အပြန်အလှန်သတ်ဖြတ်မှုတွေကြားက ပျောက်ဆုံးနေတဲ့ လူသားစာနာမှု

ဓာတ်ပုံ ရင်းမြစ်, Social Media
ဒီဆောင်းပါးမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာ အကြောင်းအရာ ဖော်ပြချက်တွေ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
စစ်တပ်သတင်းပေးဆိုသူနဲ့ ပျူစောထီး ခေါင်းဆောင် တစ်ဦး တို့ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ရေးဘီလူးအဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ် တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက အရေးယူမှုလုပ်လာပါတယ်။
ဒီသတ်ဖြတ်မှုတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်လို့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က စစ်တပ်ထောက်ခံသူတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်တွေတင်မက တော်လှန်ရေးနယ်မြေထဲ လက်စဖျောက်ခံရတဲ့ နောက်ထပ်ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
ထင်ထင်ရှားရှားဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးတာဝန်ခံဦးဝင်းဌေးနဲ့ သူ့ရဲ့ သုံးလသား အရွယ် ကလေးငယ်အပါအဝင် မိသားစုလိုက် အသတ်ခံရမှု ဖြစ်ပါတယ်။
ဒါအပြင် ရေဦးမြို့နယ်၊ ကုန်းသာရွာ ပသုံးလုံးယန္တရားထဲက အာဏာပိုင်တချို့ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ထောက်ပြဝေဖန်လေ့ရှိတယ်ဆိုတဲ့ ဒေသခံအရပ်သားတွေဖြစ်တဲ့ ဦးမောင်ထွန်းနဲ့ ဒေါ်ထီလှိုင် တို့ ဇနီးမောင်နှံနှစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်မှာ သေဒဏ် စီရင်ခဲ့ပါတယ်။
အဲဒီလို သေဒဏ်ပေးစီရင်မှုကို နိုင်ငံတကာကရော လူ့အခွင့်အရေး ကာကွယ်သူတွေကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။
အခုတော့ အဲဒီလို သေဒဏ်စီရင်တာ၊ သတ်ဖြတ်တာတွေကို တော်လှန်ရေးနယ်မြေတွေမှာ စတင်ကျင့်သုံးလာတာတာကိုလည်း ကန့်ကွက်နေကြပြီး ဒါကို NUG က ထိန်းသိမ်းဖို့ တိုက်တွန်းတောင်းဆိုတာတွေ ရှိလာပါတယ်။
စိတ်ခံစားချက်နဲ့လုပ်မိတယ်လို့ ဗိဿနိုးအဖွဲ့ ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, Social Media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းက နေပြည်တော်-ကံပြားလမ်းပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးလှုပ်ရှားသူ ပျူစောထီးအဖွဲ့ဝင် မျိုးချစ်ကိုမင်းမင်း ကို စစ်ရေးပစ်မှတ်အဖြစ် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ် ရုပ်သံဖိုင်ပျံ့နှံ့လာချိန်မှာတော့ ကိုမင်းမင်းရဲ့ ဦးခေါင်းပြတ်ကို PDF အဖွဲ့ဝင် တစ်ဦးက ကိုင်ထားတာတွေ့ရပြီး နောက်တစ်ဦးက ခြေထောက်နဲ့နင်းကာ ဆဲဆို လှောင်ပြောင်နေတာ ပါရှိပါတယ်။
ကိုမင်းမင်း စီးလာတဲ့ ကားကို တားဆီးပြီး ဖမ်းဖို့ ကြိုးစားချိန်မှာ ပြန်ခုခံခဲ့တဲ့အတွက် သေနတ်နဲ့ပစ်ရင် အခြားသူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဓားနဲ့ အပြန်အလှန်ခုတ်ရင်း ကိုမင်းမင်း အပါအဝင် သက်တော်စောင့်တစ်ယောက် လက်လွန်သေဆုံးသွားတယ်လို့ ဗိဿနိုးအဖွဲ့က ဆိုပါတယ်။
"မသေခင်မှာ (ခေါင်းကို ခုတ်ထစ်သတ်ဖြတ်မှု) ဖြစ်ပွားခဲ့တာပါ။ မသေခင်မှာ သူတို့ ခုတ်ကြရင်းနဲ့ဖြစ်ပွားခဲ့တာပါ။ ကျွန်တော်တို့ အဲဒီဘက်နယ်က ဓားတွေက ဒီတိုင်းကို သွေးနေတဲ့ ဓားတွေဖြစ်တဲ့ အတွက် လက်မောင်းလုံးလောက်သစ်ပင်တောင်မှပဲ တစ်ချက်တည်းနဲ့ခုတ်ရင် ပြတ်နိုင်တဲ့ ဓားမျိုးတွေပါ" လို့ ဗိဿနိုးတပ်ဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုကျီးကန်းက ဘီဘီစီကို ပြောပါတယ်။
ကိုမင်းမင်းကိုသတ်ဖြတ်ခဲ့တဲ့ ရဲဘော်တွေဟာ အဲဒီဖြစ်စဉ်မတိုင်ခင်က ရိုးမတစ်နေရာက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအတွင်း ဗိဿနိုး PDF ရဲ့ ကြိုးကြာနီတပ်ဖွဲ့၊ တပ်ရင်းမှူးက ရဲဘော်တွေအတွက် တစ်ယောက်တည်း ခံပစ်ရင်း ကျဆုံးသွားခဲ့တာကြောင့် စိတ်ခံစားချက်နဲ့ လုပ်ဆောင်ခဲ့မိတာလို့ ဝန်ခံခဲ့ကြောင်း ကိုကျီးကန်းက ပြောပါတယ်။
နောက်တစ်ခါ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ရုပ်သံတစ်ခုထဲမှာ မွန်ပြည်နယ်က ပျူစောထီးအဖွဲ့ဝင် ဦးခေါင်းဖြူ (ခ) မင်းဇံ ဆိုသူကို NUG ကာကွယ်ရေးဝန်ကြီးဌာန PDF ဘက်တံဆိပ်တပ်ထားတဲ့ ကျည်ကာအင်္ကျီဝတ်ဆင်ပြီး ဓားကိုင်ဆောင်ထားတဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ခေါင်းနဲ့ ခြေလက်အင်္ဂါတွေကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်တာ၊ ရုပ်အလောင်းကို ကန်ကျောက်နေတာတွေ တွေ့ရပါတယ်။
ဓားနဲ့ခုတ်နေရင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က "ငါ့မိဘတွေ ပြေးနေရတယ်၊ အခုချိန်ထိ၊ အခုချိန်ထိ။ ကမ္ဘာအဆုံးထိပဲ မင်းတို့ကောင်တွေ" လို့ ပြောဆိုနေတာ တွေ့ရပါတယ်။
ဒီလိုသတ်ဖြတ်စီရင်မှုနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ ရေးဘီလူးအဖွဲ့ကို ဘီဘီစီက အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။
သေဒဏ်ကျင့်သုံးခြင်းနဲ့ သတ်ဖြတ်တရားစီရင်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဗဟိုဦးဆောင်ကော်မတီက ဒေသန္တရ တားမြစ်ချက် ၂၃ ချက်ပါ ဥပဒေတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဥပဒေပါ တားမြစ်ချက်တွေကို ခွင့်ပြုချက်မဲ့ကျူးလွန်ရင် သေဒဏ်ချမှတ်နိုင်တဲ့ တရားစီရင်ခြင်းနဲ့ မည်သူကိုမဆို အရေးယူသွားမယ်ဆိုတာ ၂၀၂၄ နိုဝင်ဘာ ၁၅ ရက် က ထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက လူ့အခွင့်အရေး စံနှုန်းနဲ့ မညီတဲ့ သေဒဏ် ကျင့်သုံးမှုကို ပြုလုပ်ရ မလားဆိုပြီး ကန့်ကွက်သံတွေရှိခဲ့ပါတယ်။
အဲဒီနောက်မှာ ဂန့်ဂေါ(ပအဖ) က ဒီအမိန့်ကို ပြန်ရုပ်သိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီအမိန့်ကို တစ်လအကြာ ၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်မှာ ဖျက်သိမ်းတယ်လို့ စာထုတ်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ဝေဖန်လေ့ရှိတဲ့ အသက် ၅၀ အရွယ် ဇနီးမောင်နှံ ၂ ဦး ကိုယ်ခန္ဓာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပါတယ်။
သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သံသယရှိခံရသူ NUG လက်အောက်ခံ ပကဖ အဖွဲ့ဝင်တချို့ကို မြို့နယ် (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးသလို NUG ဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း အောက်တိုဘာလတုန်းက အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဦးစံ ဆိုသူကို (ပကဖ) က ဖမ်းဆီးပြီးနောက် သေဒဏ်ပေးခဲ့တယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ တရားခံကို သေဒဏ်စီရင်ထားတာမရှိဘူးလို့ ဒီဇင်ဘာ ၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တပုန်းရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ CDM ကျောင်းဆရာ ဦးဝင်းဌေး၊ ဇနီးနဲ့ သုံးလအရွယ်သမီးဖြစ်သူတို့ နေအိမ်မှာ လည်လှီးသတ်ဖြတ်ခံခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီအထိ တရားခံ မပေါ်ပေါက်သေးပါဘူး။
ဦးဝင်းဌေးနဲ့ မိသားစု သတ်ဖြတ်ခံရတဲ့ တပုန်းရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး သူတို့ အသတ်ခံရတဲ့ နေ့နဲ့ အဲဒီရက်တွေက စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
"အမှုဖြစ်တဲ့နေရာက လုံးဝလွတ်မြောက်နယ်မြေတွေ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂) ကြီးစိုးတဲ့နယ်မြေဗျ။ သတ်မယ့်သူတွေက ဒီရွာထဲကို ဘယ်လိုလုပ်ဝင်လာနိုင်တာတုန်း။ စဉ်းစားကြည့်ဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရင် အသတ်ခံရမှာလည်း ကြောက်ရတယ်။ ဒါကြောင့်မို့ ဘယ်သူမှ ဒီကိစ္စကို မပြောရဲဘူး" လို့ အဲဒီနယ်က အမည်မဖော်လိုတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
NUG ဘယ်လိုအရေးယူမလဲ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနဟာ စတင်လည်ပတ်ခဲ့တဲ့ ၂၀၂၂ ကနေ ၂၀၂၄ ဩဂုတ်လအထိ အမှုပေါင်း ၁,၆၀၀ လက်ခံရရှိခဲ့တယ်လို့ ၂၀၂၄ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ NUG ရဲ့ ဝန်ကြီးဌာနသုံးခု ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့ပါတယ်။
"NUG ရဲ့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ကို ထိန်းကျောင်းနိုင်ဖို့အတွက် တိုင်းအဆင့် ထိန်းကျောင်းရေး ယန္တရားတွေ တည်ဆောက်ဖို့အတွက် တိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ထားတာ ရှိပါတယ်" လို့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် က ပြီးခဲ့တဲ့ လပိုင်းတုန်းက ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။
နေပြည်တော်က စစ်တပ်ထောက်ခံသူ ပျူစောထီး ကိုမင်းမင်း သတ်ဖြတ်ခံရမှုဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ကျူးလွန်သူ လေးဦးကို ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီး ထောင်အချုပ် တစ်နှစ်စီ ချထားတယ်လို့ ဗိဿနိုးအဖွဲ့ခေါင်းဆောင် ကိုကျီးကန်းက ပြောပါတယ်။
"လူတစ်ယောက်ကို သူ့အပြစ်ရှိလို့မို့ ဒလန်ဖြစ်သည်ဖြစ်စေ၊ စကစ ဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့ လူတစ်ယောက်ကို သတ်လိုက်လို့ သေသွားပြီဆိုရင် ရပြီ။ ကျန်တဲ့ နောက်ဆက်တွဲဟာကို ကျွန်တော်တို့ လုပ်ခွင့်မပေးတော့ပါဘူး ခင်ဗျ။ အဲဒါက သေဆုံးသွားပြီဖြစ်တဲ့ လူတစ်ယောက်ရဲ့ အခွင့်အရေးလည်း ရှိပါတယ်" လို့ သူက ပြောပါတယ်။
ကိုကျီးကန်းက အပြစ်ရှိတဲ့သူကို သတ်ဖြတ်လို့ ရတယ်ဆိုပေမဲ့ ညှင်းပမ်းနှိပ်စက်ပြီး ခုတ်ထစ်သတ်ဖြတ်တာမျိုး လက်မခံဘူးလို့ ဆိုပါတယ်။
နေပြည်တော်က ပျူစောထီး ကိုမင်းမင်းကို ခုတ်ထစ်သတ်ခဲ့တဲ့အဖွဲ့ဝင်တွေကိုတော့ ဒီလိုဖြစ်စဥ်မျိုးတွေ ထပ်မဖြစ်ပွားအောင် အရေးယူထားတယ်လို့ သူကဆက်ပြောပါတယ်။
"ကျွန်တော်တို့သည် အာဏာရှင်စနစ်ကို ဖြုတ်ချတဲ့အခါမှာ ကျွန်တော်တို့ရဲဘော်တွေမှာ စိတ်ရိုင်း၊ စိတ်မိုက်တွေ မမွေးစေချင်တဲ့ သဘောပါ။ အဲဒါတွေကို ကျွန်တော်တို့က ခွင့်ပြုလိုက်မယ်ဆိုရင် ဒါက နောက်ဆက်တွဲ ဆိုးကျိုးတွေက ဆက်ပြီးထိန်းချုပ်လို့ မရနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က အခုကတည်းက စပြီးတားမြစ်လိုက်တာပါ။"
ဒါပေမဲ့ သတ်ဖြတ်ပြီး ပြစ်ဒဏ်စီရင်တာမျိုး မလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။
စစ်ကောင်စီလိုလားသူတွေကို သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ ပျံ့နှံ့ခဲ့ချိန်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။
အဲဒီဝေဖန်မှုတွေကြောင့် မွန်ပြည်နယ်က ရေးဘီလူးအဖွဲ့ကို NUG/MOD အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ခုံရုံးဖွဲ့ အရေးယူမယ်လို့ ပြောဆိုလာပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အခုလိုသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ရေးဘီလူးအဖွဲ့ကို အရေးယူမယ်လို့ ဘီဘီစီကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ ပြောထားပါတယ်။
"ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး စုံစမ်းစစ်ဆေးဖို့အတွက် အဖွဲ့ဖွဲ့ထားပြီးပါပြီ။ သူတို့ရဲ့ စုံစမ်းမှုနဲ့ တရားစီရင်မှု ဆက်လုပ်ပါလိမ့်မယ်" လို့ သူက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကျူးလွန်တယ် ဆိုတဲ့သူတွေကို သတ်ဖြတ်စီရင်တာ၊ သေဒဏ်ပေးတာတွေကို ဘယ်လိုတားမြစ်မလဲ ဆိုတာနဲ့ပတ်သက်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူတွေထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်ကြားတာမရှိခဲ့ပါဘူး။
လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ရေးဘီလူးအဖွဲ့ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်တာနဲ့ ပတ်သက်လို့ မျှတမှုရှိ မရှိနဲ့ ဘယ်လောက်ထိ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဆိုတာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
"အဲဒီစုံစမ်းစစ်ဆေးမှုက ဘယ်လိုမျိုးရလဒ်ထွက်လာလည်းဆိုတာ ကျွန်တော်တို့ဆီကို Report (သတင်းပို့အစီရင်ခံစာ) ပြန်မလာသေးဘူး။ ကျွန်တော်တို့ကတော့ စုံစမ်းစစ်ဆေးနိုင်တဲ့ဝန်ကြီးဌာန မဟုတ်ဘူး၊ ကျွန်တော်တို့က အမိန့်ချနိုင်တဲ့ ဝန်ကြီးဌာနမဟုတ်ဘူး" လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေရဲ့ အကာအကွယ်

ဓာတ်ပုံ ရင်းမြစ်, Social Media
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ International Humanitarian Lawဟာ အရပ်သားတွေနဲ့ လက်နက်ချခဲ့ပြီးဖြစ်တဲ့ တိုက်ပွဲဝင်စစ်သည်တွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူတွေအားလုံးကို အကာအကွယ်ပေးထားတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ထုတ်ပြန်ထားပါတယ်။
IHL အရ အကာအကွယ်ပေးခံရတဲ့ အရပ်သားတွေဟာ သူတို့ရဲ့ အသက်၊ ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်အခွင့်အရေးတွေနဲ့ နိုင်ငံရေး၊ ဘာသာရေး၊ အခြားခံယူချက်တွေအပေါ် လေးစားမှုရခွင့်ရှိတယ်လို့ ဖော်ပြထားပြီး သူတို့ကို ညှဥ်းပမ်းနှိပ်စက်တာ၊ သိက္ခာကျအရှက်ရစေတဲ့ ဆက်ဆံမှု (သို့မဟုတ်) ရိုက်နှက်အပြစ်ပေးတာ မလုပ်ရတဲ့အပြင် အကြမ်းဖက်မှု (သို့မဟုတ်) လက်တုံ့ပြန်မှု လုပ်ရပ်မှန်သမျှကနေ အကာအကွယ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို နိုင်ငံတွေဖြစ်စေ၊ စနစ်တကျဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အုပ်စုတွေဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးဟာ IHL ရဲ့ နိုင်ငံတကာ သဘောတူစာချုပ်နဲ့ ဓလေ့ထုံးတမ်း စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ စစ်သုံ့ပန်းဥပဒေတွေကိုထောက်ပြပြီး တစ်ဖက်ရန်သူဖြစ်ပေမဲ့ ဖမ်းမိသူကို သတ်ဖြတ်ခြင်းဟာ စစ်မြေပြင်မှာကျူးလွန်ခွင့်မရှိတဲ့ အခြေအနေလို့ ထောက်ပြပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်း က တော့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
"ရေးဘီလူးနဲ့ ဗိဿနိုးအဖွဲ့တို့ရဲ့ သတ်ဖြတ်မှု၊ လူသတ်ဖြတ်မှုဖြစ်စဉ်ဆိုရင် တရားလက်လွတ် သို့မဟုတ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းလို့ သတ်မှတ်လို့ ရပါတယ်။ ဒါလူ့အခွင့်အရေးနဲ့မှ မဟုတ်ပါဘူး၊ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေအားလုံးကို ချိုးဖောက်တာနဲ့ အတူတူပါပဲ။"မချစ်ဆိုင်းက ဝေဖန်ပါတယ်။
အကြမ်းဖက်မှုသံသရာ

ဓာတ်ပုံ ရင်းမြစ်, CJ
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ အခုနှစ်ဇန်နဝါရီလဆန်းအထိ လေးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ခြောက်ထောင်ကျော်သေဆုံးခဲ့ပြီး နှစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီးအားကောင်းတဲ့ ဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက မြောက်ခင်ရန်းရွာကို ၂၀၂၃ နိုဝင်ဘာ ၇ ရက်တုန်းက ယောဒေသကာကွယ်ရေးအဖွဲ့ YDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်စဉ်မှာ အဖွဲ့ဝင်တွေဖြစ်တဲ့ ဖိုးတေနဲ့ သားထောင်တို့နှစ်ဦး ဖမ်းခံခဲ့ရပါတယ်။
သူတို့နှစ်ဦးကို မြောက်ခင်ရန်းရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နဲ့ စစ်ယူနီ ဖောင်းဝတ်ထားသူတွေက လက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို ထိပ်တုံးခတ်ကာ ဝိုင်းဝန်းကန်ကျောက် ဆဲဆိုခဲ့တာကိုလည်း အဲဒီအချိန်က ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။
ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ သွေးအလိမ်းလိမ်း ပေကျံနေတဲ့ လူငယ်နှစ်ဦးကို ကွန်ကရစ်လမ်းမအတိုင်း ဒရွတ်တိုက်ဆွဲကာ သစ်ပင်မှာ တွဲလောင်းချိတ်၊ ဓာတ်ဆီလောင်းပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာကို လူတချို့က လှောင်ပြောင်ရင်း ရပ်ကြည့်နေကြတာပါ။
အလားတူ ၂၀၂၄ ဇူလိုင် ၂၁ ရက် မနက် ၂ နာရီဝန်းကျင်တုန်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်းက စုန်းချောင်းရွာကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၅ ဦး စုစုပေါင်း ၁၄ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီက သတ်ဖြတ်ခဲ့သူ ၁၄ ဦးရဲ့ အလောင်းတွေမှာ ညှင်းပမ်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဦးခေါင်းတွေကို ပစ်သတ်ထားတာတွေ မြင်တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၁ ရက်တုန်းကလည်း စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက တာတိုင်ကျေးရွာကို စီးနင်းခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ကိုကျော်ဇောနဲ့ အမျိုးသမီးသုံးဦးအပါအဝင် ၁၇ ဦး ကို ခုတ်ထစ်သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဒီလို သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အမြဲတမ်းငြင်းဆိုလေ့ရှိပါတယ်။
ကျေးရွာတွေထဲ စစ်ကြောင်းထိုးရင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူဆယ်နဲ့ချီ သေဆုံးရတာတွေ၊ စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၄ နာရီမပြည့်ခင် အသက်သေဆုံးရတာတွေလည်း ဒီလေးနှစ်တာ ကာလအတွင်းမှာ ရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုးရွားဆုံးလူသေဆုံးမှု ဆိုရင် စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာမှာ ၂၀၂၃ ဧပြီလက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် လူစုစုပေါင်း ၁၇၁ ဦး သေဆုံးခဲ့ရပါတယ်။
အရပ်သားတွေရဲ့ နေရာကို ယူပြီး တိုက်ခိုက်တာတွေ လုပ်တာမှန်သမျှ စစ်ရေးပစ်မှတ်လို့ မှတ်ယူချေမှုန်းမယ်လို့ စစ်တပ်ကလည်း ပြောပြီး ရှမ်းမြောက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို လေကြောင်းက တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် တန်ပြန်ချေမှုန်းမှုတွေလုပ်မှာမို့ အရပ်သားတွေသတိထားဖို့ ဆိုပြီးသတိပေးထုတ်ပြန်ချက်တွေလည်းနေ့စဥ်လိုလို သတင်းစာကနေ ကြေညာနေတာပါ။
တစ်ဖက် တော်လှန်ရေးအဖွဲ့အစည်းတချို့မှာလည်း ဒီလိုသေကြပျက်စီးဆုံးရှုံးရမှုတွေကို ဖြစ်စေတဲ့ သတင်းပေးဆိုသူတွေ၊ စစ်တပ်ထောက်ခံသူတွေကို ကိုယ့်တရားကိုယ်စီရင်တယ်ဆိုတဲ့ သတ်ဖြတ်မှုတွေ ပြုလုပ်လာတာ ရှိနေပါတယ်။
စစ်တပ်ထောက်ခံသူတွေနဲ့ စစ်အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေကြား သတ်ဖြတ်မှုနေတွေကို နှစ်ဖက်လုံးက အထိန်းအကွပ်မဲ့ ကျူးလွန်ကြတာတွေ တွေ့လာရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြပါတယ်။
မတရားမှုကို ခုခံတော်လှန်နေသူတွေကလည်း သူတို့ဆန့်ကျင်နေတဲ့ မတရားမှုလုပ်သူတွေ ရဲ့ လုပ်ရပ်မျိုး လိုက်မလုပ်ကြဖို့လိုတယ်လို့ Fortify Rights က မချစ်ဆိုင်း က ဆိုပါတယ်။
"နှစ်ဖက်စလုံးက ဒီလိုအပြန်အလှန်တွေလုပ်နေရင် အကြမ်းဖက်မှု သံသရာကြီးက ပိုပြီးတော့ ဆိုးရွားပြီးတော့ တရားမျှတမှုနဲ့ အခွင့်အာဏာ အလွဲသုံးစားမှုကြားဆိုတာ ဘယ်လိုမှ ပြတ်ပြတ်သားသားခွဲခြားနိုင်ဖို့ မရှိနိုင်တော့ပါဘူး''
'' တစ်ဖက်က စစ်ကောင်စီဘက်က မလိုက်နာနေဘူးဆိုရင်တောင်မှ တော်လှန်ရေး အဖွဲ့တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို လေးစားသင့်ပါတယ်။" လို့ မချစ်ဆိုင်း က ပြောပါတယ်။
အပြန်အလှန် လက်တုံ့ပြန်နေရင် အကြမ်းဖက်မှု သံသရာက ပိုဆိုးလာမှာကို စိုးရိမ်ရကြောင်း မြန်မာ့အရေး စောင့်ကြည့်နေသူတွေက သတိပေးနေကြပါတယ်။











