြောင်း သက်သေပြဖို့အတွက် နောက်ထပ် အချိုးအကွေ့တစ်ခုကို ဖြတ်သန်းရပါတော့မယ်။

စစ်တပ်ဟာ ပြည်တွင်းကသူ့ကိုထောက်ခံသူတွေကို ထိန်းထားဖို့နဲ့ တရုတ်နဲ့ရုရှားလို မဟာမိတ်နိုင်ငံတွေရဲ့ ကျောထောက်နောက်ခံပေးမှုကိုဆက်လက်ရရှိနေဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာနေဆဲဆိုတာကို သက်သေပြဖို့လိုအပ်နေတာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယာယီသမ္မတဦးမြင့်ဆွေက အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာကို လွှဲအပ်ခဲ့ပါတယ်။

နောက်ထပ် ခြောက်လ နှစ်ကြိမ်လည်း သက်တမ်းတိုးပေးခဲ့ပြီးပြီဖြစ်လို့ ဇန်နဝါရီလကုန်ရင် အရေးပေါ်ကာလကုန်ဆုံးပြီဖြစ်ပါတယ်။

အဲဒီနောက် ပုဒ်မ ၄၂၆ အရ သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လွှဲအပ်ထားတဲ့ နိုင်ငံတော်အာဏာလွှဲပြောင်းမိန့်ကို ပယ်ဖျက်ရမှာဖြစ်ပြီး အဓိပ္ပာယ်ကတော့ တပ်ချုပ်က အာဏာသုံးရပ်ကို နှစ်နှစ်အထိပဲ ကျင့်သုံးခွင့်ရပြီး ဆက်လက်ကျင့်သုံးလို့မရတော့တဲ့သဘောဖြစ်ပါတယ်။

ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့သက်ဆိုင်တဲ့ အဓိကပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၂၇ က စလို့ ပုဒ်မ ၄၃၂ အထိ အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ ၃ ရပ်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပဲ ကျင့်သုံးဖို့ပြဋ္ဌာန်းထားပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။

ဒီအချိန်ဇယားအတိုင်းတွက်ချက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ သြဂုတ်မှာ ပေးအပ်ထားတဲ့ တာဝန်တွေပြီးမြောက်အောင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ အာဏာသိမ်းပြီး ၆ လပြည့်မိန့်ခွန်းမှာ ကတိပြုခဲ့တာပဲဖြစ်ပါတယ်။

ကာလုံ အာဏာယူမလား

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, CINCDS

‌ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပေးထားချက်အရ ပုဒ်မ ၄၂၆ ကို ကျင့်သုံးလိုက်တာနဲ့ တပ်ချုပ်ကိုင်စွဲထားတဲ့ အာဏာသုံးရပ်ဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ရောက်ရှိသွားမှာဖြစ်ပြီး ကာလုံအဖွဲ့ဝင်တွေနဲ့ မျှဝေကျင့်သုံးရတော့မှာဖြစ်ပါတယ်။

ကာလုံကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကာလုံမှာ တပ်ကပါဝင်တဲ့ အရေအတွက်က အရပ်ဘက်ထက်ပိုများလို့ အစဥ်တစိုက် ဝေဖန်ခဲ့ကြပေမဲ့ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ သမ္မတက ကာလုံမှာ အရေးအပါဆုံးလူဖြစ်တယ်လို့ ကာလုံအဖွဲ့ဝင်ဟောင်းတွေက ပြောဖူးပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အများစုမှာ တပ်ချုပ်သဘောတူညီမှုကလည်း အဓိကကျတဲ့အခြေအနေမှာ ပါဝင်ခဲ့တယ်ဆိုတာကို ကာလုံအစည်းအဝေးတွေ ပုံမှန်ကျင်းပနိုင်ခဲ့တဲ့အခြေအနေနဲ့ အရပ်ဘက်သမ္မတ နဲ့ စစ်တပ်ခေါင်းဆောင်တို့ ခရီးစဥ်တွေ၊ အခမ်းအနားတွေမှာ အမြဲတတွဲတွဲရှိတဲ့ဆက်ဆံရေးကတစ်ဆင့် မြင်သာစေပါတယ်။

အာဏာသိမ်းထားတဲ့ ဒီကာလမှာတော့ ကာလုံမှာ ဒုသမ္မတတစ်ဦးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဦး လစ်လပ်နေပြီး ဒုသမ္မတတစ်ဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ကလည်း စစ်တပ်ကို လွန်ဆန်ရဲသူတွေမဟုတ်ဘူးဆိုတဲ့ ယူဆမှုတွေရှိတာကြောင့် ကာလုံဟာ တပ်ကပဲလွှမ်းမိုးချုပ်ကိုင်ထားမယ့် အခင်းအကျင်းတစ်ခု ဆက်ဖြစ်နေဦးမှာပါ။

NLD အစိုးရလက်ထက်မှာတော့ သမ္မတဦးထင်ကျော်ရော၊ သမ္မတဦးဝင်းမြင့်ကပါ ကာလုံအစည်းအဝေးကို တစ်ခါမှ မကျင်းပဖြစ်ခဲ့ဘဲ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသာ အစိုးရအဖွဲ့မှာ သြဇာအညောင်းဆုံးဖြစ်ခဲ့ပါတယ်။

လက်ရှိ ယာယီသမ္မတဦးမြင့်ဆွေကို စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ၃ ခါပဲ လူမြင်ကွင်းမှာတွေ့ခဲ့ရပြီး တပ်ချုပ်ကို တစ်နှစ် အာဏာလွှဲချိန်နဲ့ ၆လ သက်တမ်း နှစ်ခါတိုးတဲ့ ကာလုံ အစည်းအဝေးတွေမှာသာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဦးမြင့်ဆွေက ကာလုံကို ဦးဆောင်ပြီး နိုင်ငံကို စီမံအုပ်ချုပ်ဖို့ ဆိုတာ ဖြစ်နိုင်ခြေနည်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ လက်ရှိအတိုင်း အာဏာဆက်ယူထားဖို့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

‘ဦးမြင့်ဆွေက တပ်ချုပ်ကိုပဲ လုပ်ပိုင်ခွင့် လွှဲပေးပြီး တပ်ချုပ်ကပဲ ဆက်တာဝန်ယူသွားမယ်’ လို့ စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံအတိုင်းလိုက်နာမယ်ဆိုရင် တပ်ချုပ်က ကာလုံကို အာဏာပြန်လွှဲပေးရလိမ့်မယ်လို့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

‘ကာလုံက အာဏာပြန်ယူပြီးမှ တပ်ချုပ်ကိုပြန်လွှဲလည်းရတာပဲလေ’ လို့ သူကပြောပါတယ်။

စစ်ကောင်စီ အနာဂတ်ဘာဆက်ဖြစ်လာမလဲ။

လွတ်လပ်ရေးနေ့ညစာစားပွဲ

ဓာတ်ပုံ ရင်းမြစ်, cincds

တပ်ချုပ်က အာဏာဆက်ယူဖို့ သေချာပေမဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ ကိုက်ညီအောင် ဘယ်လို ဆက်ယူမလဲ ဆိုတဲ့ မေးခွန်းတွေပေါ်လာပါတယ်။

ဆိုခဲ့ပါအတိုင်း ကာလုံကနေ ပြန်လွှဲပေးပြီး ဆက်လက် အုပ်ချုပ်နိုင်ပေမဲ့ လက်ရှိ အရေးပေါ်ကာလအတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို 'ဖျက်သိမ်းမလား အသစ်ပြန်ဖွဲ့မလား' ဆိုတာ ကောင်စီဝင်တချို့တောင် ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။

‘လကုန်ရင် ကျွန်တော်တို့အနာဂတ်ဘယ်လိုရှိမလဲဆိုတာ တကယ်မသိသေးတာပါ’ လို့ ကောင်စီဝင်တစ်ဦးက နေပြည်တော်ကို လွတ်လပ်ရေးနေ့အခမ်းအနားလာတက်တဲ့ သူ့မိတ်ဆွေတစ်ဦးကို ပြောပြခဲ့တာကို ဘီဘီစီက သိရှိထားရပါတယ်။

သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၄ ရက် ညချမ်းက လုပ်တဲ့ ညစာစားပွဲမှာ တပ်နဲ့နီးစပ်သူတွေ လူစုံခဲ့ပြီး အရပ်သားကောင်စီဝင်တွေဟာ ဇန်နဝါရီလကုန်မှာ ရှိမယ့်သူတို့နေရာအတွက် ဗိုလ်ချုပ်မှူးကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြတယ်လို့ ညစာစားပွဲတက်ရောက်ခဲ့သူတွေထံက ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။

အရေးပေါ်ကာလကုန်ဆုံးဖို့ လပိုင်းအလိုလောက်ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို အမည်ပြောင်းမယ်လို့ သတင်းတွေထွက်ခဲ့ပြီး Guardian Government ဆိုတဲ့ အမည်က ရေပန်းအစားဆုံးဖြစ်ပါတယ်။

ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက အာဏာသုံးရပ်ကို ကျင့်သုံးရင်တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလိုအလျောက်ရပ်ဆိုင်းသွားမယ့်သဘောလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဥပဒေပြုရေးအာဏာကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ကိုယ်တိုင်ကျင့်သုံးပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို တစ်ယောက်ယောက် သို့မဟုတ် တစ်ဖွဲ့ဖွဲ့ကို လွှဲအပ်ကျင့်သုံးစေနိုင်တယ်လို့ ပုဒ်မ ၄၂၇(ခ) မှာ ပြဋ္ဌာန်းထားပါတယ်။

တရားစီရင်ရေးကိုတော့ လက်ရှိတရားသူကြီးချုပ်ဦးထွန်းထွန်းဦးကပဲ တာဝန်ယူနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်လာဖွယ်ရှိပြီး

Guardian Government ဆိုတဲ့ အမည်ကို သုံးလာနိုင်တဲ့အကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အာဏာသိမ်းပြီး ခြောက်လအကြာမှာ ‘အိမ်စောင့်အစိုးရ’ အဖြစ်အမည်ပြောင်းလဲခဲ့ပေမဲ့ နောက်ပိုင်းမှာ အဆိုပါအသုံးအနှုန်းကို သုံးစွဲတာ မတွေ့ရတော့ပါဘူး။

နေပြည်တော် စစ်ရုံးထဲက သတင်းအရင်းအမြစ်တစ်ဦးကတော့ အစိုးရအဖွဲ့အမည်အပြောင်းအလဲတွေနဲ့ ရာထူးအပြောင်းအလဲတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပြီး အခုချိန်အထိ ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို မကြားရသေးဘူးလို့ ပြောပါတယ်။

အခြေခံဥပဒေနဲ့အညီ ဖြစ်အောင် ဘယ်လိုသက်တမ်းတိုးမလဲဆိုတာကို ကကဥ(စစ်ဥပဒေချုပ်ရုံး) ဆီကရော အကြံပေးအဖွဲ့ဆီကပါ အကြံပြုချက်တွေကို စစ်ကောင်စီဥက္ကဋ္ဌက နားထောင်နေတယ်လို့ စစ်ရုံးထဲက အရာရှိကြီးတစ်ဦးကပြောပါတယ်။

အရေးပေါ်ကာလအလွန် အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို မေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမဲ့ ဆောင်းပါးထုတ်တဲ့ အချိန်အထိ အဖြေမရသေးပါဘူး။

ဒါပေမဲ့ အာဏာသိမ်းကာလ ၂ နှစ်ပြည့်တဲ့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူသွားဖို့ရှိပြီး ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း အခြေအနေတွေကို အစီရင်ခံဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလလယ်ပိုင်းမှာ မီဒီယာတချို့ကိုထုတ်ပြောလာတာရှိပါတယ်။

တပ်ချုပ် အာဏာဘယ်လိုဆက်ယူမလဲ

Army Chief

ဓာတ်ပုံ ရင်းမြစ်, Myanmar Military

‌ပုဒ်မ ၄၂၅ ဟာ အရေးပေါ်ကာလကို သက်တမ်းတိုးပေးတဲ့ ပုဒ်မဖြစ်ပြီး ‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက် အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။’ လို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၂၂ ဖေဖော်ဝါရီ နဲ့ သြဂုတ်လတွေမှာ ခေါ်ယူခဲ့တဲ့ ကာလုံအစည်းအဝေးတွေမှာ တပ်ချုပ်က ဒီပုဒ်မနဲ့ နှစ်ကြိမ်သက်တမ်းတိုးခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အရေးပါ်ကာလကို သက်တမ်းတိုးနိုင်တဲ့အခြေအနေက ကုန်ဆုံးသွားပြီလို့ ယေဘုယျအားဖြင့် နားလည်နိုင်ပါတယ်။

ဒါပေမဲ့ စစ်ဥပဒေချုပ်ရုံးဘက်က ‌ပုဒ်မ ၄၂၅ ထဲက ‘ သာမန်အားဖြင့်’ ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုပြီး အချိန်ကာလထပ်ယူဖို့ အကြံပြုထားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒီအတိုင်းသာ သက်တမ်းတိုးနိုင်ခဲ့ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း ဖျက်သိမ်းစရာ၊အမည်ပြောင်းစရာမလိုဘဲ နေမြဲအတိုင်းနေသွားနိုင်ပါတယ်။

 ‘ယာယီသမ္မတကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့တာဝန်တွေဆောင်ရွက်ပြီးမြောက်မှုနဲ့ပတ်သက်လို့ ဘယ်လိုတင်ပြမလဲဆိုတာက အဓိကကျလိမ့်မယ်’ လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှံ့စပ်တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲက မတည်ငြိမ်သေးတဲ့ အခြေအနေတွေကို အကြောင်းပြပြီး ‌ပုဒ်မ ၄၂၅ ထဲက ‘ သာမန်အားဖြင့်’ ဆိုတဲ့ စကားလုံးကိုသုံးပြီး ဆက်လက်သက်တမ်းတိုးနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

‘သာမန်အခြေအနေ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ အခြေခံဥပဒေခုံရုံးက ဖွင့်ပေးရလိမ့်မယ်ထင်တယ်’ လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အာဏာကို နှစ်ပေါင်းများစွာကိုင်စွဲသွားနိုင်တဲ့ ပေးထားချက်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသေးတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

‘အရေးပေါ်ကာလကို နှစ်နှစ််ထက်ပိုမတိုးရဘူးဆိုတဲ့ ကန့်သတ်ချက်လည်းမရှိပြန်ဘူး။ ဒါကြောင့် အခြေခံဥပဒေကိုမဖျက်ဘဲ ဦးသန်းရွှေလိုလည်းနေသွားနိုင်တယ်။ ဒါပေမဲ့ တပ်ကအာဏာကို အဲဒီလို အကြာကြီးကိုင်စွဲထားမှာကို ကျွန်တော်တို့လည်းမကြိုက်ဘူး’ လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲအပေါ်သက်ရောက်မှု

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ရှေ့လုပ်ငန်းစဥ်မှာ ကတိပြုထား

ဓာတ်ပုံ ရင်းမြစ်, MOI

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုကျင့်သုံးမှုတွေဟာ စစ်ကောင်စီကကျင်းပပေးမယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ပွဲကို သတ်မှတ်ချိန်အတွင်း ကျင်းပဖြစ်မဖြစ်ဆိုတဲ့အပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။

အရေးပေါ်ကာလကို ကာလုံက သက်တမ်းထပ်တိုးပေးခဲ့ရင် သြဂုတ်လမှာ မဖြစ်မနေရွေးကောက်ပွဲ ကျင်းပပေးစရာ မလိုတော့ပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီက အာဏာသုံးရပ်ကို ကာလုံ က ရယူကျင့်သုံးပြီဆိုရင်တော့ ခြောက်လအတွင်း (သြဂုတ်လနောက်ဆုံးထားပြီး) ရွေးကောက်ပွဲလုပ်ပေးရမှာဖြစ်ပါတယ်။

‘ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်’ လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ပြောခဲ့ပေမဲ့ ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာ ထည့်မပြောသွားပါဘူး။

နိုင်ငံရေးပါတီအများစုကလည်း မြေပြင်အခြေအနေအရ ဒီနှစ်အတောအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့မဖြစ်နိုင်သေးဘူးလို့ ယူဆနားလည်ထားကြပါတယ်။

လာမယ့် ကာလုံအစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုလည်း ဖိတ်ကြားပြီး ရွေးကောက်ပွဲကျင်းပနိုင်မယ့်အခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉(င) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နယ်မြေလုံခြုံမှုမရှိရင် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းပိုင်ခွင့်ရှိနေပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က လုံခြုံမှုရတဲ့အချိန်တစ်ခုအထိ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းတာလည်းလုပ်နိုင်သလို လုံခြုံမှုရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကို စတင်ကျင်းပဖို့လည်း ရွေးချယ်နိုင်ပါတယ်။

လုံခြုံမှုရှိတဲ့ မဲဆန္ဒနယ်တွေမှာပဲ ရွေးကောက်ပွဲကိုကွက်ပြီးကျင်းပရင် ဒီရွေးကောက်ပွဲပုံစံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း ကြုံခဲ့ရတဲ့ အထွေထွေရွေးကောက်ပွဲတွေလို တစ်ရက်တည်းမှာ နိုင်ငံနဲ့အဝန်းကျင်းပပြီး ရက်ပိုင်းအတွင်း ရလဒ်ထွက်တဲ့ ပုံစံမျိုးကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲ

၁၉၅၁ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲ ပုံစံမျိုး ဖြစ်လာနိုင်ခြေရှိပါတယ်။

ပထမအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူလုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရတဲ့အကြောင်း ဘီဘီစီ ကိုပြောပါတယ်။

‘ရွေးကောက်ပွဲက တစ်ရက်တည်း အပြီးကျင်းပရမယ်လို့ လည်း ဥပဒေမှာမပါတော့ အေးချမ်းတဲ့နေရာတွေရွေးပြီး ကျင်းပသွားလိမ့်မယ်ထင်တယ်’ ဟု သူ့အမြင်ကိုပြောပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေပြီး မထုတ်ပြန်နိုင်သေးပါဘူး။

ဒါ့အပြင် အချိုးကျကိုယ်စားပြုစနစ်(PR စနစ်) ကို မဲဆန္ဒရှင်ပညာပေးဖို့ အချိန်ကာလ လိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ ပါတီတချို့က ထောက်ပြနေကြပါတယ်။

‘မဲဆန္ဒရှင်တွေက နိုင်သူအကုန်ယူရော ပီအာရ်နဲ့ပါ စနစ် ၂ မျိုးနဲ့ မဲပေးရတာမျိုးကြုံကြရလိမ့်မယ်’ လို့

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

သြဂုတ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်ရင် မဲဆွယ်စည်းရုံးရေးကာလဟာ မိုးတွင်းကြီး ဖြစ်နေလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။

လုံခြုံရေးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ ဇန်နဝါရီလကုန်မှာ တပ်ချုပ်က ကာလုံကို အာဏာအပ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း ‘မြန်မာ့နိုင်ငံရေးက ကြိုတင်ခန့်မှန်းရခက်ပါတယ်’ လို့ သူက ဆက်ပြောပါတယ်။

မြေပြင်အခြေအနေအရ ရွေးကောက်ပွဲလုပ်ဖို့ ခက်ခဲတဲ့အခြေအနေမှာရှိပြီး နယ်မြေအေးချမ်းတဲ့နေရာတွေမှာပဲ ကွက်လုပ်သွားလိမ့်မယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကလည်း သုံးသပ်နေကြပါတယ်။

အာဏာသိမ်းမှုအောက်မှာ ကျင်းပပေးမယ့် ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုကရော အမျိုးသားညီညွတ်ရေးအစိုးရကပါ အသိအမှတ်မပြုဘူးလို့ ထုတ်ပြောထားကြပါတယ်။

ရွေးကောက်ပွဲထက် ရွေးကောက်ပွဲအလွန်မှာ အနိုင်ရပါတီကို အမှန်တကယ် အာဏာလွှဲပေးပါ့မလားဆိုတာကလည်း အရေးကြီးတဲ့မေးခွန်းလို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

‘၁၉၉၀ တုန်းက မလွှဲပေးခဲ့ဘူး ကျွန်တော်တို့ကြုံခဲ့ပြီးပြီ။ ၂၀၂၀ ရွေးကောက်ပွဲလည်းခင်ဗျားကြည့်လေ။ ဒါကြောင့်ဒီမေးခွန်းကျွန်တော်တို့မေးတာ အပြစ်မတင်သင့်ဘူး’ လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင် ဘယ်လမ်းကိုရွေးဖို့ အများဆုံးဖြစ်နိုင်လဲ

Myanmar Military

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ သက်တမ်းကိုဆက်တိုးနိုင်ရေး အခြေခံဥပဒေဆိုင်ရာ အရပ်ဘက်ဥပဒေအကြံပေးအဖွဲ့အနည်းဆုံး ၅ ဦး၊ ကကဥ လို့အတိုကောက်ခေါ်တဲ့ စစ်ဥပဒေချုပ်ရုံးက တပ်အရာရှိကြီး တွေနဲ့ ကြား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အထိ အဆင့်ဆင့်ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ဘီဘီစီက စုံစမ်းသိရှိရတဲ့ နောက်ဆုံးသတင်းတွေအရဆိုရင် စစ်ကောင်စီရွေးချယ်နိုင်ခြေ အများဆုံး နည်းလမ်းတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များပါ ပုဒ်မ ၄၁၇ ကိုပဲ ပြန်သုံးပြီး သူ့သက်တမ်းကိုဆက်တိုးဖို့ လုပ်နိုင်တာဖြစ်ပါတယ်။

အရေးပေါ်ကာလဆိုင်ရာဥပဒေပြဌာန်းချက်များ ရဲ့ ပုဒ်မ ၄၂၅ ပါ သာမန်အားဖြင့်စကားလုံးကိုအထူးပြုပြီး သက်တမ်းဆက်တိုးဖို့ သုံးမယ်ဆိုရင် သူနဲ့ဆက်စပ်တဲ့ တခြား ပုဒ်မတွေကို ဆက်သုံးရမှာပါ။

ဒါကြောင့် သီးခြားရပ်တည်နိုင်တဲ့ပုဒ်မအနေနဲ့ ရှိနေပြီး ထပ်ပြီးလည်း အသုံးပြုနိုင်တဲ့ ပုဒ်မ ၄၁၇ ကိုပဲ သုံးပြီး စစ်ကောင်စီက သူ့သက်တမ်းကိုဆက်တိုးဖို့ လုပ်နိုင်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။