CDM ဆရာမနဲ့ ခင်ပွန်း သတ်ဖြတ်ခံရမှု - CDM တွေ အကာအကွယ်မဲ့နေမှုဖြစ်ရပ်

ကထိန်အလှူပွဲစာတန်းနောက်ခံနဲ့ ဘုရားဆင်းတုရှေ့မှာ ကထိန်သင်္ကန်းထည့်ထားတဲ့ ဖလားကို ကိုင်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်

ဓာတ်ပုံ ရင်းမြစ်, Daw A Thi Aung

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ စုပေါင်း ကထိန်အလှူပွဲမှာ တွေ့ရတဲ့ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်

အသက် ၅၂ နှစ်အရွယ် CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ နေအိမ်အတွင်းမှာ သတ်ဖြတ်ခံရတဲ့သတင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အလုပ်ဆက်လုပ်နေကြတဲ့ CDM အသိုင်းအဝိုင်းအတွက် ထိတ်လန့်စရာသတင်းတစ်ရပ် ဖြစ်လာပါတယ်။

ဒီဖြစ်ရပ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ တပ်မဟာ ၄ နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲရွာမှာ ဖြစ်ပွားခဲ့တာပါ။

"မြေပြင်မှာ CDM တွေ လုံခြုံရေးနဲ့ အသက်အန္တရာယ်ဆိုင်ရာ အကာအကွယ်မရှိဘဲ ရင်ဆိုင်နေရတဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်တာပါ" လို့ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်ရေးကွန်ရက် (TCSN) အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

KNU ဘက်က လူသတ်မှုနဲ့ ဆက်နွှယ်တဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီလို့ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ပုလောမြို့နယ် ပညာရေးအသိုင်းအဝိုင်းဘက်က ထပ်ဆင့် CDM လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတယ်။

ဒေါ်အေသီအောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပုလောမြို့နယ် အခြေခံပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလူသတ်မှုအမှုမှန် ပေါ်ပေါက်လာတဲ့အထိ ပညာရေးလုပ်ငန်းစဉ်တွေကို ယာယီရပ်နားသွားမယ်လို့ သူ ဦးဆောင်ခဲ့တဲ့ ပညာရေးဘုတ်အဖွဲ့က ထပ်ဆင့် CDM လုပ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

KNU က ထုတ်ပြန်လာတဲ့ တရားခံဆိုသူတွေ

KNU က တရားခံလို့ စွပ်စွဲ ထုတ်ပြန်လာသူ လေးဦး

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, KNU က တရားခံလို့ စွပ်စွဲ ထုတ်ပြန်လာသူ လေးဦး

ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးပြည့်ဖြိုးနိုင်တို့ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်အစောပိုင်း ၁ နာရီနဲ့ ၂ နာရီကြားမှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက် KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ရဲ့ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၅) ရဲ့ အကျဥ်းခန်းကနေ ထွက်ပြေးသွားတဲ့ အချုပ်သား လေးဦးက ဆရာမ ဒေါ်အေသီအောင်နဲ့ခင်ပွန်းကို သတ်ခဲ့တာလို့ ဆိုပါတယ်။

KNDO တပ်ရင်း (၇) ဟာ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ရဲ့ အောက်က တပ်ရင်းတစ်ခု ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီအချုပ်သား လေးဦးဟာ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းရဲ့ စစ်မှုထမ်းသင်တန်းကနေ ထွက်ပြေးလာသူတွေလို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဘီဘီစီကို ပြောပါတယ်။

"အဲဒီပြစ်မှုကျူးလွန်တဲ့သူ လေးယောက်ဟာ အရပ်သား ရိုးရိုးလည်းမဟုတ်ဘူး။ ကျွန်တော်တို့ တပ်ဖွဲ့ ဝင်လည်း မဟုတ်ဘူး။ စစ်တပ်စုဆောင်းတဲ့ စစ်သားထဲမှာပါတယ်။ သူတို့ထွက်ပြေးလာတော့ KNDO တပ်ခွဲက လက်ခံတယ်။ တပ်ခွဲထဲနေချိန်မှာ သူတို့က ခိုးမှု၊ ဆေးသုံးစွဲမှုဖြစ်လို့ အချုပ်ခန်းမှာ ချုပ်ထားတာဖြစ်တယ်" လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ကိုအောင်နိုင်ဦး၊ ကိုဖြိုးဝေဦး၊ ကိုဇော်ထိုက်နဲ့ ကိုဝင်းစိုးတို့ လေးဦးဟာ KNDO အချုပ်ခန်းကနေ ဒီဇင်ဘာ ၁၃ ရက်မှာ ထွက်ပြေးခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်မှာ ကိုအောင်နိုင်ဦး၊ ကိုဖြိုးဝေဦးနဲ့ ကိုဇော်ထိုက်ကို ဖမ်းဆီးရမိပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ကိုဝင်းစိုးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိချိန်မှာ စစ်မေးချက်အရ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းကို သတ်ပြီး ‌လက်ဝတ်ရတနာတွေ ယူဆောင်ကာ ထိုင်းဘက်သွားဖို့ လုပ်ခဲ့ကြတာကို သိရတယ်လို့ KNU ဘက်ကပြောပါတယ်။

ထမင်းတောင်းစားရာမှာ မကျွေးတာကြောင့် သတ်မိသွားတာလို့ ဖမ်းမိချိန်မှာ ထွက်ဆိုခဲ့ကြောင်း KNU က ဖော်ပြပါတယ်။အချုပ်ဖောက်ပြီး ထိုင်းဘက်ထွက်ပြေးဖို့ ကြိုးစားတဲ့ သူတို့ လေးဦးဟာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဆားခဲရွာမှာ ရောက်နေခဲ့တယ်လို့ KNDO တပ်ရင်းက စစ်မေးချိန်ဖြေထားတယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။

"ဒီဇင်ဘာ ၁၅ ရက် ညခင်းပိုင်းမှာ သူတို့ထဲကတစ်ယောက်က ထမင်းသွားတောင်းစားတာ ဆရာမက မကျွေးလို့ ဓားနဲ့ခုတ်သတ်လိုက်တာ။ သူ့ခင်ပွန်း ထွက်လာချိန်မှာ ကျန်တဲ့ သုံးယောက်က ချုပ်ထားပြီးတော့ တစ်ယောက်က ခုတ်သတ်လိုက်တာ။ နောက် တစ်ရက်နှစ်ရက်မှ ကျွန်တော်တို့ ပြန်ဖမ်းမိတာ" လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဓားနဲ့ခုတ်သူက ကိုဝင်းစိုးဖြစ်ပြီး ကျန်တဲ့ သုံးဦးက ချုပ်ပေးတာလို့ ပဒိုစောအယ်နားက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ အချုပ်သား လေးဦးဟာ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ ဆရာမဇနီးမောင်နှံကို ခုတ်ခဲ့တဲ့ဓားကို ချောင်းတစ်ခုမှာ ဆေးကြောချိန် ငါးရှာနေတဲ့ ကလေးတစ်ဦးနဲ့ တွေ့ပြီး ကလေးလက်ထဲက လက်နှိပ်ဓာတ်မီးကို လုယူချိန်မှာ ကိုဝင်းစိုး ကိုင်ထားတဲ့ဓားက ကလေးလက်ကို ပြတ်ရှသွားတဲ့ဖြစ်စဥ်တောင်ရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူးက ဖြည့်ပြောပါတယ်။

အချုပ်ဖောက်ပြေးသူ လေးဦးကို KNDO တပ်ရင်းကပဲ မေးမြန်းစစ်ဆေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ဖွဲ့စည်းခဲ့တဲ့ လူသတ်မှုအတွက် အမှုမှန်ပေါ်ပေါက်ရေး ကော်မတီဘက်ကနေ စစ်ဆေးခွင့်မရခဲ့ဘူးလို့ သိရှိရပါတယ်။ ဒီကော်မတီမှာ KNU၊ KNLA အထူးတပ်ဖွဲ့၊ PDF မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ NUG ပသုံးလုံးအဖွဲ့ တွေ ပါဝင်ပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်ဘက်ကအပြောအရ တရားခံတွေဟာ KNDO လက်ထဲမှာရှိနေပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူးကတော့"အမှုက စစ်ဆေးနေဆဲပဲ။ သတင်းက စောစော ရချင်လို့ စောစောပို့ခိုင်းတာ။ လိုင်းပေါ်မှာ ဆရာမ အသတ်ခံရတဲ့ကိစ္စကို KNU အပေါ် သံသယ ရှိတာကြောင့် သတင်းစောစောရပြီးထုတ်ပြန်တာဖြစ်တယ်" လို့ တုံ့ပြန်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က KNU ရဲ့ထုတ်ပြန်ချက်မှာ လိုအပ်ချက်တွေရှိနေတာကြောင့် သက်သေ အထောက်အထား၊ သရုပ်ပြမှုတွေနဲ့ သက်သေခံပစ္စည်းတွေ ချပြဖို့ လိုအပ်တယ်လို့ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်ရေးကွန်ရက် (TCSN) အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဒီလိုမျိုး အပေါ်ယံအကြောင်းပြချက်နဲ့ အလျင်စလို ဆုံးဖြတ်လို့ရတဲ့ အမှုမဟုတ်ဘူး။ တရားခံ လေးဦးသည် ဆရာမကို မသိနေသလို ဆရာမကလည်းသူတို့ကိုမသိဘူး။ ထမင်းတောင်းစားရုံနဲ့ မသေမချင်းသတ်တယ်ဆိုတဲ့ ကိစ္စက အဲဒီထက်ပိုပြီး နက်ရှိုင်းတဲ့အကြောင်းအရာတွေရှိမယ်လို့ ကျွန်မတို့မြင်တယ်" လို့ သူကပြောပါတယ်။

KNU ထုတ်ပြန်ချက်နဲ့ မြေပြင်ကွဲလွဲချက်

ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်တို့ရဲ့ စျာပနအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, ပု‌လောမြို့နယ်ပညာရေးဘုတ်အဖွဲ့

ဓာတ်ပုံ ပုံစာ, ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်တို့ရဲ့ စျာပနအခမ်းအနား

KNDO တပ်ရင်း ၇၊ တပ်မ ၅ က သတင်းပေးပို့ချက်အရ ထုတ်ပြန်လာတဲ့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းကိုပြည့်ဖြိုးနိုင်တို့ သတ်ခံရတဲ့ အချိန်တွေနဲ့ ပု‌လောနယ်ခံရဲ့ ပြောပြချက်က ကွာဟနေပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ လူသတ်မှုဖြစ်ခဲ့တာလို့ KNU ဘက်က ထုတ်ပြန်ပေမဲ့ ပုလောနယ် ဒေသခံကတော့ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီကနေ ၂ နာရီကြား အချိန်မှာဖြစ်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူ့အပြောအရ ဒီဇင်ဘာ၁၆ ရက်မနက်အစောပိုင်း မနက် ၁ နာရီနဲ့ ၂ နာရီဝန်းကျင်ကြားမှာ ဆရာမ ဒေါ်အေသီအောင်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ဘေးအိမ်က ကြားခဲ့ပြီး လူသတ်သမားကိုတော့ အလင်းရောင်မရှိတာကြောင့် မမြင်ခဲ့ကြဘူးလို့ သိရပါတယ်။

"လက်ပြတ်ရှဒဏ်ရာရတဲ့ကလေးက သူ့ဂုတ်ကိုဆွဲပြီး ဓားနဲ့ထောက်တဲ့သူ လက်ကို ကိုင်မိချိန်မှာ လူဝကြီးဖြစ်လိမ့်မယ်ထင်တယ်လို့ ပြောတယ်လို့ သိရတယ်" လို့ ပုလောဒေသခံက ပြောပါတယ်။

KNU ထုတ်ပြန်ချက်ဟာ တပ်ရင်း ၇၊ တပ်မ ၅ က အချုပ်သား လေးဦးကို ပြန်ဖမ်းမိချိန်မှာ စစ်မေးချက်အပေါ် အခြေခံထားတာဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့တဲ့ နေရာဝန်းကျင်နဲ့ သက်သေတွေကိုကောက်ယူ စစ်ဆေးတာ မရှိဘူးလို့ ဒေသခံတချို့က ပြောပါတယ်။

ထုတ်ပြန်ချက်နဲ့ ပူးတွဲဖော်ပြတဲ့ တရားခံဆိုသူတွေရဲ့ ဓာတ်ပုံမှာ ကိုဝင်းစိုးဆိုသူဟာ ထွားကြိုင်းတဲ့ အမျိုးသားတစ်ဦးမဟုတ်သလို ကျန် သုံးဦးလည်း အလားတူခန္ဓာကိုယ်အချိုးအစားဖြစ်တာတွေ့ရပါတယ်။

အချိန်ကွာဟချက်နဲ့ ပတ်သက်လို့ "တပ်ခွဲ ၅ ပို့တဲ့သတင်းကို အခြေခံတာပဲ။ ဒီလိုဖြစ်ပျက်မှုတစ်ခုမှာ ဘယ်သူမှ အချိန်မကြည့်ဘူး။ ကျွန်တော်ဖမ်းမိတဲ့အချိန်မှာ စစ်ဆေးမေးမြန်းပြီး ပြန်ဆုံးဖြတ်ရတာပဲလေ" လို့ ပဒိုစောအယ်နားက တုံ့ပြန်ပါတယ်။

ရာဇဝတ်မှုမှာ ဝန်ခံထွက်ဆိုချက်ရရင်တောင် မြေပြင်နဲ့ သက်သေစစ်ဆေးချက်တွေ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက လုပ်ထုံးလုပ်နည်းကို ရှင်းပြပါတယ်။

"ဝန်ခံချက်က အရေးပါတဲ့ သက်သေခံချက်ဆိုပေမဲ့ ဘယ်လိုအခြေအနေမှာပေးတာလဲ၊ ဘယ်သူတွေက ဝန်ခံချက်ကိုယူတာလဲနဲ့ ဝန်ခံထွက်ဆိုစဥ်မှာ ဘယ်သူရှိလဲဆိုတာ ကြည့်ရမယ်" လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

ထွက်ပြေးတဲ့အကျဥ်းသားက ကျူးလွန်တဲ့ ရာဇဝတ်မှုမှာ စီရင်သူဘက်က prejudice (ကြိုတင်ပိုင်းဖြတ်သုံးသပ်ချက်) မဖြစ်အောင်နဲ့ ဘက်မလိုက်ကြောင်း ထင်သာမြင်သာရှိအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေက ဖြည့်စွက်ပြောပါတယ်။

လူပြောများနေတာကြောင့် အလျင်စလိုထုတ်လာတဲ့ KNU ရဲ့ ထုတ်ပြန်ချက်မှာ သေဆုံးသူဆရာမရဲ့ နာမည်လည်း မှားယွင်းနေတယ်လို့ ထောက်ပြချက်တွေရှိပါတယ်။

ဆရာမရဲ့ နာမည်ရင်းက ဒေါ်အေသီအောင်ဖြစ်ပေမဲ့ ထုတ်ပြန်ချက်မှာ ဒေါ်အေးသီအောင်၊ ဒေါ်အေးသီတာအောင်လို့ ဖော်ပြထားပါတယ်။

"အမှုကို မြေပြင်အခြေအနေလိုက်ပြီး အမှုမှန်ဖော်ထုတ်ရေးကော်မတီက ဖော်ထုတ်ဖို့လုပ်နေချိန် KNDO က ထုတ်ပြန်ချက်ထုတ်ပြီး လက်ဦးမှုယူတယ်လို့ ထင်တယ်" လို့ ပုလောဒေသခံက ပြောပါတယ်။

TSCN ဘက်ကလည်း KNU ကအမှုပိတ်ဖို့ လွယ်လွယ်ကူကူလုပ်ဆောင်တာလို့ ယူဆနေပြီး အမှုမှန်ပေါ်လာအောင် ချိတ်ဆက်ဆောင်ရွက်ဖို့ စီစဥ်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။

နောက်ထပ်ကွဲလွဲချက်ကတော့ အချုပ်သားလေးဦးရဲ့ နောက်ခံအကြောင်းအရာပါ။

ပဒိုစောအယ်နားက အချုပ်သား လေးဦးဟာ တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ပြောပါတယ်။

ပုလောဒေသခံရဲ့ပြောပြချက်အရ သူတို့ဟာ စစ်တပ်ရဲ့ စစ်မှုထမ်းကနေ လက်နက်နဲ့ပြေးလာပြီးတဲ့နောက် KNDO က သူတို့ကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခဲ့တယ်လို့ဆိုပါတယ်။

အချုပ်သား လေးဦးမှာ သုံးဦးဟာ ထိုင်းနိုင်ငံကနေ ပြစ်ဒဏ်ကျခံပြီး မြန်မာကိုပြန်ပို့ခံရသူတွေဖြစ်ပါတယ်။ မြန်မာဘက်အရောက်မှာ စစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်းထဲပါသွားသူတွေလို့ ပုလောဒေသခံကဆိုပါတယ်။

"သူတို့ ဘာလို့ စစ်တပ်ကနေထွက်ပြေးလာလဲဆိုတော့ စစ်သားမလုပ်ဘဲ အပြင်မှာပဲ အေးဆေးလုပ်စားချင်လို့။ KNU ဘက်က တပ်သားလုပ်လိုက်တော့ သူတို့ဆန္ဒနဲ့မကိုက်ဘဲ ထွက်ပြေးတာ နှစ်ကြိမ် သုံးကြိမ်လောက်ရှိပြီ" လို့ ပုလောဒေသခံက သူကြားသိထားတဲ့အချက်ကို ပြောပါတယ်။

သူတို့ ထွက်ပြေးချိန်မှာ ပုလောနယ်ထဲက တောင်တချို့ကို ဖြတ်ပြီး ပါလာတဲ့ ရိက္ခာနဲ့ တောထဲ ချက်ပြုတ် စားသောက်ခဲ့ကြတယ်လို့လည်း သိထားရကြောင်း ပြောပြပါတယ်။

ဒေသခံအပြောအရ သူတို့ဖြတ်လာတဲ့ တောင်တွေဟာ အမှုဖြစ်တဲ့ ဆားခဲရွာနဲ့ တည်နေရာအနေအထားအရ နီးစပ်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။

သေဆုံးသူ ဆရာမရဲ့ နေအိမ်အနေအထားကလည်း ပတ်ဝန်းကျင်မှာ လူနေအိမ် လေးလုံးရှိပြီး လှမ်း အသံပြုရင် ကြားနိုင်တဲ့ အကွာအဝေးဖြစ်တယ်လို့ ပုလောဒေသခံပြည်သူတစ်ဦး ပြောပါတယ်။

"အခုတလော လင်မယားစကားများတာလည်းရှိတော့ သာမန်ရန်ဖြစ်တယ်ထင်ပြီး ထွက်မကြည့်ခဲ့ကြတာလို့ သိရတယ်။ ‌နောက်မှ သူနဲ့ရင်းနှီးတဲ့ သူရဲ့ နာမည်ကို ဆရာမက အော်လိုက်မှ ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုပြီး ထွက်ကြည့်ကြတာ" လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေအနေနဲ့ သဲသဲကွဲကွဲမြင်ခဲ့ရတာတော့ မရှိဘူးလို့ဆိုပါတယ်။

နောက်ကွဲပြားချက်တစ်ခုကတော့ KNU ထုတ်ပြန်ချက်မှာ ဆရာမရဲ့ လည်ပင်းနဲ့ လက်မောင်းကို ခုတ်ခံထိချိန် ဆရာမရဲ့ အော်သံကိုကြားပြီး ခင်ပွန်းက ထွက်ကြည့်ချိန်မှာ သူ့ကိုပါထပ်ခုတ်တယ်လို့ ဆိုထားတဲ့ အချက်ပါ။

ဒေသခံအပြောအရ ဓားဒဏ်ရာတွေနဲ့ ဆရာမတို့ ဇနီးမောင်နှံအလောင်းကို အိပ်ရာပေါ်မှာ တွေ့ရ တာလို့ဆိုပါတယ်။

ဒီလိုကွဲလွဲချက်တွေရှိနေတာကြောင့် အမှုစစ်ဆေးချက် ပြန်လည်လုပ်ဆောင်ဖို့နဲ့ ပတ်သက်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက "အပြည့်အစုံအတွက် တပ်ခွဲ ၅ တပ်ရင်းမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ဓာတ်ပုံနဲ့ မှုခင်းအချက်အလက်ပြည့်စုံဖို့ လုပ်ဆောင်နေတယ်။ပြီးတာနဲ့ထွက်လာမှာပါ"လို့ ဘီဘီစီကို ဖြေပါတယ်။

အချက်အလက်အပြည့်အစုံ ထပ်ထုတ်ဖို့ရှိတယ်ဆိုတာကြောင့် အမှုပိတ်လိုက်တဲ့ အခြေအနေမဟုတ်ဘဲ ထပ်မံစစ်ဆေးမှုတွေနဲ့ ထုတ်ပြန်မှုတွေ ကျန်ရှိနေသေးတယ်လို့နားလည်ရပါတယ်။

NUG ပညာရေးဝန်ကြီးဌာန၊ အမှုမှန်ပေါ်‌ပေါက်ရေးကော်မတီဖွဲ့စည်းရာမှာပါခဲ့တဲ့ မြိတ်ခရိုင် PDF တပ်ရင်း ၁၊ တနင်္သာရီမှာလှုပ်ရှားနေတဲ့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးတို့ကို ဘီဘီစီက အမှုပြန်လည်သုံးသပ်ရေးအတွက် ဆက်လက်ဆောင်ရွက်ဖို့ရှိ မရှိမေးမြန်းထားပေမယ့် ဖြေဆိုတာ မရှိပါဘူး။

NUG ဘက်ကတော့ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုသာ ကိုးကားဖို့ အကြောင်းပြန်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ အမှုမှန်‌ပေါ်ပေါက်ရေးအတွက် ပါဝင်ပတ်သက်ကျူးလွန်သူအားလုံးကို ဖော်ထုတ်အရေးယူအပြစ်ပေးဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

KNU က တရားခံတွေကို ဖမ်းမိပြီလို့ ကြေညာပြီးနောက်မှာ NUG ဘက်ကနေ ဆက်သွယ်လာတာမရှိသေးဘူးလို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပဒိုစောအယ်နားက ပြောပါတယ်။

တနင်္သာရီတိုင်းထဲက CDM ဝန်ထမ်းကွန်ရက်တစ်ခုဖြစ်တဲ့ TCSN အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိ သူကတော့"ကိုယ့်နေအိမ်မှာသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်က ဒါဒုတိယအကြိမ်ဖြစ်တယ်။ NUGနဲ့ တော်လှန်ရေး၊ နိုင်ငံ‌ရေးအဝန်းအဝိုင်းက ဒီဖြစ်စဥ်တွေအပေါ်မှာ စာထုတ်တာကလွဲရင် တာဝန်ယူမှုမရှိဘူးလို့မြင်တယ်" လို့ ဆိုပါတယ်။

တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ CDM ဝန်ထမ်းသတ်ခံရတဲ့ ပထမဖြစ်စဥ်ကတော့ ၂၀၂၄ နိုဝင်ဘာ ၄ ရက်တုန်းက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဖြစ်ခဲ့တာပါ။ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဦးဝင်းဌေး၊ ဇနီးနဲ့ လသားအရွယ် ကလေးတို့ဟာ တပုန်းရွာက သူတို့နေအိမ်မှာပဲ သတ်ခံရတာဖြစ်ပါတယ်။

ဒီအမှုက တစ်နှစ်ကျော်ကြာလာချိန်အထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးပါဘူး။

ဆရာမ ‌ဒေါ်အေသီအောင်က ဘယ်လိုလူမျိုးလဲ

ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်

ဓာတ်ပုံ ရင်းမြစ်, Daw A Thi Aung

ဓာတ်ပုံ ပုံစာ, ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်း ဦးပြည့်ဖြိုးနိုင်

အသက် ၅၂ နှစ်အရွယ် ဒေါ်အေသီအောင်ဟာ ပုလောမြို့ပေါ်က အမှတ် ၃ မူလတန်းလွန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ခဲ့သူဖြစ်ပါတယ်။

ဆရာမက အနေအထိုင် ပွင့်လင်းရိုးသားသူဖြစ်ကာ သဘောမနောကောင်းသူဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

"လူချစ်လူခင်လည်း များတယ်။ အိမ်ကိုဘယ်သူလာလာ ကျွေးချင်မွေးချင်စိတ်လည်းရှိတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ်မှာ ပုလောနယ်ထဲမှာ အခြေခံပညာတက်ရောက်ရမယ့်အရွယ် ကလေးငယ် တွေအတွက် ပညာရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနရဲ့ ပုလောမြို့နယ် အခြေခံပညာရေးဘုတ်အဖွဲ့ တာဝန်ခံအနေနဲ့ လည်း တာဝန်ယူခဲ့ပါတယ်။

"ဆရာမက မြေပြင်ကျောင်းဖွင့်ဖို့ဆို လှေနဲ့ကိုယ်တိုင်ကွင်းဆင်းလုပ်တာ မသေခင်အထိပဲ" လို့ TCSN အလုပ်အမှုအဆောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ မြို့နယ် ပညာရေးဘုတ်အဖွဲ့ ၁၀ ခုရှိပြီး ဆရာမဒေါ်အေသီအောင် တာဝန်ယူခဲ့တဲ့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့အထိ ခရီးတွင်ခဲ့တာပါ။

မြေပြင်ကျောင်း ၁၀ ကျောင်းထက်မနည်း ဖွင့်နိုင်ခဲ့ပြီး အွန်လိုင်းကျောင်း နှစ်ကျောင်းလည်းဖွင့်ထားပါတယ်။

"နှစ်အလိုက် ကျောင်းအရေအတွက် တိုးဖွင့်နိုင်အောင်လုပ်တယ်။ ကလေးတွေက Grade 12 ထိ သင်နိုင်ပြီးတက္ကသိုလ်ဝင်တန်းအထိ သွားနိုင်ပြီဆိုတော့ အောင်မြင်မှုကို မှန်းကြည့်လို့ရပါတယ်" လို့ ဆရာမနဲ့ နီးစပ်သူကပြောပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ်တွေမှာ ပုလောနယ်ထဲက ကရင်ရွာတချို့မှာ သင်ကြားရေးလုပ်ဆောင်ခဲ့ပေမဲ့ KNU ဘက်က မလုပ်ဆောင်စေချင်တဲ့ သဘောဖြစ်လာတာကြောင့် ရပ်တန့်ခဲ့ရတာတော့ ရှိတယ်လို့ ဆရာမနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သင်ကြားရေးကို လက်ခံတဲ့ ရွာတွေဘက်မှာပဲ စာသင်ကျောင်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတုန်းမှာပဲ ဒီဇင်ဘာလလယ်မှာ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဒေါ်အေသီအောင် သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

"တိုင်းထဲမှာ နိုင်ငံရေးအရရော လက်နက်ကိုင်အရရော ရှုပ်ထွေးနေနဲ့အချိန်မှာ နိုင်ငံ့ဝန်ထမ်းအနေနဲ့ အသက်ကိုရင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းလုပ်ရတာ အင်မတန်မှကို စိတ်မကောင်း ဝမ်းနည်းစရာဖြစ်တယ်" လို့ TCSN အလုပ်အမှုဆောင်အဖွဲ့တာဝန်ခံက ပြောပါတယ်။

TCSN ကတော့ CDM ဝန်ထမ်းတွေ အန္တရာယ်ကင်းကင်းနဲ့လုပ်ကိုင်ဆောင်ရွက်နိုင်အောင် KNU အပါအဝင် တိုင်းအတွင်းက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

TCSN အလုပ်အမှုဆောင်အဖွဲ့တာဝန်ခံကတော့ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးနဲ့ပတ်သက်လို့ "သေဆုံးသူတွေအတွက် တရားမျှတမှုအစစ်အမှန်ရရှိဖို့ ခိုင်လုံတဲ့ စစ်ဆေးမှုတွေ၊ အချက် အလက်တွေ ပြည်သူလူထုကို ချပြဖို့လိုတယ်။ ဒါမှ KNU သည် ဒေသခံပြည်သူတွေအတွက် ပိုပြီးယုံကြည်ရတဲ့ အဖွဲ့အစည်းဖြစ်လာမယ်''

''တဖက်မှာလည်း တော်လှန်ရေး၊ နိုင်ငံရေး အဝန်းအဝိုင်းတွေအနေနဲ့လည်း ဒီအမှုကို ပွင့်လင်းမြင်သာမှုနဲ့ စစ်မှန်အောင်ချပြနိုင်မှသာ ပြည်သူယုံကြည်မှု၊ CDM ဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာကနေ စိုးရိမ်မှုတွေကို ပိုပြီးကာကွယ်ပေးနိုင်မယ်လို့ မြင်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ဥပဒေစိုးမိုးမှုအားနည်းနေတဲ့အခြေအနေမှာ တစ်ဖက်သတ် စစ်ဆေးစီရင်မှုတွေက အလွန်အန္တရာယ်များလို့ အထူးသတိထားရမယ်လို့ ထောက်ပြပါတယ်။

ဒေါက်တာစိုင်းကြည်ဇင်စိုးက ပဋိပက္ခဒေသတွေတွင်းက ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းတွေဖြေရှင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကို လေ့လာထားသူဖြစ်သလို နိုင်ငံ‌ရေး၊ လူမျိုးစုရေး၊ လူ့အခွင့်အရေး သုတေသီတစ်ဦးဖြစ်ပါတယ်။

'' သူ့ဘက်ကိုယ့်ဘက် သံသယကြီးမားနေတဲ့ အချိန်မျိုးတွေမှာ ကိုယ့်တရားကိုယ်စီရင်တဲ့အခြေအနေတွေ ထွန်းကားလေ့ရှိတယ်။ ဒီလိုအချိန်မှာ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ စည်းကြပ်မှုမရှိဘူး။ သက်ဆိုင်ရာအစုအဖွဲ့တွေက ဒါကို လေးလေးနက်နက်ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးဆိုရင် ဒီဓလေ့က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတတ်ပါတယ်'' လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးကပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီလိုဖြစ်ရပ်တွေက မတရားမှုနဲ့ ဒီမိုကရေစီရေးအတွက် တော်လှန်နေတယ်ဆိုတဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ကျဆင်းစေတယ်လို့ မှတ်ချက်ပြုပါတယ်။

''အထူးသဖြင့် စစ်တပ်က အခုလို တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်အဖွဲ့တွေလို့ ပုံဖော်နေချိန်မှာ တော်လှန်ရေးအစုအဖွဲ့တွေက စနစ်ကျတဲ့တရားစီရင်မှုမရှိဘဲ တရားလက်လွတ် လုပ်ဆောင်မှုတွေ ဆိုရင် တော်လှန်ရေးရဲ့ ရပ်တည်မှုအပေါ် ထိခိုက်မှုရှိသွားလိမ့်မယ်။ဒါကို သတိထားလုပ်ဆောင်ကြဖို့လိုတယ်''