နိုင်ငံတော် ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာ၊ တပ်မတော် ဗိုလ်ချုပ်ဟောင်း လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် တာဝန်ယူ

ဓာတ်ပုံ ရင်းမြစ်, Sein
တပ်မတော်က နိုင်ငံတော်အာဏာကို တစ်နှစ် ထိန်းသိမ်းလိုက်ပြီလို့ တပ်မတော်ပိုင် မြဝတီ သတင်းဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း လွဲမှားမှုတွေကို ပြင်ဆင် အရေးယူ ဆောင်ရွက်တာမျိုး မရှိသလို လွှတ်တော်ခေါ်ရေး ကြိုးပမ်းလာတဲ့အတွက် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားလာတာကြောင့် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အရေးပေါ် အခြေအနေကြောင့် တစ်နှစ် ထိန်းသိမ်းလိုက်ကြောင်းနဲ့ တပ်မတော် ဗိုလ်ချုပ်ဟောင်း လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး တပ်မတော်ဘက်က ရွေးကောက်ပွဲအပြီးမှာ ဆက်တိုက်ဆိုသလို ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့ အစိုးရဘက်ကတော့ ရွေးကောက်ပွဲ ကော်မရှင် အဆုံးအဖြတ် အတိုင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီးနောက် အခုလို အာဏာသိမ်းမှုတွေ ဖြစ်လာခဲ့တာပါ၊
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က နေ ၂၀၁၀ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပါတယ်။
အခု ရွေးကောက်ပွဲ အပြီး လွှတ်တော် ခေါ်ယူမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာပါ။
လောလောဆယ်မှာ တပ်မတော်ဟာ တစ်နိုင်ငံလုံးက လွှတ်တော်နဲ့ အစိုးရရုံးတွေကို လုံခြုံရေး ယူထားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း စုစုပေါင်း ၁၀ သန်းကျော် ရှိနိုင်တယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ တပ်ဘက်က တောင်းဆိုနေခဲ့တာပါ။
နိုင်ငံတကာ သံတမန်တွေကိုလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်ကို အခြေခံပြီး ယူဆချက်သက်သက်နဲ့ ထုတ်ပြန်ချက်တွေ မထုတ်ဖို့ တပ်မတော်က ဇန်နဝါရီလ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်က ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှန်ကန်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ပြောကြားသွားခဲ့ပါတယ်၊
ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD က ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က "သူတို့က လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်လေ။ အကယ်၍ ဥပဒေကို အလေးမထားတော့ဘူး ဆိုရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် အာဏာသိမ်းလို့ရပါတယ်။…လက်ရှိအခြေခံဥပဒေကို ဖျက်သိမ်းမှာ မဟုတ်ဘူး၊ ဥပဒေအတိုင်းပဲ ဆောင်ရွက်မယ်၊ ဆွေးနွေးညှိနှိုင်းမယ် ဆိုတာကတော့ ကြိုဆိုပါတယ် " လို့ ပြောပါတယ်။
အာဏာသိမ်းတယ် ဆိုတဲ့ သတင်းကို တပ်မတော်က ထုတ်ဖော်ကြေညာခဲ့ချိန်မှာပဲ နေပြည်တော် ပြည်ထောင်စု နယ်မြေက ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး နေပြည်တော်ရောက် တခြား နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့လည်း ဆက်သွယ်လို့ မရသေးပါဘူး။








