ဒေါ်လာငွေကို ၆ လအထက် ကိုင်ဆောင်ခွင့်မရှိဘူးလို့ စစ်ကောင်စီ သတိပေး

ပြည်ပမှာ ကျောင်းတက်၊ ဆေးကုသ၊ အစည်းအဝေးတက်ဖို့ဆိုရင် ဒေါ်လာ ရာဂဏန်းလဲခွင့်ရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ပမှာ ကျောင်းတက်ဖို့၊ ဆေးကုသဖို့နဲ့ အစည်းအဝေးတက်ရောက်ဖို့ဆိုရင်တော့ အမေရိကန် ဒေါ်လာ ရာဂဏန်းကို လေဆိပ်နဲ့ ဘဏ်ငွေလဲကောင်တာတွေမှာ ရောင်းပေးမယ်လို့ဆို

လူတစ်ဦးကို ဒေါ်လာတစ်သောင်း ကိုင်ဆောင်ခွင့်ရှိပေမဲ့ အဲဒီငွေတွေကို ၆ လအထက် လက်ထဲထားခွင့်မရှိဘူးဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ အခုလိုကြေညာတာဖြစ်ပြီး ၆ လကျော်တဲ့အထိ အသုံးမပြုတဲ့နိုင်ငံခြားငွေတွေကို လိုင်စင်ရငွေလဲလုပ်ငန်းတွေမှာ စျေးကွက်ပေါက်စျေးနဲ့ ရောင်းချလဲလှယ်တာ၊ ဘဏ်စာရင်းထဲကို ထည့်သွင်းတာတွေ လုပ်ရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့် အခုလိုကြေညာတာလို့ ဆိုပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ မြန်မာစက်မှုလက်မှုလုပ်ငန်းရှင်တွေ နေပြည်တော်မှာတွေ့ဆုံပြီး နောက်တစ်ရက် သြဂုတ်လ ၂၀ ရက်မှာ စစ်ကောင်စီဘက်က အခုလိုကြေညာလာတာဖြစ်ပါတယ်။

လိုင်စင်ရငွေလဲလုပ်ငန်းတွေသာ နိုင်ငံခြားငွေကို ငွေသားအဖြစ်၊ ခရီးသွား ချက်လက်တွေအဖြစ် ကိုင်ဆောင်ရောင်းဝယ်ခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ နိုင်ငံခြားငွေ ကိုင်ဆောင်အသုံးပြုမှုတွေကို ကန့်သတ်ချက်အမျိုးမျိုး ထုတ်ပြန်လာပြီး အဲဒီထဲမှာ ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်နဲ့ဆိုပြီး ဒေါ်လာငွေ ဘဏ်စာရင်းရှင်တွေရဲ့ ငွေစာရင်းတွေထဲက ငွေတွေကို ဘဏ်တွေက မြန်မာကျပ်ငွေကို ပြောင်းလဲတာလည်း ပါဝင်ပါတယ်။

မြန်မာဗဟိုဘဏ်ဟာ ပြည်တွင်း ဒေါ်လာငွေ လိုအပ်ချက်ကို ဖြည့်တင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်လာ သန်းဆယ်နဲ့ချီပြီး အကြိမ်ကြိမ် ထုတ်ရောင်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေ ရလာတဲ့ ဒေါ်လာငွေတွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ မဖြစ်မနေ ပြန်ရောင်းဖို့ ညွှန်ကြားခဲ့ရာကနေ ၅၀ ရာခိုင်နှုန်းသာ ပြန်ရောင်းဖို့ ပြန်လည်ကျင့်သုံးနေပါတယ်။

ဒါပေမဲ့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်က အသစ်ကျင့်သုံးတဲ့ အွန်လိုင်းကုန်သွယ်စနစ်နဲ့ရောင်းချဖို့ ညွှန်ကြားထားတာကြောင့် နိုင်ငံခြားငွေ ရောင်းဝယ်တဲ့စနစ်တစ်ခုလုံးကို ဗဟိုဘဏ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကုန်သည်စက်မှုအသင်းရဲ့ ထုတ်ပြန်ချက်အရဆိုရင် သွင်းကုန်လုပ်ငန်းရှင်တွေဟာ Online Trading (အွန်လိုင်းကုန်သွယ်မှု) အစီအစဥ်အောက်ကနေ အမေရိကန်တစ်ဒေါ်လာကို ၂၉၂၀ ကျပ်နှုန်းနဲ့ ဗဟိုဘဏ်ကနေ ရရှိနေပါတယ်။

ဒါပေမဲ့ ပြင်ပပေါက်စျေးက အဆမတန်မြင့်နေတာကြောင့် ဒီစျေးနှုန်းနဲ့တွက်ချက်ပြီး ပြန်လည်ရောင်းချတဲ့အခါ စားသုံးသူအတွက် အခက်အခဲဖြစ်စေတယ်လို့ ဆိုပြီး နေပြည်တော်မှာ ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန် ကုန်သည်တွေက ပြောထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပို့ကုန်နည်းပြီး သွင်းကုန်များနေတဲ့အခြေအနေမှာ စစ်ကောင်စီဟာ ဒေါ်လာငွေ လိုအပ်ချက်မြင့်တက်လာတာကို ဖြည့်တင်းဖို့ လုပ်ငန်းရှင်တွေမှာရှိတဲ့နိုင်ငံခြားငွေကြေးတွေကို ညွှန်ကြားချက် အမျိုးမျိုး ထုတ်ပြီး ကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာလုပ်ငန်းရှင်အချို့က ပြောကြပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ ဒေါ်လာလိုအပ်ချက်ကို လုပ်ငန်းရှင်တွေအတွက် ဖြည့်ဆည်းပေးဖို့ အတိုင်းအတာတစ်ခုအထိ ရှိနေတယ်လို့ ပြောနေပေမဲ့ ရာနဲ့ချီလျှောက်ထားတဲ့ စက်ဆီ၊ ချောဆီအပါအဝင် စက်သုံးဆီတင်သွင်းခွင့် လိုင်စင်တွေကို အကန့်အသတ်နဲ့သာ ချထားပေးဖို့ စီစဥ်နေတယ်ဆိုတာကို ကြည့်ရင် စစ်ကောင်စီမှာ ဒေါ်လာလိုအပ်ချက် မြင့်နေဆဲဆိုတာကို ပြသနေတယ်လို့ ရန်ကုန်က စက်သုံးဆီ တင်သွင်းတဲ့လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။