မြန်မာစစ်ရှောင်တွေကို အတင်းမပြန်ခိုင်းဖို့ ထိုင်းကို HRW တိုက်တွန်း

ကရင်နီပြည်နယ်အတွင်း က မြန်မာဒုက္ခသည် ၉,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရင်နီပြည်နယ်အတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မြန်မာဒုက္ခသည် ၉,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခဲ့ကြ

ထိုင်း - မြန်မာနယ်စပ်က ထိုင်းဘက်ခြမ်းမှာဝင်ရောက်ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာတွေရှိနေတာကြောင့် စစ်ရှောင်တွေမှာ အသက်ဘေးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေရှိနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ( HRW) က ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ပါတယ်။

အခုနှစ် ဇူလိုင်လက ကရင်နီပြည်နယ်အတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မြန်မာဒုက္ခသည် ၉,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေက သူတို့ကို အလွတ်သဘော ယာယီနေထိုင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်မှာ ထိုင်းစစ်တပ်က ဒုက္ခသည်တွေကို နှစ်ပတ်အတွင်း မြန်မာနိုင်ငံကိုပြန်ဖို့ နှုတ်မိန့်ပေးခဲ့တာကြောင့်အဲဒီနေရာမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ မြန်မာဘက် ပြန်သွားကြရတယ်လို့ HRW ကပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ပြန်ဖို့ဖိအားပေးခံရပြီး သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း (ကယားပြည်နယ်) မှာ ပြန်လည်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲထဲပိတ်မိနေမှာ ဒါမှမဟုတ် ပစ်မှတ်ထားခံရမှာကို စိုးရိမ်ပြီး ထိုင်းနိုင်ငံကို ပြန်ပြေးခဲ့ကြရတယ်လို့ HRW က ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ဖို့တွန်းအားပေးတာမျိုးကို ရပ်သင့်ပြီး သူတို့ကို ထိုင်းနိုင်ငံက အကာအကွယ်ပေးဖို့ ခွင့်ပြုသင့်ပါတယ်” လို့ Human Rights Watch ရဲ့ အာရှဒါရိုက်တာ Elaine Pearson က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၈၀ ခုနှစ်ကျော်ကစလို့ ဒုက္ခသည် စခန်းကိုးခုဖွင့်လှစ်ပြီး မြန်မာနိုင်ငံက ဒုက္ခသည် ၉၀,၀၀၀ ခန့်ကို ခိုလှုံခွင့်ပြုထားတာပါ။

ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနယ်စပ်က စစ်ဘေးရှောင်စခန်းတစ်ခု

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် မှာလည်း နောက်ထပ် မြန်မာဒုက္ခသည် ၄၅,၀၀၀ ထက်မနည်းဟာ ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတာပါ။

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ရှောင်ဒုက္ခသည်တွေကို နှစ်နိုင်ငံနယ်စပ်အနီးမှာ ယာယီအနေနဲ့ အလွတ်သဘောလက်ခံပေမဲ့ ပြန်ဖို့ဖိအားပေးလေ့လည်း ရှိတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းအစိုးရအနေနဲ့ စစ်ရှောင်အသစ်တွေကို လက်ရှိဒုက္ခသည်စခန်းတွေထဲကို ဝင်ရောက်ခွင့်မပြုသလို သူတို့ရဲ့ သွားလာလှုပ်ရှားမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိရေးကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားတယ်လို့လည်း HRW ကထောက်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့အထိ ထိုင်းစစ်တပ်က မြန်မာ ဒုက္ခသည်တွေကို အတင်းပြန်ခိုင်းခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီဒေသအတွင်း မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဖက်ကို ပြန်ထွက်ပြေးလာကြတဲ့ အရေအတွက်ဟာ နိုဝင်ဘာ ၂၇ ရက်အထိ ၂၄၀၀ နီးပါး ရှိတယ်လို့ ပြောပါတယ်။

“ထိုင်းအစိုးရအနေနဲ့ အသစ်ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရနိုင်ခွင့်နဲ့ အကာအကွယ်ရှာနေတဲ့သူတွေကို ကူညီခွင့်ပြုသင့်ပါတယ်” လို့ Pearson က ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက မြန်မာမှာအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ပြန်လွှတ်ဖို့ တွန်းအားမပေးသင့်ဘူး။”လို့ သူကဆက်ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကလည်း နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားတာမရှိလို့ မြန်မာနိုင်ငံကိုပြန်နိုင်ကြောင်းပြောခဲ့တာသာဖြစ်ပြီး ဒုက္ခသည်တွေကို လချီလက်ခံထားသလို သူတို့ အတွက်လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးခဲ့တယ်လို့ တုံ့ပြန်ကြောင်းလည်း HRW က‌ ဖော်ပြပါတယ်။