စစ်ကောင်စီရဲ့ ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ် အပါအဝင် လူရာဂဏန်း စစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, MDN
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုး နဲ့ စီးပွား/ကူးသန်း က အရာရှိတွေအပါအဝင် စီးပွားရေးလောက က လူ ရာဂဏန်း ဝန်းကျင် စစ်ဆေးခံနေရတယ် လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ နဲ့ ဆီလုပ်ငန်းရှင်တွေကို စစ်ဆေးရာကစလို့ ဗိုလ်ချုပ် ရန်နောင်စိုး နဲ့ စီးပွား/ကူးသန်း က အရာရှိတွေ ပါ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
အစစ်ဆေးခံရတဲ့အထဲ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊ ဆန်၊ဆီ၊ပြောင်း နဲ့ ငွေကြေးစျေးကွက်က လုပ်ငန်းရှင်တွေ အဓိကပါဝင်တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
‘’ဗိုလ်ချုပ်က စစ်ဆေးခံနေရတာ သုံးရက်လောက်ရှိသွားပြီ။ အရေးယူမယ် မယူဘူးတော့ အသေအချာမသိရသေးဘူး။ စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်မှာပေါ့’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ သြဂုတ် ၁၉ ရက် က လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပွဲမှာ ပို့ကုန်ရငွေ ပြန်မအပ်တဲ့ ကုမ္ပဏီတွေကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကိုယ်တိုင် အခုလို ပြန် စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
‘’ဆီသမားတွေကို စစ်ရင်းနဲ့ ပါမစ် ကိစ္စတွေ ပေါ်တယ် လို့ ကြားတယ်။ အဲဒါကြောင့် အစစ်ခံရတာ’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ် ရန်နောင်စိုး ဟာ ကုန်သွယ်ရေး နဲ့ပတ်သက်လို့ နိုင်ငံခြားငွေ လဲလှယ်ရေး ကိစ္စတွေမှာ ဗဟိုဘဏ် နဲ့ လည်း ပူးပေါင်းဆောင်ရွက်ရသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MDN
သူဟာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ယုံကြည်အားကိုးရသူတစ်ဦး လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စျေးကစားခြင်းရှိမရှိကနေ လုပ်ငန်းရှင်တွေရဲ့ လိုင်စင်၊ ပို့ကုန်ရငွေ၊ အခွန် နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ က အစ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးနေတာလို့ စစ်ဆေးခံခဲ့ရသူတွေ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
‘’ဆီသမားဆို တရားဝင်သွင်းသလား၊ တရားမဝင်ဆို ဘယ်လမ်းကြောင်းက မှောင်ခိုသွင်းလာလဲပေါ့။ ပဲဆီအတု လုပ်တဲ့သူမိပြီဆိုရင်လည်း ဓာတုပစ္စည်းသမားပါ သွားဖမ်းတာ’’ လို့ စစ်ဆေးခံရသူ တစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
လက်ရှိစစ်ဆေးခံနေရသူတွေထဲ ဆီကုန်သည်က အများဆုံးဖြစ်ပြီး စားသုံးဆီကို ဓာတုပစ္စည်းနဲ့ မြေပဲဆီအနံ့ထွက်အောင်လုပ်ပြီး လိမ်လည်ရောင်းချသူတွေကိုပါ ဖမ်းဆီးထားတယ် လို့ သူက ပြောပါတယ်။
‘’စားသုံးဆီ ကို ရည်ညွှန်းစျေးထက် ပိုမရောင်းဖို့ပေါ့။ ရည်ညွှန်းစျေးအတိုင်းရောင်း၊ ဘာပြဿနာမှမရှိဘူး။ ပိုရောင်းရင်တော့ အန္တရာယ် ရှိနိုင်တယ်ပေါ့။ အဲဒီလို သတိပေးပါတယ်’’ လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။
လုပ်ငန်းရှင်တွေကို အဓိက စစ်ဆေးနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နေရာကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက အပြောင်းအလဲ လုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိချုပ်ရုံးက အရာရှိကြီးတစ်ဦးက အရပ်ဘက်ကို ပြောင်းလဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
‘’အခုစစ်ဆေးခံနေရတဲ့ လူတွေထဲမှာ စနစ်အမှား မှာ ရှင်သန်အောင်လုပ်ရင်း ငြိစွန်းကုန်ကြတာလည်းပါတာပေါ့။ အပြစ်ကြီးတဲ့လူတွေကိုတော့ ထောင်ချမှာပေါ့။ ပြန်လွတ်လာတဲ့သူတွေရှိသလို ပြန်မရောက်လာသေးတဲ့ သူတွေလည်းရှိတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အခုလိုဖြစ်လာရတာက စစ်ကောင်စီရဲ့ ငွေကြေးစျေးကွက်ကို ထိန်းချုပ်မှု အကျိုးဆက် လို့ လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက လုပ်ငန်းရှင်တွေ ရဲ့ ပို့ကုန်ရငွေထဲက (နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ပြင်ပစျေးကွက် နဲ့ ကျပ်ထောင်ဂဏန်းကျော်ကွာဟတဲ့ ဗဟိုဘဏ်ရည်ညွှန်းစျေးနဲ့ မဖြစ်မနေလဲယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကမှ ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့တာဖြစ်ပြီး ဗဟိုဘဏ်ပေါက်စျေး တစ်ဒေါ်လာ ကျပ် ၂၁၀၀ နဲ့ တစ်ဝက် လဲလှယ်ရပြီး ကျန်တဲ့ တစ်ဝက်ကို ၂၉၂၀ နှုန်း နဲ့ စစ်ကောင်စီက လဲလှယ်ပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ပြင်ပပေါက်စျေး တစ်ဒေါ်လာ ကျပ် ၃၈၀၀ အထိ ပေါက်ခဲ့လို့ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်တွေ့ခဲ့ရတယ်လို့ပြောကြပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ပြည်ပကနေ ပြန်မဝင်လာတဲ့ ပို့ကုန်ရငွေက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
‘’ဒီလိုတွေ စစ်ဆေးနေတော့ စျေးကွက်ကြီး တစ်ခုလုံးက ငြိမ်ကျသွားတာပေါ့။ ဒါပေမဲ့ ဒါက ရေရှည်အတွက်အဖြေမဟုတ်ဘူးလေ။ စစ်ကောင်စီက မှန်ကန်တဲ့မူဝါဒ မချနိုင်ရင် အခြေအနေပိုဆိုးလာဖို့ပဲရှိတယ်။’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။








