တပ်မတော် အာဏာ ဘယ်လိုသိမ်းခဲ့သလဲ

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ဆို

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွေ ကုန်ဆုံးပြီး တတိယအကြိမ် လွှတ်တော်သက်တမ်းတွေ မစတင်မီ ဇန်နဝါရီ ၃၁ ရက် သန်းခေါင်ယံအကျော်မှာပဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ထိန်းသိမ်းလိုက်ပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

အာဏာရပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အမတ်တွေ ဖမ်းဆီးခံရတဲ့အကြောင်း မနက်အစောပိုင်းမှာပဲ ဘီဘီစီကို အတည်ပြုပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုလည်း အစောပိုင်းကာလတွေမှာ တစ်နိုင်ငံလုံးနဲ့ ဖုန်းရော၊ အင်တာနက်ပါ အဆက်အသွယ် ဖြတ်ထားလိုက်ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာလည်း စစ်တပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ နီးစပ်သူတွေကို အိမ်တွေကနေ လာခေါ်သွားတဲ့ ရုပ်သံတွေနဲ့ သတင်းတွေ ပျံ့နှံ့နေခဲ့ပါတယ်။

သတင်းတွေကြားပြီး စိုးရိမ်ပူပန်သွားတဲ့ပြည်သူတချို့ဟာ ATM စက်တွေမှာ ငွေတွေထုတ်၊ ဆန်နဲ့ဆီလို အခြေခံစားကုန်တွေ ပြေးဝယ်ခဲ့ကြပါတယ်။

အမိန့်အမှတ် ၁/၂၀၂၁

သိပ်မကြာခင်မှာပဲ ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲ အပ်လိုက်တဲ့ အမိန့်ကို တပ်မတော်ပိုင် မြဝတီရုပ်သံက ကြေညာလိုက်ပြီး တပ်မတော်က နိုင်ငံတော်အာဏာကို တစ်နှစ် တာဝန်ယူကြောင်း တိုင်းပြည်ကို အသိပေးလိုက်ပါတယ်။

ဦးမြင့်ဆွေနဲ့ တပ်မတော်ခေါင်းဆောင်တွေပဲ ပါတဲ့ ကာလုံအစည်းအဝေးကို ခေါ်ယူလိုက်ပြီး အရေးပေါ်အခြေအနေ ကြေညာပြီး တပ်ချုပ်ကို အာဏာ လွှဲပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့မှာ စကျင်းပဖို့ ရှိနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးလည်း ဖြစ်မလာတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာထဲကနေတောင် ထွက်ခွင့်မရဘဲ လုံခြုံရေးတွေက ဝိုင်းထားခဲ့ပါတယ်။

အာဏာသိမ်းရတဲ့အကြောင်းရင်း

အဓိကကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ အခြေခံမဲစာရင်းတွေ ကွာဟချက် ကြီးမားနေတာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ကိစ္စလို့ အကြောင်းပြပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုတွေကို မရွှေ့ဆိုင်းဘဲ ဆက်လုပ်တာက အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူတာလို့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ခေါ်ယူပေးဖို့ တောင်းဆိုတာကို မခေါ်ပေးခဲ့သလို ကာလုံအစည်းအဝေး ခေါ်ဖို့ ၂ ကြိမ်တောင်းဆိုတာကိုလည်း ငြင်းပယ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

တပ်မတော် ဘာဆက်လုပ်မလဲ

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာ ပြန်လွှဲပေးမယ်လို့ ကတိပြုပါတယ်။

အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ တပ်မတော်က တစ်နှစ်အထိ နိုင်ငံတော်အာဏာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ တစ်နှစ်အတွင်းမှာ တပ်မတော်က အရပ်ဘက်ကို အာဏာ ပြန်လွှဲပေးမယ်လို့ ကတိပြုတာလည်း ဖြစ်ပါတယ်။

အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ တပ်မတော်က တစ်နှစ်အထိ နိုင်ငံတော်အာဏာကို ရယူနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ တပ်မတော်က တစ်နှစ်အထိ နိုင်ငံတော်အာဏာကို ရယူနိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြန်ဖွဲ့စည်းပြီး မဲစာရင်း စစ်ဆေးတာ အပါအဝင် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးနဲ့ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွား‌ရေးလုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အမြန် ကုစားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း NCA သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

တပ်မတော်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ချက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တပ်မတော်အနေနဲ့ ဖမ်းထားသူတွေကို ပြန်လွှတ်ဖို့ ၊ရွေးကောက်ပွဲမှာ ပြသခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကို ချက်ချင်း နောက်ပြန်ဆုတ်ဖို့ ထုတ်ပြန်ပါတယ်။ ပြည်ပရောက် မြန်မာတွေကလည်း မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ပြည်တွင်းမှာလည်း ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက တိုက်တွန်းပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက် ပျက်စီးစေမယ့် လုပ်ရပ်တွေကို ဆန့်ကျင် ကန့်ကွက်တယ်လို့ ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း ဒီအာဏာသိမ်းမှုအပေါ် ဝေဖန်တဲ့စာတွေ၊ ဝမ်းနည်းကြောင်းပြတဲ့ အနက်ရောင် ပရိုဖိုင်းတွေ ပြောင်းခဲ့ကြပါတယ်။

အခု ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ကစလို့ ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ပြန်ပွင့်သွားခဲ့ပြီး အင်တာနက်လိုင်းတွေလည်း ပြန်လည် အသုံးပြုလို့ ရခဲ့ပါတယ်။

ဘဏ်လုပ်ငန်းတွေကိုလည်း ပုံမှန်အတိုင်း လည်ပတ်နေပြီး ဘဏ်တွေ ပိတ်ထားခြင်း မရှိကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။