ရုရှားက စက်သုံးဆီ ဝယ်ဖို့ပြင်နေတဲ့ စစ်ကောင်စီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်ကောင်စီက ရုရှားနိုင်ငံက စက်သုံးဆီ ဝယ်ယူရေးအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီကော်မတီမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီကော်မတီကို သြဂုတ်လ (၁) ရက် ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ အတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှုး အပါအဝင် စုစုပေါင်း (၁၀) ဦးပါဝင်ကြောင်း ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့မှ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာလည်း ဖော်ပြပါရှိပါတယ်။
ဦးဆောင်ကော်မတီမှာ စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးတာဝန်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များ စျေးကွက်ရှာဖွေရေးနဲ့ သုတေသနဌာနက အထွေထွေမန်နေဂျာက တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒီအဖွဲ့က ရုရှား စက်သုံးဆီတွေကို ဘယ်လိုဝယ်ယူမယ်ဆိုတာနဲ့ ဘယ်က သယ်ယူမယ်ဆိုတဲ့ အပိုင်းတွေနဲ့ ပတ်သက်လို့ လတ်တလော ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ကော်မတီဝင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Global Newlight of Myanmar
မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား စက်သုံးဆီနဲ့ လျှပ်စစ်လိုအပ်ချက်အတွက် နှစ်နိုင်ငံဝန်ကြီးဌာနတွေအကြား ပူးပေါင်းလုပ်ငန်းအဖွဲ့တွေဖွဲ့ပြီး လက်တွေ့ ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇွန်လ အတွင်းက ထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့ နိုင်ငံတကာစီးပွားရေးဖိုရမ်ကို စစ်ကောင်စီခန့် ဝန်ကြီးတွေ သွားတက်ခဲ့အပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ရုရှားသမ္မတ ပူတင် တက်ရောက်ခဲ့တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို စစ်ကောင်စီဝန်ကြီး ၅ ဦး သွားတက်ခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးဖိုရမ် သွားတက်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် လောင်စာဆီနဲ့ လျှပ်စစ် အကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားကိုသွားခဲ့တာလို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်ဟာ ရုရှားရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ၊စွမ်းအင်ဝန်ကြီးလည်း ဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံရဲ့ စက်သုံးဆီ နဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀က နေ ၂၀၂၁ အတွင်း မြန်မာနိုင်ငံကနေ စက်သုံးဆီ ဒေါ်လာ ၂.၆၆ ဘီလီယံကျော် ဖိုးတင်သွင်းခဲ့ပြီး စက်သုံးဆီဟာ မြန်မာနိုင်ငံက နှစ်စဥ်ပြည်ပက တင်သွင်းတဲ့ ထိပ်တန်း သွင်းကုန် ပစ္စည်း ၁၀ မျိုးစာရင်းမှာ ထိပ်ဆုံးကရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWE PHEE MYAY NEWS AGENCY
ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ ၃ ရက်နေ့က ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၈၅၀ကျပ် နဲ့ သတ်မှတ်ပေးလိုက်ပြီး နိုင်ငံခြားကို လွှဲမယ့် နိုင်ငံခြားငွေတွေကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်အပြီး နောက်မှာတော့ စက်သုံးဆီ စျေးတွေ အစိုးရသတ်မှတ်တဲ့ ရည်ညွှန်းစျေး အတိုင်းရောင်းရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပြည်တွင်းမှာ စက်သုံးဆီ စျေးတွေတက်လာပြီး ဝယ်မရတာတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီကတော့ ပြည်တွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီစျေးတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြီး ဒေသအတွင်း သင့်တင့်တဲ့စျေးနှုန်းနဲ့ ရောင်းနေတာလို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ လုံလုံလောက်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းနေရလို့ ပြည်ပကနေ တင်သွင်းမှု လျှော့ချသွားဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၈ ရက်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များ ညှိနှိုင်းမှုအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံက စက်သုံးဆီတွေ အများစုဟာ လက်ရှိ စင်ကာပူနိုင်ငံက တစ်ဆင့်တင်သွင်းတာဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသူအချို့ထံက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်တွင်းမှာ စက်သုံးဆီစျေးတွေ ဆက်တိုက်တက်လာနေပြီး နယ်မြို့အချို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်နေပါတယ်။
ဆီဆိုင်တွေမှာ ဆီကို ပမာဏနဲ့ပဲ သတ်မှတ်ပြီး ရောင်းချပေးတာ၊ လိုသလောက် ၀ယ်ယူလို့မရတာတွေ အပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းတွေ တက်လာပြီးနောက်ပိုင်း စက်သုံးဆီစျေးဟာ အရင်ရက်ပိုင်းစျေးထက်လည်း စျေးတွေ မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။
အရင်က စက်သုံးဆီ တစ်လီတာကို ၂၀၀၀ ကျပ် ၀န်းကျင်သာ ရှိခဲ့ရာက ရက်ပိုင်းအတွင်းမှာပဲ စျေးက တစ်လီတာကို ၃၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်ကြားမှာ ရှိနေပြီး ၀ယ်ယူလို့ မရတော့တဲ့ အနေအထား ရောက်ရှိသွားခဲ့ပါသေးတယ်။
ဒါ့အပြင် မှောင်ခိုစျေးကွက်မှာလည်း စက်သုံးဆီ တစ်လီတာကို ကျပ်တစ်သောင်းနားအထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
နယ်တွေဘက်မှာတော့ စစ်ကောင်စီက တိုင်ကြားရန်ဖုန်းနံပါတ်တွေ ထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဆီဆိုင်တွေက ပိတ်ထားပြီး သတ်မှတ်ဆီဆိုင်တစ်ဆိုင်မှာပဲ တစ်ရက်ကို ဆီ ငွေကျပ် ၃၀၀၀ ဖိုး ခွဲတမ်းနဲ့ ရောင်းချပေးလာတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရုရှားကနေ အိန္ဒိယနိုင်ငံကလည်း စက်သုံးဆီဝယ်နေတာကြောင့် အိန္ဒိယက တစ်ဆင့် မြန်မာနိုင်ငံကို သယ်ယူနိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပါတယ်။
အဆိုပါ ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့် ဖြူးရေးဦးဆောင်ကော်မတီဟာ စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိ ကအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ရန်၊ လစဉ်လို အပ်တဲ့ နိုင်ငံခြားငွေကြေး ပမာဏကို နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊ စက်သုံးဆီတင် ဆောင်လာတဲ့ သ င်္ဘောများ အချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်လို့လည်း စစ်ကောင်စီထုတ်ပြန်တဲ့ အမိန့်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီခန့်ထားခဲ့တဲ့ ရုရှားနိုင်ငံက စက်သုံးဆီဝယ်ယူသိုလှောင် ဖြန့် ဖြူးရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ရုရှားဆီတွေ မြန်မာနိုင်ငံကို စသယ်နေပြီလားလို့ ကော်မတီဝင်ကို မေးကြည့်တော့ အခုရက်ပိုင်း ဒီကော်မတီက တင်သွင်းတာမဟုတ်တဲ့ စက်သုံးဆီ သင်္ဘောတွေပဲ အခုရက်ပိုင်းထပ်ပြီးရောက်လာဖို့ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။








