အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီလို့ ထရမ့် ကြေညာ

အယာတိုလာ အလီ ခါမေနီရဲ့ ဓာတ်ပုံ။ ဘေးမှာ အီရန်အလံရှိ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အယာတိုလာ အလီ ခါမေနီဟာ အီရန်ကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထိမ်းချုပ်ခဲ့ပါတယ်။
ဖတ်ရန်အချိန်: မိနစ် ၂

အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ စာမျက်နှာကနေ ကြေညာပါတယ်။

"သမိုင်းမှာ အဆိုးယုတ်ဆုံးသူတွေထဲက တစ်ဦးဖြစ်တဲ့ ခါမေနီ သေဆုံးသွားပြီ" လို့ အစချီပြီး သမ္မတထရမ့်က ရေးထားပါတယ်။

"ဒါဟာ အီရန်ပြည်သူတွေအတွက် တရားမျှတမှု ရရှိရုံတင်မက ခါမေနီနဲ့ သူ့ရဲ့ သွေးဆာနေတဲ့ လူမိုက်ဂိုဏ်းလက်ချက်နဲ့ အသတ်ခံရတာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ကြတဲ့ ကြီးမြတ်တဲ့ အမေရိကန်အားလုံးအပါအဝင် ကမ္ဘာ့ နိုင်ငံအများအပြားက လူတွေအတွက်ပါ တရားမျှတမှု ရတာ ဖြစ်တယ်" လို့ သူက ရေးပါတယ်။

သမ္မတထရမ့်ရဲ့ ထုတ်ပြန်ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, Truth Social

ဓာတ်ပုံ ပုံစာ, သမ္မတထရမ့်ရဲ့ ထုတ်ပြန်ကြေညာချက်

ဒါပေမဲ့ သမ္မတထရမ့်ဟာ ခါမေနီ သေဆုံးတဲ့ အထောက်အထားကိုတော့ မပြသပါဘူး။

အစောပိုင်းတုန်းကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောရာမှာ အလီ ခါမေနီ သေဆုံးဖို့ ဖြစ်နိုင်ခြေ အတော်များနေပြီလို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲတိုက်ခိုက်မှုအတွင်း အဓိကပစ်မှတ်တွေထဲ အလီ ခါမေနီရဲ့ နေအိမ်ခြံဝင်းလည်း ပါဝင်ခဲ့ပြီး ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ အလီ ခါမေနီရဲ့ နေအိမ်ခြံဝင်း ပျက်စီး သွားတာ တွေ့ခဲ့ရပါတယ်။

အီရန်အစိုးရမီဒီယာတွေမှာ အစောပိုင်းက ဖော်ပြရာမှာတော့ အလီ ခါမေနီ သေဆုံးသွားပြီဆိုတဲ့ အစောပိုင်းကသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

သီးခြားဖြစ်စဥ်တစ်ခုမှာတော့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် အကြီးအကဲဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က သီးခြားထုတ်ပြန်ခဲ့ပါတယ်။