လူ သောင်းချီ ထွက်ပြေးနေရတဲ့ ရေဦးနယ်က ရွာများ

no tag

ဓာတ်ပုံ ရင်းမြစ်, 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞

မုံရွာမြို့ကနေ သွားရင် ၅၄ မိုင် လောက်ဝေးတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ တစ်လခန့်ရှိလာပါပြီ။

တိုက်ပွဲတွေ အကြောင်းပြုပြီး မုံရွာ ရေဦး တန့်ဆည် မဟာမြိုင် ကလေးဝ ကားလမ်းလည်း ပိတ်ထားလို့ ကားတွေရာနဲ့ချီပြီး ပိတ်မိနေခဲ့ပါတယ်။

ရေဦးနယ်မှာ တိုက်ပွဲတွေကြောင့် မကြာခဏစစ်ရှောင်နေခဲ့ရတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြစ်ပါတယ်။

မုံရွာ ရေဦး တန့်ဆည် ကားလမ်းတွေပိတ်နေတော့ ကုန်စျေးနှုန်းတွေ ထိုးတက်လာသလို ဒီလမ်းကို မှီခိုပြီး စားသောက်ကုန်တွေဝယ်ယူနေတဲ့ ချင်းတောင်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စက်သုံးဆီက အစ လူသုံးကုန် စားသောက်ကုန် တွေပြတ်ကာ စျေးတွေတက်ပြီး ရှားပါးနေပါတယ်။

ဒီရက်ပိုင်းမှာ တော့ ရေဦးနယ်ထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဒီပဲယင်းဘက်ကို လည်း စစ်ကြောင်းက သွားလာတာရှိတယ်လို့ ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရေဦးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် အခုရက်ထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဝင်လာတဲ့ လမ်းတစ်လျှောက်က အနည်းဆုံး ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ကိုယ့်အစီအစဥ်နဲ့ ကိုယ်ရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့ ရေဦးမြို့နယ်ဟာ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်က ဒေသခံ တစ်သောင်းဝန်းကျင်လောက်ဟာ စားနပ်ရိက္ခာနဲ့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလက မီးရှို့ခံရတဲ့ ရေဦးနယ်က ရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက မီးရှို့ခံရတဲ့ ရေဦးနယ်က ရွာတစ်ရွာ

ရေဦးမြို့နယ်အနောက်ခြမ်းမှာတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ခံရတဲ့ စစ်ကြောင်းဟာ သြဂုတ်၂၇ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနားက ကျေးရွာတွေကို ပစ်ခတ် စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက ငြုပ်တုံ နဲ့ ထန်းတောပဲ ရွာထဲဝင်တာ ကျန်တဲ့ရွာတွေက တစ်မိုင် နှစ်မိုင် ပတ်ချာလည်လောက်ကရွာတွေ ရှောင်ကြရတာ၊ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပတ်ထုလို့ ထွက်ပြေးရတာ"လို့ ရေဦးက စစ်ရှောင်နေတဲ့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်ကြောင်းကြောင့် ရေဦးနယ်ထဲက ငြုပ်တုံ၊ ထန်းတော၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ရွာမိဿာ၊ ဇဝ၊ ကုန်းသာ၊ ချမ်းသာ၊ ဇီးကုန်း၊ ကျီကုန်း၊ ခြုံရွာ၊ ပေါက်တော၊ မစိုးရိမ် စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာ စစ်ရှောင်ပြေးခဲ့ကြရပါတယ်။

စစ်ကြောင်းထိုးတာအပြင် တိုက်ပွဲတွေကြောင့် ရေဦး တန့်ဆည် ကလေးဝ မဟာမြိုင်ကားလမ်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က စပြီးပိတ်နေခဲ့ပြီး ချင်းတောင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် အိန္ဒိယဘက်ကို သွားတဲ့ ကားတွေဟာလည်း ရာနဲ့ချီပြီးပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်က သြဂုတ်လက မီးရှို့ခံရတဲ့ ရေဦးနယ်က တင်းတိမ်ရံ ရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၂ သြဂုတ်လက မီးရှို့ခံရတဲ့ ရေဦးနယ်က တင်းတိမ်ရံ ရွာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီအာဏာသိမ်းမှုအပြီး ၂ နှစ်ခွဲကျော်ကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လကုန်အထိ တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီးတော့ ဇူလိုင်လအတွင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂရဲ့ သြဂုတ်လ (၁၄) ရက်နေ့အထိ စာရင်းတွေအရလည်း ပြည်တွင်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁.၉ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာ၊‌ သောက်သုံးရေ၊ အမိုးအကာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေသလို ဒီအထဲက လူဦးရေ ၁.၆ သန်းကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေဖြစ်တယ်လို့ UNOCHA ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ဟာ ကမ္ဘာတစ်ဝန်းမှာ အကျပ်အတည်းတွေ အပြိုင်အဆိုင် ဖြစ်ပေါ်နေတာကြောင့် ဒီနှစ်မှာ မြန်မာနိုင်ငံအတွက်ပေးတဲ့ ရန်ပုံငွေ အကူအညီနည်းပါးရတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပုံမှန်ဆိုရင် မြန်မာနိုင်ငံအတွက် နှစ်စဥ် လူဦးရေ ၄ သန်းလောက်အတွက်ကို အကူအညီပေးနိုင်ခဲ့ပြီး ဒီနှစ်မှာ‌တော့ လူဦးရေ ၁.၈ သန်းလောက်ပဲ အကူအညီပေးနိုင်သေးတာ လို့ ဆိုပါတယ်။

အခုနှစ်ရဲ့ ရှစ်လတာကာလအတွင်း လူသားချင်းဆိုင်ရာ တုံ့ပြန်ကူညီရေးစီမံချက်နဲ့ မိုခါအရေးပေါ် ကူညီရေး နှစ်ခုပေါင်းအတွက် ရန်ပုံငွေ လျာထားချက်ဟာ အမေရိကန်ဒေါ်လာ ၈၈၆.၇ သန်းဖြစ်ပေမဲ့လည်း မြန်မာအတွက် ရန်ပုံငွေက ၂၅ ရာခိုင်နှုန်းသာ ရရှိသေးတာဖြစ်ပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့ဟာ ကန်သတ်ချက်တွေရှိနေသလို ရုံးလုပ်ထုံး လုပ်နည်းအဆင့်ဆင့်တွေကြောင့်လည်း ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရပြီး ရန်ပုံငွေလိုအပ်ချက်တွေရှိနေပေမဲ့လည်း ဆက်ပြီး အကူညီတွေပေးသွားနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဘီဘီစီကို ပြန်လည်ဖြေကြားထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က စစ်ရှောင်များ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က စစ်ရှောင်များ

စစ်ကိုင်းတိုင်းရေဦးဘက်က စစ်ရှောင်တွေက တော့ ဘယ်အဖွဲ့ ကလာပြီး ကူညီတာမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တော့ စစ်ရှောင်တွေဟာ မိုးတွေရွာနေတဲ့ ကြားထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရလို့ ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေဟာ ဘုန်းကြီးကျောင်းတွေ ဆွေနီးမျိုးစပ်တွေဆီမှာ တည်းခိုနေကြရပြီး သူတို့ကို အစားသောက် အမိုးအကာနဲ့ ဆေးဝါးရိက္ခာ ထောက်ပံ့တာ မရှိသလောက်ဘဲလို့ ပြောပြပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအတွက် အကူအညီပေးရာမှာ စစ်ကောင်စီဘက်က ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေ ပယ်ဖျက်ပေးဖို့ကိုလည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က တောင်းဆိုထားပါတယ်။