ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း - ကြည်းတပ်ရဲ့ နံပါတ် (၄) ခေါင်းဆောင် စစ်ဆေးခံနေရ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေ နဲ့ စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ စတင် စစ်ဆေးနေပြီ လို့ စစ်ရုံးက လာတဲ့ သတင်းတွေအရ သိရပါတယ်။

ကြည်းတပ်ရဲ့ နံပါတ် (၄) အဆင့် ခေါင်းဆောင် စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ရှားရှားပါးပါး အစစ်ဆေးခံရတာလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာ သူ့ရဲ့ များပြားတဲ့ ရာထူးတွေကြောင့် ‘’စူပါဗိုလ်ချုပ်’’ လို့ တင်စား ခံထားရပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။

‘’စုံစမ်းစစ်ဆေးမှုတွေ အားလုံးစတင်တာဖြစ်လို့ သူ့ရဲ့ ရာထူးတွေအားလုံးလည်း ဆိုင်းငံ့ထားလိုက်ပါပြီ’’ လို့ စုံစမ်းစစ်ဆေးမှုကို သိရှိသူတစ်ဦးက ပြောပါတယ်။

စူပါဗိုလ်ချုပ် Sky

 ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဓာတ်ပုံ ရင်းမြစ်, DICA

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်တစ်ခုလုံးမှာ နံပါတ် (၆) အဆင့်မှာ ရှိပြီး သူ့အထက်မှာ ငါးဦးပဲ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တို့ ဖြစ်ပါတယ်။

ကြည်းတပ်မှာဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့ ပြီးရင် နံပါတ် (၄) အဆင့်ဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အယောက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာ ရာထူးနေရာ အမြင့်ဆုံး ဖြစ်သလို စစ်ကောင်စီထဲမှာလည်း နံပါတ် ၅ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရဲ့ များပြားတဲ့ ရာထူးတွေ နဲ့ သူ့ နာမည်ကို အစွဲပြုပြီး Sky လို့ အမည်ဝှက် နဲ့ ခေါ်ကြပါတယ်။

သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်က စီးပွားရေးကဏ္ဍကို အဓိက ဦးဆောင်ရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အခုလည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ထိတွေ့ရတဲ့ ဒီရာထူးတွေကပဲ ကြည်းတပ်ရဲ့ နံပါတ် (၄) ခေါင်းဆောင် ကို အဂတိလိုက်စားမှုစွပ်စွဲချက်တွေ နဲ့ စစ်ဆေးခံရစေခဲ့ပါတယ်။

ဒေါ်လာ လက်ဆောင်တွေနဲ့ ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စရခချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နဲ့ အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စရခချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နဲ့ အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီကိစ္စတွေရဲ့အစက နိုင်ငံခြားငွေ နဲ့ ဝယ်ပြီး ပြည်ပကနေတင်သွင်းတဲ့ စားသုံးဆီစျေးနှုန်း အဆမတန်မြင့်တက်ခဲ့မှုကနေ မြစ်ဖျားခံပါတယ်။

လုပ်ငန်းရှင်တွေကို ‘’ဝိသမလောဘသမား’’ တွေ လို့ စစ်ကောင်စီက အမည်တပ်ပြီး စီးပွား/ကူးသန်း က အရာရှိတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ရာဂဏန်း ဝန်းကျင်ကို ခေါ်ယူစစ်ဆေးတဲ့အခါ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်တွေကို ငွေကြေးလက်ဆောင်ပေးခဲ့ရတဲ့ ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ထွက်ဆိုချက်တွေအရ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရဲ့ ညာလက်ရုံးလို့ ခေါ်ဆိုကြတဲ့ ဗိုလ်ချုပ် ရန်နောင်စိုး ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အရင်ဆုံးဖမ်းဆီးခံခဲ့ရပါတယ်။

ဗိုလ်ချုပ် ရန်နောင်စိုး ဟာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဖြစ်ပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ နဲ့ နိုင်ငံခြားသုံးငွေအတွက် အဓိကကျတဲ့နေရာမှာ ရှိသူတစ်ဦး ဖြစ်ပါတယ်။

ဗိုလ်ချုပ် ရန်နောင်စိုးကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ပါ ‘’မီးခိုးကြွက်လျှောက်’’ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကို တွေ့ခွင့်ရဖို့ ဒေါ်လာသောင်းဂဏန်းပေးရတယ် ဆိုတဲ့ သတင်းတွေအပေါ် ဘီဘီစီက လုပ်ငန်းရှင်တွေဆီ စုံစမ်းကြည့်ခဲ့တဲ့အခါ MIC ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟာ ဒေါ်လာတွေလက်ခံခဲ့တယ် ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ လုပ်ငန်းရှင် သုံးဦးက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လုပ်ငန်းရှင်တွေဟာ ဒေါ်လာလက်ဆောင်ပေးခဲ့ကြတဲ့အကြောင်း အတည်ပြုပါတယ်။

‘’တကယ်တော့ လူကြီးဆီ သွားရင် လက်ဆောင်ပါသွားတာက ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒီသဘောပါပဲ’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

‘’အဘ စောင့်ရှောက်ပါ ဆိုပြီး အနည်းဆုံး ဒေါ်လာတစ်သောင်း ဒါမှမဟုတ် ဒေါ်လာတစ်သောင်း တန် လက်ဆောင်လောက် ကတော့ ပေးတာပဲလေ။ ဒါကိုယူရုံနဲ့ဆိုရင်တော့ ပြဿနာ မရှိဘူး။ တခြားသူတွေလည်း ဒီလိုပဲလေ’’ လို့ သူက ပြောပါတယ်။

လက်ဆောင်ပဏ္ဍာပေးခြင်း ယူခြင်း ဓလေ့ဟာ စစ်ဗိုလ်ချုပ်တွေ နဲ့ ရာထူးရာခံကြီးမားသူအများစု ကြုံရ လုပ်ကြလေ့ ရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကတော့ ပမာဏ များသွားလို့ ပြဿနာ ရှိသွားနိုင်တယ် လို့ နောက်ထပ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

‘’အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်တွေက ပုံမှန်ပေးနေတဲ့အခါ ပမာဏ က များသွားတာပေါ့။’’ လို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။

ဘီဘီစီရဲ့ စုံစမ်းမှုအရ လုပ်ငန်းရှင်တွေက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လက်ဆောင်ပေးရတဲ့ ပုံစံက သုံးမျိုးရှိပြီး မြန်မာငွေကိုဒေါ်လာနဲ့လဲလှယ်ပြီး လက်ဆောင်ပေးတာ၊ ဒေါ်လာတိုက်ရိုက်လက်ဆောင်ပေးတာ နဲ့ နာရီအပါအဝင် တခြား ကမ္ဘာကျော်အမှတ်တံဆိပ်တွေ လက်ဆောင်ပေးတာ တွေ လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးတဲ့နောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာ ပြည်တွင်းကဒေါ်လာတွေနဲ့ ပတ်သက်လို့ အဆုံးအဖြတ်ပေးရတဲ့လူ ဖြစ်လာပါတယ်။

ဒီကော်မတီဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းတွေရဲ့ နိုင်ငံခြားသုံးငွေလည်ပတ်မှုကို ကြီးကြပ်ကွပ်ကဲ စိစစ်ခွင့်ပြုပေးရတဲ့ အခွင့်အာဏာ ရှိနေတာပါ။

‘’ကုမ္ပဏီတွေက လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ခွင့်ပြုမယ်ခွင့်မပြုဘူး က မစ္စတာ Sky ရဲ့ လက်ထဲမှာ ရှိတယ်။ ဒီလုပ်ပိုင်ခွင့်ကပဲ အဂတိကိစ္စတွေဖြစ်ပေါ်စေတာပေါ့’’ လို့ စစ်ရုံးက ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာ စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်တဲ့အတွက် အပြစ်ရှာမတွေ့ရင် မူလရာထူးတွေပြန်ရလာနိုင်မလား လို့ ဘီဘီစီက မေးကြည့်တဲ့ အခါ ‘’အခြေအနေမကောင်းနိုင်ဘူး’’ လို့ စုံစမ်းစစ်ဆေးမှုကို သိရှိသူက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကတော့ "ဗိုလ်ချုပ်တွေက တိုက်ပွဲတွေမှာ ကျည်ဆန်တွေ ကို‌ ရှောင်နိုင်ခဲ့ပေမယ့် ငွေကျည်ဆန်ကို မရှောင်နိုင်ကြဘူး။ အခု ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဆိုရင် တပ်ချုပ် က သူ့လူဆိုတော့ အရေးယူရလည်း ခက်၊ အရေးမယူလို့လည်း မရပြန်ဘူး။ အရေးယူမယ်ဆို တော့လည်း ဘယ်လို အရေးယူရမလဲဆိုတာ ထောင်ထဲအထိ ပို့မှာလားပေါ့။ သူ့ကိုတော့ တပ်ချုပ် ကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်လို့ ထင်တယ်" လို့ ပြောပါတယ်။