စစ်ကောင်စီရဲ့ ဒေါ်လာ စစ်တလင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတဝန်းမှာ စစ်မျက်နှာပြင်ပေါင်းစုံ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တချိန်ထဲမှာပဲ ဘဏ္ဍာရေးစစ်မျက်နှာပြင်ကိုပါ ရင်ဆိုင်နေရပါတယ်။
‘’တချို့နိုင်ငံတွေက ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်’’လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားမှာကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံ မှာ ပြောခဲ့တာက စစ်ကောင်စီရဲ့ ဒေါ်လာအကျပ်အတည်းကို ထင်ဟပ်စေပါတယ်။
စစ်ကောင်စီ နဲ့ ဗဟိုဘဏ်က လုပ်ငန်းရှင်တွေဆီက ဒေါ်လာရဖို့ ‘ချော့တခါ ခြောက်တလှည့်’ နဲ့ နိုင်ငံခြားငွေ ရှားပါး ပြတ်လပ်မှုမရှိအောင် နည်းမျိုးစုံ သုံးနေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။
သွင်းကုန်အတွက် နိုင်ငံခြားငွေသုံးလစာ နဲ့ စက်သုံးဆီအတွက် နိုင်ငံခြားငွေ နှစ်လစာကျန်ရှိနေတယ် လို့ ဗဟိုဘဏ်ကလုပ်ငန်းရှင်တွေ နဲ့ သြဂုတ် ၁၉ ရက် တွေ့ဆုံပွဲမှာ ပြောခဲ့ပြီးတဲ့နောက် ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ လက်ကျန် နည်းပါးနေပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
နိုင်ငံခြားသုံး သီးသန့်ငွေ ဘယ်လောက်ကျန်သေးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗဟိုဘဏ်ရဲ့နှစ်ချုပ်စာရင်းတွေမှာ နိုင်ငံခြားသုံးသီးသန့်ငွေ နဲ့ ပတ်သက်လို့ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ စုစုပေါင်း နဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ လို့ နှစ်မျိုးဖော်ပြထားပါတယ်။
အဲဒီအရန်ငွေနှစ်မျိုးကို သွင်းကုန်အတွက် ဘယ်နှလစာ ဖယ်ထားတဲ့အကြောင်း ဖော်ပြပြီး ငွေပမာဏ နဲ့လည်း ထပ်မံဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လကုန်မှာ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ စုစုပေါင်းက သွင်းကုန်အတွက် ၁၁ လစာ အထိ ရှိနေပြီး ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးသီးသန့်အရန်ငွေက သွင်းကုန် ၆ ဒသမ ၉ လစာ ရှိခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၂ ခုနှစ် မတ်လကုန်မှာတော့ နိုင်ငံခြားသုံးသီးသန့်ငွေ စုစုပေါင်းက သွင်းကုန် ၁၀ လစာ ရှိနေပြီး ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးသီးသန့်ငွေက သွင်းကုန် ၆ လစာဝန်းကျင် ရှိနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငွေပမာဏနဲ့ဆိုရင်တော့ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ဗဟိုဘဏ်စာရင်းတွေအရ နိုင်ငံခြားသုံးသီးသန့်ငွေ စုစုပေါင်းက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလီယံ အထိ ရှိနေပြီး ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးသီးသန့်ငွေပမာဏက အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၇ ဘီလီယံ ရှိနေပါတယ်။
လက်ရှိအချိန်မှာ ဗဟိုဘဏ်မှာ နိုင်ငံခြားသုံးသီးသန့်ငွေ ဘယ်လောက်ကျန်သေးလဲဆိုတာကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက မေးမြန်းထားပေမဲ့အဖြေမပေးသေးပါဘူး။
ဧရာဝတီ သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ဒီနှစ် မတ်လအထိ ဗဟိုဘဏ်စာရင်းတွေအရ အမေရိကန် ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ဘဏ် ၁၄ ခုမှာ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိတယ်လို့ ဖော်ပြပါတယ်။
စင်ကာပူဘဏ် ကိုးခုမှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိပြီး မြန်မာ့နိုင်ငံခြား အရန်ငွေရဲ့ ထက်ဝက်မက ရှိတယ်လို့ ဖော်ပြထားပါတယ်။
စင်ကာပူက ဘဏ်တွေ ဖြစ်တဲ့ DBS, UOB, OCBC, SMBC, May Bank, Mizuho (Yangon branch), CIMB, MUFB နဲ့ SCB တွေမှာ အပ်နှံထားတာလို့ ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။
နိုင်ငံခြားသုံးသီးသန့်ငွေကို ပြည်ပဘဏ်တွေမှာ အပ်ထားတာကနေ ဗဟိုဘဏ်က အတိုးတွေရနေတယ် လို့ ဗဟိုဘဏ်အရာရှိဟောင်း တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
‘’ပိတ်ဆို့မှုတွေကနေ အကာအကွယ်ရအောင် အခုလို ဘဏ်တွေ ဖြန့်ပြီး ခွဲအပ်ထားတာ’’ လို့ ဗဟိုဘဏ်အရာရှိဟောင်း က ပြောပါတယ်။
နည်းဟောင်း ကို သုံးတဲ့ စစ်တပ်

ဓာတ်ပုံ ရင်းမြစ်, cincds
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရ ခေတ်ကတည်းက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုကို ခံခဲ့ရတဲ့ စစ်တပ်ဟာ ပိတ်ဆို့မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ အတွေ့အကြုံရှိပြီးသား ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲပုံက ကမောက်ကမဖြစ်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေ ရော စီးပွားရေးသမားတွေကပါ သုံးသပ်ကြပါတယ်။
ပိတ်ဆို့မှုတွေကို ရင်ဆိုင်ဖို့ အတွေ့အကြုံတွေရှိပေမဲ့ လက်ရှိစစ်ဗိုလ်ချုပ်တွေကတော့ စီမံခန့်ခွဲမှုအမှားတွေကို ဆက်တိုက်ကျူးလွန်နေတယ် လို့ သူတို့က ပြောပါတယ်။
‘’ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါလာတာပဲ လိုချင်တယ် ဆိုတဲ့မူ နဲ့သွားနေတယ်။ စျေးကွက် ကိုလည်း အတင်းထိန်းချုပ်ချင်နေတယ်။ SAC က ဒီနှစ်မျိုးကိုပဲ အဓိက သုံးနေတာ’’လို့ ဗဟိုဘဏ် နဲ့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းက စျေးကစားမှုတွေကြောင့်ဖြစ်သင့်တဲ့ နှုန်းထက်ပိုများနေတယ် လို့ စစ်ကောင်စီ နဲ့ ဗဟိုဘဏ်ကယုံကြည်နေကြပါတယ်။
ဗဟိုဘဏ် နဲ့ လုပ်ငန်းရှင်တွေ သြဂုတ် ၁၉ ရက် တွေ့ဆုံပွဲက ဒေါ်လာ နဲ့ ရွှေစျေး ကစား တဲ့ သူတွေကို ဖမ်းဆီးထောင်ချမယ် ဆိုတဲ့ သတင်းစကားကို ပေးတာလို့ လုပ်ငန်းရှင်တွေက နားလည်ကြပါတယ်။
ဒေါ်လာနဲ့ ရွှေစျေးကစားတဲ့ သူတွေကို အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က ဖော်ထုတ်အရေးယူမယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဲဒီအစည်းအဝေးမှာ သတိပေးခဲ့ပါတယ်။
ဒီနည်းလမ်းက စစ်တပ်ကသုံးတဲ့ နည်းဟောင်းဖြစ်ပြီး ‘ဆေးမြီးတို’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ သြဂုတ် ၁၉ ရက် အစည်းအဝေးက ရွှေစျေး နဲ့ ဒေါ်လာစျေးကို ထိန်းချုပ်ဖို့တစ်ခုထဲ အတွက်မဟုတ်ဘဲ လုပ်ငန်းရှင်တွေဆီက ဒေါ်လာတွေထပ်ရဖို့ ခေါ်ခြိမ်းခြောက်တဲ့အစည်းအဝေးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီပြန်လိုချင်တဲ့ ဒေါ်လာ နှစ် ဘီလီယံ

ဓာတ်ပုံ ရင်းမြစ်, AFP
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက လုပ်ငန်းရှင်တွေ ရဲ့ ပို့ကုန်ရငွေထဲက (နိုင်ငံခြားငွေ) ၆၅ ရာခိုင်နှုန်းကို ပြင်ပစျေးကွက် နဲ့ ကျပ်ထောင်ဂဏန်းကျော်ကွာဟတဲ့ ဗဟိုဘဏ်ရည်ညွှန်းစျေးနဲ့ မဖြစ်မနေလဲယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကမှ ၅၀ ရာခိုင်နှုန်းအထိ ဖြေလျော့ပေးခဲ့ပေမဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ နိုင်ငံခြားငွေကို ရာနှုန်းပြည့် ပြန်လိုချင်နေတာပါ။
စစ်ကောင်စီဘက်ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ပြည်ပကနေ ပြန်မဝင်လာတဲ့ ငွေက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ ရှိတယ်လို့ အကြောင်းပြပါတယ်။
‘’ဒီငွေတွေပြန်ဝင်လာအောင် လုပ်ငန်းရှင်တွေက ဝိုင်းထိန်းပေးရင် သူတို့ဘက်က ပို့ကုန်ရငွေ တစ်ရာ ရာခိုင်နှုန်းပြန်ပေးဖို့ စဉ်းစားပေးမယ်ပေါ့’’ လို့ ဗဟိုဘဏ်နဲ့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အထူးစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးချုပ်က ပို့ကုန်ရငွေ ပြန်မအပ်တဲ့ ကုမ္ပဏီ ၆၀၀ နီးပါး ရှိတယ်လို့ အဲဒီအစည်းအဝေးမှာပြောခဲ့ပြီး အဲဒီကုမ္ပဏီတွေဆီက ရမယ့် ငွေပမာဏ က အမေရိကန်ဒေါ်လာ နှစ် ဘီလီယံလို့ နားလည်ရပါတယ်။
တရားစွဲထားတဲ့ ကုမ္ပဏီ ၂ ခုထဲက တစ်ခုက အမေရိကန် ဒေါ်လာ ၁၉ သန်း ကျော်အထိ ပို့ကုန်ရငွေ ပြန်လည်အပ်နှံဖို့ ကျန်နေတယ် လို့ အထူးစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးချုပ်က အဲဒီအစည်းအဝေးမှာ ပြောပေမဲ့ နာမည်တွေတော့ မဖော်ပြပါဘူး။
အဲဒီကုမ္ပဏီကို တစ်မှု အနည်းဆုံး ထောင်ဒဏ် ၇ နှစ် ချလို့ရမယ့် ပုဒ်မ ၅ ခု နဲ့ တရားစွဲထားပြီး ထောင်ဒဏ် ၃၅ နှစ်ကျ ခံရမယ်လို့ သတိပေးပါတယ်။
အဲဒီ ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ပို့ကုန်တင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၅၄ ခုရှိပြီး သူတို့ကိုလည်း ပူးပေါင်းကြံစည်မှု နဲ့ တရားစွဲဖို့ စီစဉ်နေတယ် လို့ ဆိုပါတယ်။
ပို့ကုန်ရငွေ ပြန်မအပ်တဲ့ ကုမ္ပဏီတွေထဲက ၇၈ ခု ကို တရားစွဲထားပြီး နောက်ထပ် ကုမ္ပဏီ ၈၀ ကျော်ကို တရားထပ်စွဲမယ် လို့ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ ရဲ့ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး က ပြောကြားခဲ့တဲ့အကြောင်း ပေါက်ကြားလာတဲ့ ဗဟိုဘဏ် နဲ့ လုပ်ငန်းရှင်တွေ သြဂုတ် ၁၉ ရက် တွေ့ဆုံပွဲ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ပို့ကုန်ရငွေ ကိစ္စ နဲ့ ပတ်သက်ပြီး လုပ်ငန်းရှင် နှစ်ဦးကို ထောင်ချလိုက်ပေမဲ့ ပြန်လွတ်လာရင်ထပ်ဖြေရှင်းရမယ်လို့ ဗိုလ်ချုပ်ရန်နောင်စိုး က ပြောပြီး ပို့ကုန်ရငွေမသွင်းမချင်း တရားစွဲဆိုမယ်လို့ ဖော်ပြထားပါတယ်။
အစိုးရအဆက်ဆက် နဲ့ နီးစပ်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဘီလီယံဂဏန်းရှိတဲ့ ဒေါ်လာတွေက စာရင်းပဲ ရှိတာမို့ အကုန်ပြန်ရဖို့ မရှိဘူး လို့ ပြောပါတယ်။
"စီးပွားရေးလောကမှာ ဒါက ထုံးစံတစ်ခုလိုတောင် ဖြစ်နေပါပြီ။ သူတို့ပြောတဲ့ ကုမ္ပဏီ တချို့ဆို ရှိတောင် မရှိတော့ဘူး’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အရင်အစိုးရတွေလက်ထက်တုန်းက စျေးကွက်ကို အခုလို မထိန်းချုပ်ခဲ့တဲ့အတွက် အဆင်ပြေခဲ့ပြီး စစ်ကောင်စီက စျေးကွက်ကို ထိန်းချုပ်လေ ပိုဆိုးလေဖြစ်မှာပဲ လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
‘’SAC က သူ့ကို စီးပွားရေးအရ တိုက်ခိုက်လာမှာသိတယ်။ ဒါကြောင့် သူက အခုလို ဒေါ်လာတွေကိုမရမက လိုက်ထိန်းတာ။ သူ့နိုင်ငံခြားအရန်ငွေကို မထိချင်ဘူး’’ လို့ နိုင်ငံရေးလောကနဲ့ နှီးနွှယ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက လုပ်ငန်းရှင်တွေကိုသာမကဘဲ ဒေါ်လာကိုင်နိုင်တဲ့ နိုင်ငံသားတစ်ဦးချင်းစီ ဆီကနေပါ ဒေါ်လာရနိုင်ဖို့ နည်းလမ်းတွေ အားထုတ်နေပါတယ်။
ဒေါ်လာတစ်သောင်းအထိ ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ခြောက်လကျော်ရင် စျေးကွက်ပေါက်စျေးနဲ့ ရောင်းချလဲလှယ်တာ ဒါမှမဟုတ် ဘဏ်မှာထည့်တာ လုပ်ရမယ် လို့ ဗဟိုဘဏ်က သြဂုတ် ၂၁ ရက်မှာ ကြေညာပါတယ်။
အဲဒီ ညွှန်ကြားချက်အတိုင်းမလုပ်ရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ ဗဟိုဘဏ်က ကြေညာပါတယ်။
NUG ပြောတဲ့ ဇူဇကာ စစ်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, Tin Tun Naing/FB
နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးတဲ့နောက်မှာ စစ်ကောင်စီက ဒေါ်လာနဲ့ပတ်သက်ပြီး ပိုမိုတင်းကျပ်မှုတွေ လုပ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီက လုပ်ငန်းရှင်တွေဆီက ဒေါ်လာကို နည်းမျိုးစုံနဲ့ ရှာဖွေနေတဲ့အပေါ် "ဇူဇကာ စစ်ဆင်ရေး’’ လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အမည်တပ် ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရရှိမှုက အဘက်ဘက်ကနေ နည်းပါးလာပြီး နိုင်ငံခြားငွေလက်ကျန်စာရင်းဘယ်လောက်ရှိတယ်ဆိုတာကိုပါ သိထားတယ် လို့ NUG က ဆိုပါတယ်။
သြဂုတ် ၂၂ ရက်ကလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး အခြေအနေကို ဗဟိုဘဏ်အပါအဝင် စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့က ဒုဝန်ကြီးတွေပါ ရှင်းလင်းခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကိုပဲ အဓိကထားဖြေကြားခဲ့ပြီး အမေရိကန်ပိတ်ဆို့မှု၊ ငွေကြေးစျေးကစားသူတွေ နဲ့ လုပ်ငန်းရှင်တွေကို အပြစ်ဖို့ခဲ့ပါတယ်။
နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ဝယ်ယူဖို့ စစ်ကောင်စီက တစ်ဒေါ်လာ ၂၉၂၂ ကျပ် နဲ့ ရောင်းပေးတာကို တစ်ဒေါ်လာ ၃၅၀၀ ကျော်နဲ့ ညှိရောင်းနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
NUG ဝန်ကြီး ဦးတင်ထွန်းနိုင် ကတော့ လက်ရှိကြုံတွေ့နေရတဲ့တိုင်းပြည်ရဲ့ စီးပွားရေးပျက်ကပ်နဲ့ကုန်စျေးနှုန်းကြီးမြင့်မှုတွေရဲ့ အဓိက တရားခံက အာဏာသိမ်းစစ်တပ် ပဲလို့ ပြောပါတယ်။
‘’အခုလိုဖြစ်တာတွေက နိုင်ငံတကာရဲ့ ပိတ်ဆို့မှုကြောင့်လည်း မဟုတ်ဘူး။ အကြောင်းရင်းခံက သူတို့ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့်ပဲ’’ လို့ သူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်က အမည်မဲစာရင်း (Black list) သွင်းထားပြီး ငွေရေးကြေးရေးဆိုင်ရာ အချက် (၈) ချက်ကို လိုက်နာဖို့ သတိပေးခဲ့တဲ့ အခြေအနေက လာမယ့် အောက်တိုဘာမှာ ပြန်လည်သုံးသပ်ဖို့ ရှိနေပါတယ်။
ဒီသုံးသပ်မှုကနေ အချိန်ကာလတစ်ခုထပ်သတ်မှတ်ပေးပြီး ဆက်လက်စောင့်ကြည့်တာ ဒါမှမဟုတ် အရေးယူတာ တစ်ခုခုဖြစ်လာနိုင်တယ် လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက သုံးသပ်ထားပါတယ်။
‘’လက်ရှိအခြေအနေထက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုမျိုးလာနိုင်တယ်။ နမူနာ အနေနဲ့ပြောရရင် အီရန် နဲ့ မြောက်ကိုရီးယား တို့ကို အရေးယူသလိုမျိုး ဖြစ်လာနိုင်တယ်’’ လို့ ဝန်ကြီး ဦးတင်ထွန်းနိုင် က ဘီဘီစီကို ပြောပါတယ်။
ဗဟိုဘဏ်အရာရှိဟောင်းတစ်ဦးကတော့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေဟာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကြံပေးမှုတွေအတိုင်းဆောင်ရွက်ခဲ့လို့ လွယ်လွယ်နဲ့တော့ လျော့နည်း ပြတ်လပ်သွားဖို့ မဖြစ်နိုင်ဘူး လို့ သုံးသပ်ပါတယ်။
NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ စစ်ကောင်စီအနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ အခြေအနေကောင်းလာဖို့ လမ်းမမြင်ဘူး လို့ ဆိုပါတယ်။
‘’ဘဏ္ဍာရေးချိနဲ့မှုက သူတို့ ပြိုလဲသွားဖို့အထိ အခြေဆိုက်လာနိုင်တယ်’’ လို့ သူက ပြောပါတယ်။








