NUG ဖြေရှင်းရမယ့် 'ပသုံးလုံး' အာဏာစက်

“ပကဖက လူသတ်ရင် အရေးယူလို့မရဘူးလား။ သူတို့ (ပကဖ) က လူတန်းစားတစ်ရပ် ဖြစ်နေပြီလား၊ စစ်တပ်လိုဖြစ်နေပြီလား၊ အခွင့်ထူးခံတွေဖြစ်နေပြီလား၊ မေးခွန်းထုတ်စရာ ဖြစ်နေပြီ” လို့ပြောလာသူက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အသက် ၆၅ နှစ်အရွယ် ဦးပေါ်ဦးပါ။
ဒီပဲယင်းမြို့နယ်အနောက်ခြမ်း၊ သစ်ရာအိုက်ကျေးရွာက တောင်သူ ဦးပေါ်ဦးဟာ စစ်တပ် အာဏာမသိမ်းခင်က ရွာထဲမှာ သားသမီး မြေးမြစ်တွေနဲ့အတူ နေထိုင်ခဲ့သူပါ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဦးပေါ်ဦးရဲ့သား တက္ကသိုလ်ဒုတိယနှစ်ကျောင်းသား ကိုပြေငြိမ်းဦးဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်တဲ့ ကျေးရွာ ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ ဒုတိယခေါင်းဆောင် ဖြစ်လာပါတယ်။
ကိုပြေငြိမ်းဦးဟာ ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ရွာထဲက အများပိုင်မြေကို ပကဖ ခေါင်းဆောင်ဆိုသူက အကွက်ရိုက်ရောင်းချမယ့်ကိစ္စနဲ့ စစ်တပ်သတင်းပေးဆိုသူတွေဆီက ငွေယူပြီး ရွာမှာပြန်နေထိုင်ခွင့် ပေးမယ့်ကိစ္စကို တားမြစ်ရင်း ပကဖ ခေါင်းဆောင်နဲ့ စကားများခဲ့တယ်လို့ ဦးပေါ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
အဲဒီကိစ္စဖြစ်ပြီးတဲ့နောက် ၂၀၂၃ ဧပြီ ၂၈ ရက် ည ၉ နာရီခွဲ လောက်မှာ ကိုပြေငြိမ်းဦး နေအိမ်မှာရှိနေတုန်း ကျေးရွာ ပကဖအဖွဲ့ခေါင်းဆောင်နဲ့ မောင်းပြန်သေနတ်ကိုင်ထားတဲ့ လူတစ်စုရောက်လာပြီး နေအိမ်မှာပဲ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ ဦးပေါ်ဦးက ပြောပြပါတယ်။
“အပြစ်ရှိရင် ထိုက်တန်တဲ့အပြစ်ကိုပေး။ သူတို့ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဆင့်ခေါ်လို့မလာဘူး။ မလာတဲ့အတွက် ဆင်းဖမ်းတယ်ဆိုရင် ကျွန်တော်လက်ခံတယ်။ သတ်ပစ်ဗျာ။ အဲဒီလိုမှ မဆင့်ခေါ်ဘဲနဲ့ အိမ်ကိုဝိုင်းထားပြီးတော့ ဒလံဖမ်းသလိုဖမ်းတာ။ အိမ်ကိုဝိုင်းထားတာ၊ မောင်းပြန်တွေနဲ့ချည်းပဲ” လို့ ဦးပေါ်ဦးက အဲဒီညက အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
တော်လှန်ရေးလုပ်တော့ မင်းပြေငြိမ်း ဆိုတဲ့ နာမည်ခံယူခဲ့တဲ့ ကိုပြေငြိမ်းဦးဟာ လူမမယ်အရွယ်ကလေးနှစ်ဦးနဲ့ ဇနီးရှေ့ သူ့အိမ်ခြံဝင်းထဲမှာ ရင်ဘတ်နဲ့ကျောက သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ကိုပြေငြိမ်းဦးကို ပစ်ခတ်ခဲ့တဲ့ ကျေးရွာ ပကဖခေါင်းဆောင်ဆိုသူနဲ့အဖွဲ့ကတော့ ပစ်ခတ်မှုလုပ်အပြီးမှာ ကားတစ်စီးနဲ့ ပြန်ထွက်သွားခဲ့တယ်လို့ ဦးပေါ်ဦးက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုပြေငြိမ်းဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ကျန်ရစ်တဲ့ သူ့မိသားစုကိုပါ သတ်ဖြတ်မယ်လို့ ကျေးရွာ ပကဖခေါင်းဆောင်က ခြိမ်းခြောက်နေတာကြောင့် ရွာမှာမနေရဲတော့ဘဲ မိသားစုလိုက် ထွက်ပြေးနေရတာ တစ်နှစ်ကျော်လာပြီလို့ ဦးပေါ်ဦးက ဆိုပါတယ်။
ကိုမင်းပြေငြိမ်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေ၊ အဆင့်ဆင့်သော တာဝန်ခံတွေရဲ့လမ်းညွှန်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ထွန်းအောင် လက်မှတ်ထိုးထားပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက် နေ့စွဲနဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ထူးခြားဖြစ်စဥ်တင်ပြတဲ့စာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စတွေညှိနှိုင်းဖို့ ကိုမင်းပြေငြိမ်းနေအိမ်ကို ဦးဥာဏ်ထွန်းအောင်နဲ့ ဦးပြုံးရွှင် တို့ ပကဖ ခေါင်းဆောင်နှစ်ယောက်ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၁၀ ဦးနဲ့အတူ သွားရောက်ချိန် ကိုမင်းပြေငြိမ်းက လာခေါ်သူတွေကို သေနတ်နဲ့ပစ်ပြီး လက်နက်နဲ့အတူ နေအိမ်ထဲကထွက်လာလို့ ပကဖ တပ်ဖွဲ့က မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အရ ပြန်လည်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ပါရှိပါတယ်။
ကိုမင်းပြေငြိမ်းကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကျေးရွာပကဖ တာဝန်ခံ ဦးဥာဏ်ထွန်းအောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး စက်တင်ဘာ လကုန်ပိုင်းထိ ဆက်သွယ်လို့ မရသေးပါဘူး။
ဒီလိုဖြစ်စဉ်မျိုးကြုံတွေ့ရတာဟာ ဦးပေါ်ဦးတစ်ယောက်တည်းမဟုတ်ပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ခုခံတော်လှန်ရေးအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အခုလိုဖြစ်စဉ်တချို့ မကြာခဏ ဖြစ်လာတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ပသုံးလုံးဆိုတာ ဘာလဲ။

ဓာတ်ပုံ ရင်းမြစ်, NUG's MOD
ပသုံးလုံးဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းထားတဲ့ ရပ်ရွာဒေသကာကွယ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အုပ်ချုပ်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ရဲလုပ်ငန်းစဉ်တွေအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ဖြစ်ပါတယ်။
NUG မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ရှိပါတယ်။ ပကဖရော PDF ပါ လက်နက်တပ်ဆင်ကိုင်ဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာစုဖွဲ့ထားပေမဲ့ PDF က စစ်တပ်တစ်ခုအသွင် ဖွဲ့စည်းထားပြီး ပကဖ ကတော့ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးစုဖွဲ့မှုဖြစ်ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကိုတော့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲပါတယ်။
အာဏာသိမ်းပြီး သုံးနှစ်ကျော်ရှိလာချိန်မှာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသတွေမှာ မြို့ပေါ်နေရာအများစုလောက်သာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီး ကျေးရွာအများစုမှာတော့ ပသုံးလုံးယန္တရားနဲ့ အုပ်ချုပ်နေပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ မင်းကင်းမြို့နယ်တွေနဲ့ တချို့ဒေသတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံမဟုတ်တဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက အုပ်ချုပ်တာတွေလည်းရှိပါတယ်။
“ရပ်ရွာက ဒေသခံတွေလက်ခံလို့ အုပ်ချုပ်နေတဲ့ Local (ဒေသခံ လက်နက်ကိုင် ကာကွယ်ရေး) အဖွဲ့တွေလည်းရှိတယ်။ အကုန်လုံးကတော့ လက်နက်ကိုင်ကြတာပဲ။ ဒါပေမယ့် NUG ဘက်က ထုတ်ထားတဲ့ ဥပဒေတွေအတိုင်းပဲ အုပ်ချုပ်ကြတာများပါတယ်” လို့ NUG လက်အောက်ခံ မင်းကင်းမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG's MOHA
စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းမှာတော့ ပသုံးလုံးအုပ်ချုပ်မှု ယန္တရားအောက်က ဒေသတွေမှာ ပသုံးလုံးအဖွဲ့ဝင်တွေဟာ ဒေသခံတွေအပေါ် မလျော်ဩဇာသုံးတာ၊ အခွန်အခတွေ အများအပြားကောက်ခံတာ၊ အကြောင်းမဲ့စွပ်စွဲသတ်ဖြတ်တာ စတဲ့အမှုတွေ မကြာခဏ ဖြစ်ပေါ်နေသလို ဝေဖန်မှုတွေလည်း မြင့်တက်လာနေပါတယ်။
တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေရဲ့ ကျင့်ဝတ်စည်းကမ်းပိုင်း အားနည်းလျော့ရဲမှုနဲ့ ဖောက်လွဲဖောက်ပြန်မှုတွေ ပိုမိုဆိုးဝါးလာနေတယ်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း ကလည်း အခုနှစ် မေလ ၁ ရက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ထောက်ပြပါတယ်။
အညာဒေသတစ်ခွင်မှာ တော်လှန်ရေးအဖွဲ့အစည်း ယန္တရားတွေနဲ့ ဒေသခံတွေကြား အဆင်မပြေပွတ်တိုက်မှုတွေဟာ နေရာတိုင်းလိုလို ကြားနေရတယ် လို့သူက ဆိုပါတယ်။
“အတော်လည်း စိတ်ညစ်စရာ ကောင်းတယ်ဗျာ။ အဆိုးဆုံးကတော့ အချို့နေရာတွေမှာ အချို့သော ပြည်သူတွေက 'NUG ပအဖ၊ ပကဖ တွေကလည်း မစွံပါဘူး၊ စစ်ကောင်စီနဲ့ မထူးပါဘူးကွာ' လို့ ပြောတဲ့ အသံမျိုးထိ တစွန်းတစ ကြားလာရတယ်ဗျာ။ ဒါက တော်လှန်ရေးအတွက် အတော်ကို အန္တရာယ်ကြီးတယ်” လို့ ထောက်ပြဝေဖန်ထားပါတယ်။
ပသုံးလုံးယန္တရားကို NUG ဘယ်လိုထိန်းကျောင်းနေလဲ

ဓာတ်ပုံ ရင်းမြစ်, NUG's MOHAI
NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကတော့ ပသုံးလုံးအဖွဲ့တွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို သိရှိထားပြီး ထိန်းကျောင်းနိုင်ဖို့အတွက် ၂၀၂၃ ကတည်းက လုပ်ဆောင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
“ပသုံးလုံးထဲကနေ တချို့အဖွဲ့ဝင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ဆောင်ရွက်တာ၊ ပြည်သူတွေအပေါ်မှာ ပြစ်မှုကျူးလွန်တာတချို့ရှိပါတယ်။ ဒါတွေကိုထိန်းကျောင်းဖို့အတွက် တိုင်ကြားစာကော်မတီ ၄ ခုနဲ့ ပသုံးလုံးထိန်းကြောင်းတည့်မတ်မှုယန္တရားကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစတင်ပြီး ဖွဲ့စည်းဆောင်ရွက်နေပါတယ်” လို့ ဦးလွင်ကိုလတ်က ပြောပါတယ်။
NUG အနေနဲ့ပသုံးလုံး အဖွဲ့ဝင်တွေရဲ့ ပြစ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ဖို့ ဗဟိုတိုင်ကြားစာကော်မတီတစ်ခု၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနနှစ်ခု ပူးပေါင်းကော်မတီ တို့ဖွဲ့စည်းထားပြီး ဗဟိုတိုင်ကြားစာကော်မတီစတင်ဖွဲ့စည်းချိန်ကနေ အခုနှစ် စက်တင်ဘာ ၁၂ ရက်အထိ တိုင်ကြားစာပေါင်း ၁၈၅ မှု လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
တိုင်ကြားခဲ့တဲ့ အမှုတွေကတော့ NUG လက်အောက်ခံအဖွဲ့တွေနဲ့ အရပ်သားတွေကြား တိုင်ကြားစာ ၇၉ ခု၊ NUG လက်အောက်ခံအဖွဲ့အချင်းချင်းကြား တိုင်ကြားမှု ၅၃ ခု၊ NUG လက်အောက်ခံအဖွဲ့တွေနဲ့ လက်အောက်ခံမဟုတ်တဲ့ အဖွဲ့တွေကြား တိုင်ကြားစာ ၁၆ ခု၊ အရပ်သားအချင်းချင်းကြား တိုင်ကြားစာ ၈ခု၊ NUG လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကျူးလွန်မှုတိုင်ကြားစာ ၈ ခုနဲ့ အခြားတိုင်ကြားစာ ၂၁ ခု တို့ ဖြစ်တယ်လို့ ဦးလွင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။
“အခုလို အဆင့်ဆင့် တိုင်ကြားစာယန္တရားတွေဆောင်ရွက်ထိန်းကျောင်းနေပေမယ့် ဆုံးဖြတ်ချက်တွေအတိုင်း အရေးယူဆောင်ရွက်မှုမရှိဘူးဟန်ပြပဲလုပ်ကြတယ်လို့ ဆိုပြီး တချို့ပြန်လည်တိုင်ကြားလာတာ အနည်းငယ်တော့ရှိပါတယ်။ ဒါပေမယ့် အများစုက ဆုံးဖြတ်ချက်တွေအတိုင်း လိုက်ပါပူးပေါင်း ဆောင်ရွက်ကြပါတယ်” လို့ ဦးလွင်ကိုလတ်က ပြောပါတယ်။
လက်ရှိအချိန်ထိတော့ တိုင်ကြားထားတဲ့အမှုတွေထဲက ၄၃ မှုကို ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေက စစ်ဆေးနေတဲ့ အမှု ၁၁၇ မှု၊ ဗဟိုတိုင်ကြားစာကော်မတီနဲ့ မသက်ဆိုင်လို့ ပိတ်သိမ်းလိုက်တဲ့ အမှုက ၂၂ မှုရှိတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ဘုန်းကြီး နှစ်ချက်ခေါက်နေပြီလား

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့
ပသုံးလုံးအုပ်ချုပ်ရေးယန္တရားအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းက မော်လူး၊ ထီးချိုင့်၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ ယင်းမာပင်၊ မင်းကင်း၊ ဆားလင်းကြီး၊ ချောင်းဦးနဲ့ မကွေးတိုင်းအတွင်းက ဆောမြို့နယ်တို့မှာ ပသုံးလုံးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေအကြား မကြာခဏဆိုသလို ပဋိပက္ခဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေအတွင်း ပသုံးလုံး အဖွဲ့တွေက ဒေသခံတွေကို ဖမ်းဆီးရိုက်နှက် အပြစ်ပေးတာ၊ အကြောင်းမဲ့သတ်ဖြတ်တာ၊ မုဒိမ်းကျင့် သတ်ဖြတ်တာတွေအထိ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတွေကလည်း ဆန္ဒဖော်ထုတ်မှုတွေလုပ်ဆောင်လာခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေနဲ့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မကွေးတိုင်း ဆောမြို့နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ခိုးမှုနဲ့ ဖမ်းဆီးအချုပ်ချခံထားရတဲ့ အမျိုးသမီးတစ်ဦးကို ပလဖ အဖွဲ့ဝင်တချို့က မုဒိမ်းမှုအကြိမ်ကြိမ် ကျူးလွန်ခဲ့လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ရပါတယ်။
အလားတူ ၂၀၂၂ ဩဂုတ်လတုန်းကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း ရွာစဉ်လှည့်ကာ သံတိုသံစနဲ့ စွန့်ပစ်ပစ္စည်းတွေကောက်တဲ့ လူငယ်အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးကို စစ်တပ်သတင်းပေးဒလံလို့ စွပ်စွဲပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တချို့က ဖမ်းဆီးပြီးနောက် အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
အခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဝက်လက်မြို့နယ် PDF တပ်ရင်း-၂ တပ်စိတ်မှူး ကိုပြည့်ဆိုသူက ရွာခံ မယုမွန်ထိုက်ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးကို သူ့ကိုပြန်မကြိုက်ဘဲ မိန်းကလေး အချင်းချင်း ချစ်ကြိုက်နေတယ်လို့ စွပ်စွဲပြီး နေအိမ်ခြံဝင်းအတွင်း မိဘဆွေမျိုးတွေရှေ့မှာ ဝင်ရောက်ပစ်သတ်ခဲ့ပါတယ်။
အဲဒီလူသတ်မှုဖြစ်ပြီးနောက် ကျူးလွန်ခဲ့သူက ရွှေဘိုခရိုင် PDF တပ်ရင်း ၂ မှာ သွားရောက်အဖမ်းခံခဲ့သလို မယုမွန်ထိုက်ရဲ့ မိသားစုဝင်တွေကလည်း အရေးယူပေးဖို့ NUG အစိုးရဝန်ကြီးဌာန အသီးသီးကို တိုင်ကြားခဲ့ပါတယ်။
ထီးချိုင့်မြို့နယ်မှာလည်း ၂၀၂၄ ခုနှစ်မေလတုန်းက ပကဖအဖွဲ့က လမ်းဖောက်လုပ်တာကို ဒေသခံတွေက မကျေနပ်လို့ ဆန္ဒပြရာမှာ ဆန္ဒပြသူတွေကို ပကဖအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာလည်း အခွန်ကောက်ခံမှုတွေနဲ့ပတ်သက်လို့ မကျေနပ်တာကြောင့် မြို့နယ်ပကဖခေါင်းဆောင်ဆိုသူကို နုတ်ထွက်ဖို့ ဒေသခံတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးအဖွဲ့အသီးသီးက ဘယ်လိုအရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာ အသေးစိတ်သိရဖို့ ဘီဘီစီက ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ဒီနေရာမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ကျူးလွန်တဲ့အမှုဆိုရင် တိုင်ကြားလာတဲ့အပေါ်မှာ မူတည်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက စိစစ်အရေးယူသလို ဒေသတွင်းအမှုအခင်းတွေကိုတော့ ပလဖနဲ့ ပအဖ တို့က ကိုင်တွယ်ဖြေရှင်းတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
ဒါကြောင့် ပသုံးလုံးမှာလည်း ပကဖ အဖွဲ့က ပိုပြီး သြဇာကြီးသလား လို့ ယူဆနားလည်တာတွေရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ အုပ်ချုပ်ရေးယန္တရား တွေထဲမှာ တာဝန်ရှိသူတချို့ဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တာ၊ လက်နက်အားကိုးပြီး ပြည်သူကို နိုင်ထက်စီးနင်း လုပ်လိုတာတွေကို ကြားသိရတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အခုနှစ် စက်တင်ဘာ ၃ ရက်က အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ခံထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG ဝန်ကြီးချုပ် ဖေ့စ်ဘွတ်
“ဒါတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို ထပ်မံမှာကြားလိုပါတယ်။ ပြည်သူ့အင်အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထားကြတဲ့ တာဝန်ရှိသူတွေက အာဏာပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး” လို့ သူက ပြောပါတယ်။
စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကတော့ ပသုံးလုံးပြဿနာဟာ မြေပြင်မှာ အုပ်ချုပ်ရေးယန္တရားကို ပီပီပြင်ပြင်ပုံမဖော်နိုင်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် လို့ဆိုပါတယ်။
“အခုဖြစ်နေရတဲ့ ပြဿနာတွေရဲ့ အခြေခံသည် မြေပြင်မှာ၊ အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဟိုးထိပ်ပိုင်းကနေ အဝေးကြီးကနေ စီမံခန့်ခွဲမှုလုပ်ဆောင်နေတဲ့ ပေါ်လစီအမှားကြောင့်လို့ ကျွန်တော်တို့က ယူဆတယ်” လို့ သူကပြောပါတယ်။
စစ်ကိုင်းဖိုရမ်ဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေ၊ သပိတ်ကော်မတီတွေ စတဲ့နိုင်ငံရေးအင်အားစုတွေ အများအပြားပါဝင်တဲ့ မြေပြင်ကတော်လှန်ရေးအင်အားစုတစ်ခုဖြစ်ပါတယ်။
အဲဒီအပြင် စစ်ကိုင်းတိုင်းအတွင်းမှာ ပသုံးလုံးအုပ်ချုပ်ရေးယန္တရားနဲ့ ဒေသခံတွေဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အခုနှစ်အတွင်း မြို့နယ်တစ်ခုတည်းမှာတင် အမှုပေါင်း ၅၀ ဝန်းကျင်လောက်ဖြစ်နေတာလို့ သူကဆက်ပြောပါတယ်။
“အဓိကကတော့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲဝင်ပါမယ်ဆိုပြီး လက်နက်ကိုင်ကြတဲ့ လူတွေကိုယ်တိုင်ကိုက တဖြည်းဖြည်းနဲ့ လက်နက်အပေါ်မှာ သာယာလာတာတွေရှိတယ်။”ကိုစိုးဝင်းဆွေက ပြောပါတယ်။
ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာမှာလည်း အသက် ၁၆ နှစ်အရွယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး ရွာပြင်မှာ အင်တာနက်အသုံးပြုပြီးအပြန်မှာ လည်လှီးသတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဒေသခံကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ ဧရိယာအတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုမှန်ပေါ်ပေါက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက NUG ကို တောင်းဆိုခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, ဗကသ
ကိုမြင့်မြတ်ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံ ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖက ဒေသခံငါးဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်ဦးက လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
NUG ရဲ့ ပြည်ထဲရေးဝန်ကြီးကတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ NUG ရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို ထိန်းကျောင်းနိုင်ဖို့အတွက် တိုင်းအဆင့် ထိန်းကျောင်းရေး ယန္တရားတွေ တည်ဆောက်ဖို့နဲ့ တိုင်းအဆင့် ဝန်ထမ်းယန္တရားတွေကို သေချာတည်ဆောက်သွားမယ်လို့ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ “ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ” ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“မြေပြင် မြို့နယ်တွေ ခရိုင်တွေအလိုက်ကို အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ် ကြန့်ကြာတာတွေ၊ မူဝါဒအတိုင်း ဆောင်ရွက်မှု မရှိတာတွေကို NUG အစိုးရက မြေပြင်မှာ လှည့်ပတ်ထိန်းကျောင်းတဲ့ ပုံစံမျိုးဖြစ်အောင်လို့ တိုင်းအဆင့် ဝန်ထမ်းယန္တရားနဲ့ တိုင်းအဆင့် စောင့်ကြည့်ရေးတွေ ဆောင်ရွက်သွားပါမယ်” လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။
အဲဒီအပြင် လက်ရှိကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်ပေါင်း ၄၅ ခုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ထားပြီး မြို့နယ် ၈ ခုမှာ ရဲစခန်း ၈ ခုအထိ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကြားညပ်တဲ့ပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လာနိုင်တဲ့ မြို့တွေ၊ ကျေးရွာတွေ ပိုများလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးရေးဂိတ်တွေလည်း ကုန်းလမ်း ရေလမ်းနှစ်သွယ်မှာ ပိုများလာပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ဖြတ်သန်းသွားသမျှယာဉ်တွေကို စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်ခြင်းရှိ မရှိစစ်ဆေးကြသလို အခွန်အခကောက်ခံတာ၊ အလှူငွေကောက်ခံတာတွေ လုပ်ဆောင်ကြပါတယ်။
၂၀၂၂ တုန်းက မင်းကင်းမြို့ကနေ မုံရွာမြို့ပေါ်ကို အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ ဒေသခံတချို့ ပသုံးလုံးအဖွဲ့တစ်ခုရဲ့ စစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားကြောင်းအထောက်အထား စာရွက်ပါလို့ဆိုပြီး ဖမ်းဆီးရိုက်နှက်ခံခဲ့ရပါတယ်။
“အဲဒီစာရွက်တွေ့တော့ မင်းတို့က စစ်တပ်ထောက်ခံသူတွေလားဆိုပြီး ဖမ်းတာ။ သူတို့စခန်းကိုခေါ်သွားပြီး မိန်းကလေးတွေကို ပါးတွေတန်းစီရိုက်တာ။ ယောက်ျားလေးတွေကိုကျ ထိုးတာ။ မိန်းကလေးတစ်ယောက်ဆို မျော့မျော့လေးပဲရှိတော့တာ” လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ မင်းကင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
၂၀၂၂ ဝန်းကျင်တုန်းက စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားလာသူတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားတွေပါ စစ်ဆေးလေ့ရှိပြီး အဲဒီလိုစာရွက်စာတမ်းမပါသူတွေကို ဒဏ်ငွေကောက်တာ၊ ရိုက်နှက်ခြိမ်းခြောက် စစ်ဆေးတာတွေလုပ်ဆောင်လေ့ရှိတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေက ပြောပါတယ်။
“သူတို့က ကြားညပ်တာပေါ့။ စစ်တပ်ဂိတ်မှာလည်း အဲဒီဟာတွေမပါရင် ပြဿနာ တက်နိုင်တယ်လေ။ ကိုယ့်ဘက်ကအဖွဲ့တွေ ဂိတ်ကျတော့လည်း အဲဒီလိုထောက်ခံစာတွေ ပါရင် ပြဿနာရှာရော” လို့ မင်းကင်းဒေသခံက ဆိုပါတယ်။
အခွန်အတုပ်တွေနဲ့ ဝန်ပိပြည်သူ

ဓာတ်ပုံ ရင်းမြစ်, ပုဂ္ဂလိကရေယာဉ်များ ကြီးကြပ်မှုကော် မတီ
စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်မှုအားကောင်းတဲ့ ဒေသတွေမှာ အခုလိုဖြစ်စဉ်တွေအပြင် ပသုံးလုံးအဖွဲ့တွေက အခွန်အခတွေ မတန်တဆကောက်ခံတာတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက အဓိကကားလမ်းမတွေနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ပသုံးလုံးစစ်ဆေးရေးဂိတ်တွေဟာ အခွန်အများအပြားကောက်ခံလေ့ရှိတယ်လို့ အဲဒီလမ်းပိုင်းတွေကို အသုံးပြုနေရတဲ့ ကုန်သည်တွေကလည်း ပြောကြပါတယ်။
“ဂိတ်တွေက များလွန်းအားကြီးနေတာ။ မင်းကင်းနဲ့ ကနီကြားကို ဂိတ်ပေါင်း လေးဆယ်ကျော်ရှိတယ်။ အဲဒီလိုဂိတ်တွေအများကြီးရှိတော့ ကျွန်တော်တို့ကျတော့ ပါလာတဲ့ကုန်နဲ့ ဂိတ်ကြေးပြန် ပေးရတာနဲ့ကျတော့ မကိုက်တော့ဘူးလေ” လို့ ချင်းတွင်းမြစ်ကြောင်းအတွင်း ကုန်စည်တွေသယ်ယူပို့ဆောင်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာ မုံရွာမြို့ကနေ ဟုမ္မလင်း၊ ခန္တီးမြို့အထိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ၁၀ ခုဝန်းကျင်နဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ် ၆၀ ကျော်ရှိတယ်လို့ မြစ်ကြောင်း အသုံးပြုနေရတဲ့ ကုန်သည်တွေကပြောကြပါတယ်။
ချင်းတွင်းမြစ်ကြောင်းက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ဂိတ်တစ်ခုကို ကုန်စည်မော်တော်အမျိုးအစားအလိုက် ငွေကျပ်ငါးသိန်းကနေ ဆယ်သိန်းဝန်းကျင် အခွန်ပေးရပြီး ပသုံးလုံးဂိတ်တွေမှာ တစ်ဂိတ်ကို ကျပ်ငွေတစ်သိန်းကနေ သိန်းငါးဆယ်ဝန်းကျင်အထိ ပေးနေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ အခွန်ပေးရတဲ့ ဂိတ်တွေများလွန်းတာကြောင့် မော်တော်ကို လွန်းထိုးသွားနေရတယ်လို့ မုံရွာကနေ ဟုမ္မလင်းအထိ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက အခုလိုပြောပါတယ်။
“လွန်းထိုးသလို ထိုးနေရတာဗျာ။ ခရီးမပေါက်တော့တာပေါ့။ ဟိုဘက်ကမ်းကူးလိုက်ရ၊ ဒီဘက်ကမ်းကူးလိုက်ရနဲ့ ကျွန်တော်တို့မှာဗျာ။ တစ်ရက်နဲ့ရောက်မယ့်ခရီးက နှစ်ရက်လောက်မှ ရောက်တော့တယ်။”
မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ပသုံးလုံးစစ်ဆေးရေးဂိတ်တွေကို မမြင်လို့ ကျော်မောင်းသွားခဲ့ရင် သေနတ်ပစ်ဖောက်ခေါ်လေ့ရှိပြီး သူတို့ပစ်လိုက်တဲ့ ကျည်ဆန်အရေအတွက်အလိုက် ကျည်ဆန်ဖိုးနဲ့ အခွန်အခတွေပေးရတယ်လို့သူက ဆိုပါတယ်။
မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကတော့ အခုလိုအောက်ခြေမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ အမြန်ဆုံး ပြုပြင်ဖို့လိုအပ်နေပြီး အချိန်မီမပြုပြင်နိုင်ရင် ပြည်သူတွေက တော်လှန်ရေးအပေါ် စိတ်ပျက်လာနိုင်တယ်လို့ ဆိုပါတယ်။
“ဒါဆိုရင်တော့ ဒီတော်လှန်ရေးက 'တာဝေး' ခရီး ဖြစ်သွားပါလိမ့်မယ်။ 'ရွှေပြည်တော် မျှော်တိုင်းဝေး' ဖြစ်သွားပါလိမ့်မယ်။”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးကလည်း သူတို့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပသုံးလုံးအဖွဲ့တွေ ဒေသခံတွေအပေါ်ကျူးလွန်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မထိန်းချုပ်နိုင်ဘူးလို့ ဆိုပါတယ်။
“လက်နက်ကိုင်ထားသူအချင်းချင်း ကျွန်တော်တို့ကို ဝင်ထိန်းဖို့ ဒေသခံတွေက ပြောတာလည်းရှိတယ်။ ဒါပေမယ့် ဘယ်လိုထိန်းမှာတုန်း၊ သူတို့က NUG အောက်ကအဖွဲ့တွေ ဆိုတော့ လက်နက်ခဲယမ်းများတယ်။ လူအင်အားလည်း တောင့်တယ်။ ကျွန်တော်တို့က သွားမတားရဲဘူးဗျ”
စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေကတော့ အခုလိုပြဿနာတွေကို အချိန်မီဖြေရှင်းဖို့ လိုနေပြီလို့ဆိုပါတယ်။
“မဖြေရှင်းနိုင်ရင် ခံရမှာသည် ပြည်သူဖြစ်တယ်။ ပြည်သူခံရတာနဲ့အညီ တော်လှန်ရေး အပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုလည်း ကင်းမဲ့လာမှာပေါ့။”
ပြည်သူအများစုဟာ တော်လှန်ရေးအင်အားစုတွေဘက်က အလွဲအမှားတွေ၊ မတော်မတရားပြုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တိုင်ကြားဖို့ခက်ခဲတွန့်ဆုတ်ကြတယ်လို့ ဒေါက်တာတေဇာစန်းက ဆိုပါတယ်။
“တိုင်တန်းလိုက်လို့ အထက်က အရေးယူဖို့ဆိုတာက သိပ်မသေချာဘူး၊ သေချာတာက အတိုင်ခံရတဲ့ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေက အဲဒီတိုင်တဲ့သူအပေါ် အမြင် လုံးဝ မကြည်တော့ပါဘူး။ အားလုံးလိုလိုကလည်း အတို အရှည် ဗျောက်တွေနဲ့မို့ လက်နက်မဲ့ ပြည်သူခမျာ တကယ် ကြောက်ကြရပါတယ်။”
NUG ကတော့ သူ့ဝန်ထမ်းတွေနဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ ပြစ်မှု၊ အခြားရာဇဝတ်မှု၊ လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ဗဟိုတိုင်ကြားစာကော်မတီကို တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ တိုင်ကြားဖို့အတွက် အခက်အခဲရှိနေတယ်ဆိုရင် ဗဟို (တိုင်ကြားစာကော်မတီ) နဲ့ ဝန်ကြီးဌာန တိုင်ကြားစာကော်မတီတွေကို အထောက်အထား သက်သေတွေနဲ့တကွ တိုက်ရိုက်တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားသူတွေရဲ့လုံခြုံရေးကိုအလေးထားပြီး တိုင်ကြားသူတွေနဲ့ကော်မတီကအဖွဲ့တွေ တိုက်ရိုက်ချိတ်ဆက်ပြီး သက်သေစုဆောင်းပြီး သက်သေခိုင်မာရင် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ပေးသွားပါမယ်” လို့ ဦးလွင်ကိုလတ်က ပြောပါတယ်။
ဦးပေါ်ဦးကတော့ သားဖြစ်သူကို ပကဖ ခေါင်းဆောင်ဆိုသူနဲ့ အဖွဲ့က သတ်ပစ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့် ပကဖ တာဝန်ရှိသူတွေဆီ စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်သွယ် အကြိမ်ကြိမ်တိုင်ကြားစာပို့ခဲ့ပေမယ့် ကျူးလွန်ခဲ့သူကို အမြန်ဆုံး အရေးယူထိန်းသိမ်းပေးပါမယ်ဆိုတဲ့ အကြောင်းပြန်ကြားချက်သာရခဲ့တယ်လို့ဆိုပါတယ်။
“ကျွန်တော်က ဒီကိစ္စကို အကြိမ်ကြိမ်ပြန်ပြီးတင်ပြနေရတဲ့အတွက်ကြောင့်မို့ ကျွန်တော်ကိုယ်တိုင်လည်း NUG ကို ယုံကြည်ရခက်တဲ့ အနေအထားမျိုးဖြစ်လာပါတယ်။ တရားမျှတမှုရချင်လို့ ဒါလေးကိုဆောင်ရွက်ပေးပါလို့ပြောတာ၊ ဘာမှအကြောင်းမပြန်ဘူး။ ဒီတိုင်းပဲနေနေတယ်”
ကိုပြေငြိမ်းဦးကို သတ်ဖြတ်ခဲ့တဲ့ ကျေးရွာ ပကဖ ခေါင်းဆောင်ဆိုသူနဲ့အဖွဲ့ဟာ လက်ရှိအချိန်အထိ အရေးယူခံရခြင်းမရှိသလို ရွာထဲမှာ မောင်းပြန်သေနတ်ကိုယ်စီလွယ်၊ သွားလာရင်း နောက်ထပ်လူထပ်သတ်ဖို့ ကျန်သေးတယ် လို့ ခြိမ်းခြောက်နေကြောင်း ဦးပေါ်ဦးက ပြောပါတယ်။
“သူတို့က ကျွန်တော့်ဆီ ပြန်ကြားလောက်တဲ့သူ(ရွာထဲကလူတွေ)ရှေ့ကျရင် “ငါထပ်ပြီးတော့ သတ်စရာ နှစ်ယောက်ကျန်သေးတယ်။ သုံးယောက်ကျန်သေးတယ်။ အဲဒီလိုပြောတာ။ အခုကျွန်တော်လည်း ရွာမပြန်ရဲဘူး”
သားဖြစ်သူ ပကဖ အဖွဲ့ဝင်ကို ပကဖခေါင်းဆောင်နဲ့ အဖွဲ့က ပစ်သတ်လိုက်လို့ NUG တာဝန်ရှိသူတွေဆီ အဆင့်ဆင့် တိုင်ကြားစာပို့ခဲ့တဲ့ ဦးပေါ်ဦးကတော့ တိုင်ကြားခံရတဲ့ ပကဖခေါင်းဆောင်က မိသားစုရဲ့ အသက်ကိုပါရန်ရှာနေလို့ သူနေထိုင်ရာရွာကနေ မိသားစုလိုက် ထွက်ပြေးနေရတာ တစ်နှစ်ကျော်နေပါပြီ။
“သားလည်းသတ်ခံရတယ်၊ မိသားစုလိုက်လည်း ထွက်ပြေးနေရတယ်၊ ဒလံလို့ပါစွပ်စွဲခံနေရတယ်ဗျာ။ ဒလံလုပ်လို့ဆို ပစ်သတ်လိုက်၊ ရပါတယ်။ ကျွန်တော်က အခု မိအေးသုံးခါနာဖြစ်နေပြီ။”











