ဗဟိုဘဏ်ရဲ့ အပြောင်းအလဲအသစ်တွေ ဘယ်လောက်အလုပ်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သြဂုတ်လဆန်းပိုင်းကစလို့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို သတ်မှတ်စျေးနှုန်း ၁၈၅၀ ကနေ ၂၁၀၀ အထိ မြှင့်တင်သတ်မှတ်ပေးလိုက်တာအပြင် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကိုသာ သတ်မှတ်စျေးနှုန်းနဲ့ သိမ်းယူပြီး ကျန်တဲ့ပမာဏကို ရက် ၃၀ အတွင်း လွတ်လပ်စွာ ရောင်းချနိုင်တယ်လို့ ခွင့်ပြုတာတွေ ရှိခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်အားလစာတွေကို ပြည်တွင်းကို လွှဲပြောင်းတဲ့အခါ လိုင်စင်ရဘဏ်တွေကနေ ပြန်လွှဲရင် အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်လာပြန်ပါတယ်။
ဒါတွေက ပိတ်ဆို့နေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ ဒေါ်လာစျေးမြင့်တက်နေမှုကို ဖြေရှင်းရေး လက်တွေ့မှာ အလုပ်ဖြစ်လာနိုင်ပါသလား။ လိုအပ်ချက်ရှိနေတဲ့ နိုင်ငံခြားသုံးငွေအခက်အခဲကိုရော ပြေလည်သွားစေနိုင်မှာလား။
လတ်တလောအပြောင်းအလဲတွေ
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာစီးဆင်းမှုကို ထိန်းချုပ်ထားတာကနေ သြဂုတ်လဆန်းပိုင်းကစလို့ ဖြေလျှော့မှုတွေကြောင့် ရပ်ဆိုင်းနေတဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင်တဲ့အနေအထားမျိုးတော့ ရှိလာတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေဘက်က သိရပါတယ်။
ဒေါ်လာထိန်းချုပ်မှုအစီအစဥ်ထဲကနေ ကင်းလွတ်ခွင့်ရထားကြတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေရဲ့ရရှိလာတဲ့ နိုင်ငံခြားသုံးငွေအားလုံးကို ကိုယ်တိုင်စီမံခန့်ခွဲသုံးစွဲခွင့်ပြုလိုက်သလို နိုင်ငံဖြတ်ကျော်ကာ လွှဲပြောင်းခြင်းအတွက်လည်း လွတ်လပ်စွာလုပ်ကိုင်ခွင့်ကို သြဂုတ်လ ၁၅ ရက်ကစပြီး စစ်ကောင်စီဗဟိုဘဏ်က ဖြေလျှော့ပေးခဲ့တာပါ။
ဒါပေမယ့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေတွေထဲက ကိုယ်တိုင်စီမံသုံးစွဲခွင့်ရတဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ နိုင်ငံဖြတ်ကျော်လွှဲပြောင်းတဲ့အခါမှာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ဖို့ ပြန်လည်ကန့်သတ်ထားတာမျိုး ရှိနေပါသေးတယ်။
ပြည်တွင်းကုန်စည်တင်သွင်းသူတွေ အနေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းရတဲ့အခက်အခဲမျိုး ရှိနေသေးပြီး အခုအပြောင်းအလဲကြောင့် အရင်ထက် ၁၀ ပုံ တစ်ပုံ လောက် လုပ်ငန်းစီးဆင်းလာနိုင်တယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့အထိလည်း ခွင့်ပြုချက်လျှောက်ထားနိုင်မယ့် လမ်းညွှန်မှုမျိုး လုပ်ငန်းစဥ်တိတိကျကျကို လုပ်ငန်းရှင် တွေဘက်က တိတိကျကျသိရှိရတာမျိုးမရှိသေးတာကြောင့် သွင်းကုန်လုပ်ငန်းတွေအတွက် ငွေပေးပို့လွှဲ ပြောင်းရမယ့်နေရာတွေ အခက်အခဲတွေရှိနေတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားသုံးငွေတွေကို ကန့်သတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ပြည်တွင်းအခြေအနေပေါ်မူတည်ပြီး နိုင်ငံခြားသုံးငွေ မူဝါဒတွေကို မကြာခဏ ပြောင်းလဲပြင်ဆင်တာတွေ လုပ်နေတာပါ။
နိုင်ငံခြားအရန်ငွေ နည်းသွားတဲ့အတွက် အစိုးရရဲ့ စွက်ဖက်မှုတွေ ရှိလာတယ်လို့ သုံးသပ်ကြကြောင်း စီးပွားရေးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်နိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အခွန်ကင်းလွတ်ခွင့်နဲ့ဆွဲဆောင်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီဟာ ပြည်တွင်းမှာ လိုအပ်နေတဲ့ နိုင်ငံခြားသုံးငွေတွေ ရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာတွေ့ရပြီး အခုလည်း နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်အားလစာတွေကို လိုင်စင်ရဘဏ်တွေကနေ ပြန်လွှဲရင် အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ သြဂုတ်လ ၁၇ရက်နေ့မှာ ထုတ်ပြန်လာပြန်ပါတယ်။
စီးပွားရေးကျွမ်းကျင်သူတွေကတော့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ သတ်မှတ်သုံးစွဲခွင့်ရှိတဲ့ အခြေအနေ မျိုးကြောင့် စစ်ကောင်စီရဲ့ အဲဒီကမ်းလှမ်းချက်က အလုပ်မဖြစ်နိုင်ဘူးလို့ ယူဆပြောဆိုကြပါတယ်။
လက်ရှိ ဒီသြဂုတ်လအတွင်း မူဝါဒတချို့ ဖြေလျှော့ပေးတာကြောင့် တောက်လျှောက်ကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုး မဆိုသလောက် တည်ငြိမ်သွားတယ်လို့ ဆိုနိုင်ပြီး ရွှေစျေးနဲ့ စက်သုံးဆီ စျေးနှုန်း ဒီရက်ပိုင်း အနည်းငယ် ကျဆင်းလာပါတယ်။
ဒါပေမယ့် ရေရှည်တည်ငြိမ်မှုရဖို့ကတော့ အရင်လို ဗဟိုဘဏ်က လုပ်ငန်းရှင်တွေကို ဒေါ်လာတွေ ပြန်ရောင်းပေးတာ၊ နိုင်ငံခြားငွေစီးဆင်းမှုထိန်းချုပ်ထားတာတွေကို ဖယ်ရှားလိုက်ဖို့လိုတယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
နိုင်ငံတကာမှာ ဒေါ်လာစျေးမြင့်တက်မှုကြောင့် အခက်အခဲတွေ ဖြစ်နေတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာက ဒေါ်လာစျေးမြင့်တက်မှုအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုကျဆင်းမှုကြောင့် အခြေခံစားသောက်ကုန် စားသုံးဆီ၊ ဆေးဝါးစတဲ့ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်စည်တွေအတွက် ဒေါ်လာလိုအပ်ချက် မြင့်မားနေတာ၊ တင်သွင်းရတဲ့ နိုင်ငံတွေရဲ့ မူဝါဒအပြောင်းအလဲနဲ့ တင်သွင်းတဲ့ ပြည်တွင်းကုန်သွယ်ရေး လမ်းကြောင်းတွေမှာ တိုက်ပွဲဖြစ်ပွားပြီး စျေးကွက် မတည်ငြိမ်တာကြောင့် လုပ်ငန်းလည်ပတ်ရေး အခက်အခဲတွေက ပိုမိုကြီးမားနေပါတယ်။








