နယ်မြို့အချိုမှာ စက်သုံးဆီ ပြတ်

ရှမ်းပြည်နယ် မြို့တစ်မြို့ ကဆီဆိုင် ရှေ့က လူအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ် မြို့တစ်မြို့ ကဆီဆိုင် ရှေ့က လူအုပ်ကြီး

ရန်ကုန်မြို့က ဆီဆိုင်အချို့မှာ စက်သုံးဆီတွေဝယ်လို့ရပေမယ့် မန္တလေးအပါအဝင် နယ်မြို့တွေက စက်သုံးဆီ အရောင်းဆိုင်အချို့မှာ စက်သုံးဆီတွေ ဝယ်မရဘဲ ကန့်သတ်ရောင်းချနေတာတွေနဲ့ ဆိုင်ပိတ်ထားတဲ့အခြေအနေတွေအထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆီစျေးတွေကလည်း ဆက်ပြီး တက်လာနေပါတယ်။

သြဂုတ်လ ဒုတိယပတ်လောက်စပြီး နေ့စဥ်အတက်စျေးဖြစ်နေခဲ့တဲ့ ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေဟာ ဒီကနေ့ သြဂုတ်လ ၁၄ ရက်မှာတော့ ရန်ကုန်မြို့မှာ 92 တစ်လီတာကို ၂၃၂၀ ကျပ် 95 တစ်လီတာကို ၂၃၉၀ ကျပ်အထိ စျေးရောက်လာပါတယ်။

ဒါက စစ်ကောင်စီ၇ဲ့ စက်သုံးဆီလုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ နေစဉ်ဈေးနှုန်းထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဖြစ် ပြီးမန္တလေးမြို့အတွက် 92 တစ်လီတာကို ၂၃၆၅ ကျပ် နဲ့ 95 တစ်လီတာကို ၂၄၃၅ ကျပ်အထိ စျေးတွေ တက်လာပါတယ်။ နယ်တွေမှာတော့ အချို့နေရာတွေမှာတော့ အဲဒီစျေးရဲ့ ၂ ဆလောက်ပေးဝယ်ရတဲ့ အခြေအနေအထိ ဖြစ်နေပြီး တချို့ဒေသတွေမှာဆို လုံးဝဝယ်မရတဲ့ အထိဖြစ်နေတယ်လို့ ဆိုကြပါတယ်။

မန္တလေးမြို့ ဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ ဆိုင်ကယ်များ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ ဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ ဆိုင်ကယ်များ

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာတော့ စက်သုံးဆီဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ ကားတန်းရှည်တွေနဲ့ ဆိုင်ကယ်တန်းရှည်တွေကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊။

အဲဒီဒေသတွေမှာ စက်သုံးဆီ ဝယ်လို့မရတဲ့ အခြေအနေတွေဖြစ်နေတာ ရက်သတ္တပတ် တစ်ပတ်လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မိုးညှင်းခရိုင်ထဲက မိုးကောင်းမြို့မှာတော့ မြို့ပေါ်က ဆီဆိုင်အားလုံး ပိတ်ထားလို့ ဆီဝယ်မရဖြစ်‌နေတာကြောင့် တခြားမြို့ကနေဝယ်ပြီးရောင်းတဲ့ လမ်းဘေးဆီဆိုင်တွေကနေ နှစ်ဆကျော် လောက်မြင့်တဲ့ စျေးနဲ့ စက်သုံးဆီဝယ်ယူရတယ်လို့ ဆိုပါတယ်။

"ဆီဆိုင်မှာ ဆီမရှိလို့ တခြားမြို့ကနေသွားဝယ်ပြီး လမ်းဘေးမှာ ပြန်ရောင်းကြတယ် တစ်ဂါလံ နှစ်သောင်း နှစ်သောင်းလေးထောင် စသဖြင့် အစားစားရောင်းကြတယ် "လို့ မိုးကောင်းမြို့ခံတစ်ဦးကပြောပါတယ်။

မူဆယ်မြို့ ဆီဆိုင်ရှေ့က တန်းစီနေတဲ့ ကားတန်း

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မူဆယ်မြို့ ဆီဆိုင်ရှေ့က တန်းစီနေတဲ့ ကားတန်း

တခါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စက်သုံးဆီ 92 95 တစ်လီတာကို ကျပ် ၄၅၀၀ အထိ စျေးပေါက်နေသလို အဆိုးဝါးဆုံး ဆီပြတ်လပ်မှုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရှမ်းပြည်နယ်အတွင်းက စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူတွေအနေနဲလည်း လက်ကျန်ဆီနည်းနေပြီး ဆီအကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပြောလာပါတယ်။

ဆိုင်ကယ်တစ်စီးကို သုံးထောင် ကားတစ်စီးကို ၂ သောင်းနှုန်းနဲ့ ရောင်းပေးနေတယ် ဆီလက်ကျန်ကတော့ဆယ်ရက်စာလောက်တော့ ကျန်သေးတယ်လို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူတစ်ဦးက ဆိုပါတယ်။

ဒီလိုတန်းစီပေမယ့် အချို့မြို့တွေမှာ ဆိုင်တွေပိတ်သွားပြီး တန်းစီပေမယ့် ဝယ်မရတော့ဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေက ပြောပါတယ်။

ဆီစျေးတွေက ဒီကနေ့မှာလည်း ဆက်တက်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆီစျေးတွေက ဒီကနေ့မှာလည်း ဆက်တက်နေဆဲ

နယ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်ရှားပါးနေတဲ့ အပေါ်မှာ မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ လုပ်ငန်းရှင်အချို့ကတော့ မြင့်တက်နေတဲ့ ဒေါ်လာငွေလဲနှုန်းကြောင့် စက်သုံးဆီဈေးနှုန်း ကျရိပ်မမြင်နိုင်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ တင်သွင်းဝယ်ယူခွင့်လိုင်စင်နဲ့ ငွေချေခွင့်ပြုထားပြီးတဲ့ စက်သုံးဆီတန်ချိန် ၈၇,၀၀၀ ကျော် သယ်ဆောင်လာမယ့် သင်္ဘော ၅ စီး ဝင်ရောက်လာဖို့ရှိနေတယ်လို့ စက်သုံးဆီတင်သွင်းသူတွေဘက်က သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာတော့ ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေကို ပြည်ပကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝန်းကျင် တင်သွင်းရာကနေ လျော့ချမယ်လို့ စစ်‌ကောင်စီဥက္ကဋ္ဌကပြောသွားပါတယ်။

အဲဒီနောက်ပိုင်း အခုလို ရက်သတ္တပတ်အတွင်းမှာ စက်သုံးဆီ ရည်ညွှန်းစျေးလည်း တစ်လီတာ ကျပ် ငါးရာခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။