ပြည်ပအလှူရှင်တွေကို အားထားလာရတဲ့ စစ်ရှောင်ကူညီသူတွေ

ချက်ပြုတ်နေတဲ့ စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Save For Yaw

ဓာတ်ပုံ ပုံစာ, ချက်ပြုတ်နေတဲ့ စစ်ဘေးရှောင်တွေ

စစ်တပ်က အာဏာသိမ်းခါစ အစောပိုင်းကာလတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေအတွက် ပြည်သူတွေအချင်းချင်း ကူညီကြတာတွေဟာ သိုင်းသိုင်းဝန်းဝန်း ရှိခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တဲ့ကာလ သုံးနှစ်ကျော်လာချိန်မှာတော့ အခြေအနေအမျိုးမျိုးကြောင့် ကူညီပေးနိုင်သူတွေ တဖြည်းဖြည်းလျော့နည်းသွားပါတယ်။

အာဏာသိမ်း နှစ်စပိုင်းမှာ စစ်ကြောင်းထိုးခံရလို့ ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ၊ နေအိမ် မီးရှို့ခံရတဲ့ မိသားစုဝင်တွေ၊ မိသားစုဝင် သတ်ဖြတ်ခံရတာတွေ၊ တော်လှန်ရေးအဖွဲ့တွေ လိုအပ်တဲ့လက်နက်တွေ၊ စရိတ်စကတွေအတွက် ဝိုင်းကူညီတာတွေ တော်တော်များများ ရှိခဲ့ပါတယ်။

“ပြည်သူအချင်းချင်း ကူညီမှ ရမယ်”ဆိုတဲ့ အသိစိတ်တွေနဲ့ ပေါ်ပေါ်တင်တင် တစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်သွယ် ဝိုင်းဝန်းပံ့ပိုးခဲ့ကြပါတယ်။

အဲဒီအထဲမှာ ရန်ကုန်မြို့က မနေခြည် (အမည်လွှဲ) က ကိုယ်တိုင်လည်း ပါဝင်ထောက်ပံ့သလို မိတ်ဆွေတွေ ကူညီနိုင်အောင်လည်း ကြားခံဆောင်ရွက်ပေးခဲ့ပါတယ်။

“ကျွန်မ ကူညီပေးတုန်းက ၂၀၂၁ ခုနှစ် နှောင်းပိုင်းလောက်က ဖြစ်မယ်ထင်တယ်။ စစ်ကိုင်းဘက်တွေကို စစ်ကြောင်းထိုးတုန်းက စစ်ဘေးရှောင်တွေအတွက် အဝတ်တွေ၊ ဆေးဝါးတွေ အလှူခံပေးတာပေါ့နော်။ အလှူခံပို့စ်တင်ပြီး တစ်ရက်အတွင်းမှာတင် ထင်မထားလောက်အောင် ဝိုင်းကူကြတာ”လို့ သူက ပြောပါတယ်။

အဲဒီအချိန်ကာလတုန်းက စစ်ဘေးရှောင်ကြရပေမဲ့ ကျေးရွာတွေ မီးရှို့ခံရတဲ့အခြေအနေ မရှိသေးပါဘူး။ ဒါပေမဲ့ လှူဒါန်းကြတဲ့ အဝတ်တွေ၊ ဆေးဝါးတွေကို သေချာထုတ်ပိုးပြီး ရန်ကုန်ကနေ စစ်ကိုင်းတိုင်းဘက်ကို အဝေးပြေးကားနဲ့ ပို့ပေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဝတ်အစားအဟောင်းတွေကို အဝေးပြေးကားတွေက မသယ်ပေးတော့တာ၊ အိတ်ဖောက်ပြီး စစ်ဆေးတာ စတဲ့ အမျိုးမျိုးသောတားမြစ်ချက်တွေကြောင့် လှူဒါန်းတဲ့ ပစ္စည်းတွေပို့ဖို့ ခက်ခဲလာပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီကို ထောက်ခံသူတွေကလည်း စောင့်ကြည့်လာတာကြောင့် မနေခြည်တစ်ယောက် လှူဒါန်းတဲ့ပစ္စည်းတွေကို မပို့ပေးတော့ဘဲ အလှူငွေတွေကို စုဆောင်းလက်ခံပြီးမှ လွှဲပေးဖြစ်ပါတော့တယ်။

ဒါပေမဲ့ နောက်ပိုင်းမှာလည်း ဒစ်ဂျစ်တယ်ပိုက်ဆံလွှဲစနစ်တွေဖြစ်တဲ့ Kpay တွေ၊ Wave တွေကိုပါ ပိတ်သိမ်းတဲ့အထိဖြစ်လာတာ၊ ကိုယ်တိုင်ကလည်း စီးပွား‌ရေးခက်ခဲလာတာကြောင့် အရင်လိုပေါ်ပေါ်တင်တင် တက်တက်ကြွကြွ မကူညီနိုင်တော့ဘဲ ငြိမ်နေလိုက်ကြတယ်လို့ဆိုပါတယ်။

“အခုနောက်ပိုင်း ဘယ်နားက စစ်ဘေးရှောင်တွေအတွက် အလှူငွေလိုနေပါတယ်ဆိုရင်တောင် သိပ်မကူနိုင်ကြတော့ဘူး။ အရင်က ကူညီပေးဖူးသူတွေကိုလည်း လိုက်မမေးချင်ဘူး။ အားနာလို့လေ။ အဲဒါနဲ့ပဲ ဒီလောက်ပဲ အလှူငွေရလို့ပါဆိုပြီး မျက်နှာပူပူနဲ့ပဲ လွှဲပေးလိုက်ရတယ်။ စစ်ဘေးရှောင် ကူတဲ့သူတွေကလည်း ဒီလောက်လည်းရပါတယ်။ အဆင်ပြေသလို လုပ်လိုက်ပါ့မယ်၊ အားမနာပါနဲ့ပေါ့” လို့ အားလျော့လာတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

အလှူခံတာ တစ်ပတ်ကျော်ပေမဲ့ ဆန်ဖိုးမပြည့်သေးတဲ့ ယောက စစ်ဘေးရှောင်တွေ

အလှူရှင်တွေ ပို့ပေးလိုက်တဲ့ အဝတ်အစားတွေကို ရွေးယူနေကြတဲ့ စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Save For Yaw

ဓာတ်ပုံ ပုံစာ, အလှူရှင်တွေ ပို့ပေးလိုက်တဲ့ အဝတ်အစားတွေကို ရွေးယူနေကြတဲ့ ယောဒေသက စစ်ဘေးရှောင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယောဒေသထဲက ဂန့်ဂေါမြောက်ပိုင်း ရွှေဘိုရွာနဲ့ ရေသာရွာက စစ်ကြောင်းထိုး မီးရှို့ခံရတဲ့ နေအိမ် ၂၈၀ ကျော်က စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ကူညီဖို့ 'ယောကို ကူညီပါ' ဆိုတဲ့ Save For Yaw အဖွဲ့က အကူညီတောင်းတဲ့ ပို့စ်တစ်ခုကို ပြီးခဲ့တဲ့ မေ ၁၈ ရက်ကတည်းက တင်ခဲ့ပါတယ်။

အဲဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ လူစိတ်ဝင်စားမှုများတဲ့ မန်ယူနဲ့ မန်စီးတီး ဘောလုံးပွဲကို အခြေတည်ပြီးတော့လည်း ''မန်ယူဖလားရတဲ့အတွက် မန်ယူဖန်တွေ ဆန်ဖိုးလာကူကြပါဦး'' ဆိုပြီးတော့လည်း အလှူခံထားတာကို တွေ့ရပါတယ်။

“မီးရှို့ခံရတဲ့ အိမ်တွေအတွက် တစ်အိမ်ကို ဆန် ၆ ပြည် ဝေပေးချင်တာဗျာ၊ အဲ့ဒီအတွက် ဆန်က ၁၀၅ တင်းလိုတယ်။ ဒီနေ့အထိကို အလှူငွေ ၆ သိန်းပဲ ရသေးတယ်ဗျာ”လို့ Save For Yaw အဖွဲ့က တာဝန်ခံ ကိုယောက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အရင်ကတည်းက လူသိနည်းတဲ့ စစ်ရှောင်ကူညီရေးအဖွဲ့အစည်းဖြစ်တာ၊ ဒေသအခြေအနေအရ အင်တာနက်လိုင်း ခက်ခဲတာ၊ ဖုန်းလိုင်း မလွယ်ကူတာတွေကြောင့် လူအများသိအောင် အလှူခံဖို့ မလွယ်ဘူးလို့လည်း သူက ပြောပါတယ်။

အရင်က ပြည်တွင်းက လှူဒါန်းသူတွေရှိပေမဲ့ နောက်ပိုင်းမှာ ပိုနည်းလာပြီး ပြည်ပက အလှူရှင်နည်းနည်းကိုသာ အားကိုးနေရတယ်လို့ ကိုယောက ပြောပါတယ်။

တောင်ပျောက်က အိမ်ပြန်မရသေးတဲ့ စစ်ဘေးရှောင်တွေ

လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးလာရတဲ့ သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်မှုကြောင့် ထွက်ပြေးလာရတဲ့ သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်တွေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ ပြီးခဲ့တဲ့ မေ ၈ ရက်က လေကြောင်းနဲ့ ဗုံးကြဲခံရပါတယ်။

သရက်ချောင်းမြို့နယ်ထဲမှာရှိတဲ့ ပဲဒက်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ပဲဒက်နဲ့ မိုင်အနည်းငယ်အကွာက ကနက်သီရိရွာကို ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုတွေကြောင့်ပဲ ထွက်ပြေးလာကြတဲ့ ကနက်သီရိ (နတ်စိ) ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်း၊ ဂုံညင်းဆိပ်စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိလည်း စစ်ကြောင်းရှိနေတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေက မပြန်ရဲကြသေးပါဘူး။

သူတို့တွေအတွက် စားနပ်ရိက္ခာအပါအဝင် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့လည်း အခက်ခဲတွေရှိနေပါတယ်။

အလှူငွေရရှိတာ နည်းလာတာအပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး ကားတစ်စီးကို ဆန်တစ်အိတ်၊ စက်သုံးဆီတစ်ပုံးသာ သယ်ယူခွင့်ရပါတော့တယ်။

“အလှူငွေဆိုလည်း အရင်ကထက် ၆၀ ရာခိုင်နှုန်းပဲရတော့တယ်။ အဲဒါတောင် ပြည်တွင်းကလှူတဲ့သူတွေ တော်တော်နည်းသွားတယ်။ နိုင်ငံခြားကနေ လှမ်းကူညီပေးနေရသူတွေကိုပဲ မှီခိုနေရတယ်”လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မလေးရှား၊ ထိုင်း အပါအဝင် တခြားပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်းကူညီပေးနေကြတာပါ။

အရင်က တစ်ရွာက စစ်ဘေးရှောင်ရင် တခြားရွာ ဒေသခံတွေက လိုလေသေးမရှိအောင် ဝိုင်းဝန်း ဧည့်ခံကျွေးမွေးကြတာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူညီတွေလည်း လိုအပ်ချက်မမြင့်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ စစ်ကြောင်းထိုး၊ မီးရှို့တာတွေက ပိုများလာတာကြောင့် ကူညီသူတွေကပါ အကူညီလိုအပ်သူတွေ ဖြစ်လာကြတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ်ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ နှစ်ရှည်သီးပင်တွေ ဒီနှစ်မှာ ထွက်နှုန်းကျတာကလည်း ဒေသခံတွေအတွက် စိတ်ဓာတ်ကျစရာ ဖြစ်နေပါတယ်။

“ကွမ်းသီးတွေဆိုလည်း သီးတာနည်းတယ်၊ အခုချိန်ဆို တညင်းသီးပေါ်ပြီလေ၊ အခုက အသီး မသီးဘူးဖြစ်နေတယ်။ ရာဘာဆိုလည်း စစ်ဘေးရှောင်နေရတာနဲ့ အစေးမခြစ်နိုင်ကြဘူး။ စစ်ဘေးလည်းရှောင်ရ၊ အသီးအနှံကလည်းမဖြစ်ဆိုတော့ တော်တော်စိတ်ဓာတ်ကျနေကြတယ်”လို့ ပြောပါတယ်။

တောင်ပျောက်တိုက်နယ်ဟာ ထိုင်းနဲ့နီးစပ်တဲ့ဒေသဖြစ်တာကြောင့် ကျေးရွာထဲက လူငယ်တွေကလည်း စီးပွားရေးခက်ခဲတာ၊ နိုင်ငံရေးမတည်ငြိမ်တာ၊ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတာတွေကြောင့် ထိုင်းဘက်မှာ အလုပ်လုပ်ဖို့သွားတာ ပိုများလာပါတယ်။

“စီးပွားရေးက ပျက်လာတော့ တော်လှန်ရေးမှာ ပါတဲ့ ရဲဘော်တချို့တောင် တော်လှန်ရေးကနေထွက်ပြီး မိသားစုအတွက် ထိုင်းကိုအလုပ်သွားလုပ်ကြရတယ်”လို့ လက်ရှိဒေသအခြေအနေကိုလည်း ပြောပြပါတယ်။

စစ်ဘေးရှောင်တွေကို မကူညီနိုင်တော့တဲ့ တော်လှန်ရေးအဖွဲ့တွေ

စစ်ကောင်စီကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, နွေဦး-မြောင်

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

အလှူငွေတွေ လွယ်လွယ်ကူကူ ရနိုင်တဲ့အခြေအနေတုန်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ လက်နက်ဝယ်တာ၊ လက်နက်အသစ်တီထွင်တာ၊ စားနပ်ရိက္ခာဖြည့်ဆည်းတာအပြင် စစ်ဘေးရှောင်တွေ လိုအပ်တာတွေကိုပါ ဝိုင်းဝန်းကူညီနိုင်ခဲ့ကြပါတယ်။

လေ့ကျင့်ရေးဆင်း၊ လက်နက်လည်းလုပ်၊ ရိက္ခာလည်းစု၊ စစ်ရှောင်လည်း ကူ ဆိုပြီး ပြည်သူတွေကို ပြန်ပြီး ကူညီပေးနိုင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အမျိုးမျိုး တင်းကျပ်လိုက်တဲ့ ဥပဒေတွေ၊ ဆတိုးနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ အဖက်ဖက်က ကျပ်တည်းလာတာတွေကြောင့် ထောက်ပံ့ပေးနိုင်သူတွေလည်း လျော့နည်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဆက်တိုက်ထိုးလာတဲ့ စစ်တပ် စစ်ကြောင်းတွေကြောင့် ရသမျှ ထောက်ပံ့ငွေကို လက်နက်ဝယ်ဖို့သာ အဓိကထား သုံးနေရပါတယ်။

“အခုက မတူတော့ဘူးလေ။ အခက်ခဲတွေက ကိုယ်စီဖြစ်နေပြီ။ သူများကို ကူညီဖို့အရေး ကိုယ့်မှာပါ ဒုက္ခရောက်နေကြတာ၊ ပြီးတော့ စစ်ဘေးရှောင်ဆိုတာကလည်း သုံးနှစ်အတွင်းမှာ ဆက်တိုက်ရှိနေတော့ ဘာမှမထူးတော့သလို ဖြစ်လာတာ။ မထူးဆန်းတော့ဘူး အချိန်တန်ရင် သူ့ဘာသာသူ အဆင်ပြေသွားလိမ့်မယ်ဆိုပြီးတော့ တွေးကုန်တာ”လို့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကိုနွေဦး-မြောင်က ပြောပါတယ်။

စစ်ကြောင်းထိုးတာတွေ၊ မီးရှို့ခံရတာတွေ၊ လေကြောင်းပစ်ခတ်ခံရတာတွေ၊ အသတ်ဖြတ်ခံရတာတွေ၊ စစ်ဘေးရှောင်ရတာတွေ စတဲ့ ဖြစ်ရပ်တွေဟာ ဖန်တရာတေအောင် ကြားနေရတဲ့ စကားလုံးတွေ ဖြစ်လာခဲ့ပြီး လူတွေရဲ့ အာရုံစိုက်မှုတွေလည်း လျော့နည်းလာပါတယ်။

ဒါပေမဲ့ စစ်ကြောင်းထိုးတာတွေကလည်း ဆက်ရှိနေပါတယ်။ စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်နေပါသေးတယ်။ စစ်ဘေးရှောင်တွေကလည်း ထပ်ပြေးနေရပါသေးတယ်။ ဖန်တရာတေနေတဲ့ ဖြစ်ရပ်တွေကြားထဲမှာ ဒုက္ခတွေကတော့ အသားမကျသေးဘူးလို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA Myanmar ရဲ့ ၂၀၂၄ ခုနှစ် မတ် ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနှံ့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၃ သန်း နီးပါး ရှိလာပြီလို့ ပြောထားသလို လူသားချင်းစာနာမှုအကူအညီပေးရန် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။