အဖေက ပီဒီအက်ဖ်၊ သားက စစ်သား- "ငါက ဦးရင် မင်းကို ပစ်သတ်မှာပဲ သားရေ"

- ရေးသားသူ, ကိုကိုအောင်၊ ရှားလော့ အတ်ဝဒ်နဲ့ ရေဘက်ကာ ဟန်းချစကီး
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား
"မင်းတို့က ဦးရင်လည်း မင်းတို့က ပစ်သတ်ပစ်လိုက်၊ ငါက ဦးရင်လည်း ငါက ပစ်သတ်မှာတော့ သေချာတယ်နော်။"
မြန်မာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သားဆီကို ဖခင်ဖြစ်သူ ဗိုလ်ကျားရိုင်းက ဖုန်းခေါ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ ပြည်သူလူထုက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်မှုတွေ စခဲ့ပြီးနောက် ဖြစ်လာတဲ့ လက်နက်ကိုင် တော်လှန်မှုတွေမှာ ဗိုလ်ကျားရိုင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီ ပြည်တွင်းစစ်နဲ့ အတူ သူ့ မိသားစုဟာလည်း နှစ်ခြမ်းကွဲခဲ့ရပါတယ်။ အခု သူတော်လှန်နေတဲ့ စစ်တပ်ကို သားဖြစ်သူက ကာကွယ်ပေးနေပြန်ပါတယ်။
"မင်းတို့က အဖေဆိုပြီး ညှာချင် ညှာမှာ ငါကတော့ မညှာဘူး " လို့ တောတွင်း တနေရာက ညောင်ပင်တပင်အောက်မှာ အရိပ်ခိုရင်း ဗိုလ်ကျားရိုင်းက သူ့သားဖြစ်သူ ကိုညီညီ ကို ပြောလိုက်ပါတယ်။
"မင်းကို စိတ်ပူတယ်"လို့ သူကပြောတော့ သားဖြစ်သူကလည်း ဖခင်ဖြစ်သူအတွက် စိတ်ပူကြောင်း ပြန်ပြောပါတယ်။ အဖေတိုက်တွန်းခဲ့လို့ သူ စစ်သား ဖြစ်ခဲ့ရတယ်လို့ လည်း ဆိုပါတယ်။
တကယ်တော့ စစ်တပ်ထဲမှာ ဗိုလ်ကျားရိုင်းရဲ့ သား နှစ်ယောက်တောင် ရှိနေပါတယ်။ အဲဒီထဲက အကြီးက ဖခင်ရဲ့ ဖုန်းတွေကို မကိုင်တော့ပါဘူး။
"စစ်တပ်ဟာ အိမ်တွေ ဖျက်ဆီး၊ မီးရှို့၊ လူတွေသတ်၊ ဆန္ဒပြ ပြည်သူတွေကို မတရား နှိပ်စက်၊ ပစ်သတ်၊ အကြောင်းမရှိ အကြောင်းရှာ ကလေးတွေကို ပစ်သတ်၊ မိန်းမတွေကို မုဒိမ်းကျင့် လုပ်နေတာ ငါ့သားတွေကတော့ သိချင်မှ သိမှာ" လို့ ဗိုလ်ကျားရိုင်းက ကိုညီညီ့ ကို ပြောပါတယ်။
"ဒါအဖေတို့ အမြင်ပေါ့လေ၊ သားတို့ကျတော့ ဒီလို မဟုတ်ဘူး" လို့ ကိုညီညီက လေးလေးစားစားပဲ ပြန်ပြောပါတယ်။ ဒီလို မဟုတ်တော့ဘူးလို့ ငြင်းနေပေမယ့် မြန်မာ စစ်တပ်ဟာ နေရာအနှံ့မှာ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတာြဖစ်ပြီး ဒီလုပ်ရပ်တွေ အပေါ်မှာလည်း အထောက်အထားတွေ များစွာ ရှိနေပါပြီ။
ဖုန်းချပြီးတော့ ဗိုလ်ကျားရိုင်းက သူ့သား နှစ်ယောက်ကို စစ်တပ်ကို စွန့်ခွာပြီး တော်လှန်ရေးမှာ ပါဝင်ကြဖို့ သူတိုက်တွန်းနေတာလို့ ပြောပါတယ်။
"ဒါပေမယ့် သူတို့က နားမထောင်ကြဘူး၊ ဆိုတော့ တကယ်လို့များ တိုက်ပွဲထဲမှာ တွေ့ရင် ကံအတိုင်းပေါ့လို့ ဆိုပါတယ်။
"ပဲတောင် တလမယ်ဖော့လို့ရှိရင် စုန်းပြူးသီး ၂ စေ့ ၃ စေ့ ပါသေးတာပဲ။ မိသားစု တစုထဲမှာ ဖောက်တဲ့ လူတွေ အများကြီး ပါနိုင်တာပဲ" လို့ ဆိုပါတယ်။
ဗိုလ်ကျားရိုင်းနဲ့ ဇနီး ဖြစ်သူ ဒေါ်ယဉ်ယဉ်မြတ်တို့မှာ သားသမီး ၈ ယောက် ရှိပါတယ်။ အဲဒီထဲက ၂ ယောက်က စစ်တပ်ထဲမှာ ဖြစ်ပြီး သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့သလို သူတို့တွေ ဗိုလ်သင်တန်း ဆင်းတုန်းက ပုံတွေကို လည်း အမှတ်တရ အဖြစ် ထားခဲ့ကြတာပါ။ အဲဒီသားတွေဟာ အခုဆို စစ်တပ်ထဲမှာ အရာရှိတွေ ဖြစ်နေကြပါပြီ။
တချိန်က စစ်တပ်ထဲမှာ ကိုယ့်သားတွေ ရှိနေတာဟာ အင်မတန် ဂုဏ်ယူစရာ ကောင်းခဲ့တယ်လို့ ဗိုလ်ကျားရိုင်းက ပြောပါတယ်။ အဲဒီ ကာလတွေက မြန်မာပြည်အလယ်ပိုင်းက ကျေးလက်တွေမှာ စစ်ကြောင်းဝင်လာရင် သပြေပန်းနဲ့ ရေကမ်းခဲ့ကြတဲ့ အချိန်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Davies Surya
ဒီသား ၂ ယောက် ဗိုလ်လောင်းဖြစ်လာဖို့ သူတို့ ပညာရေး အတွက် သူနဲ့ ကျန်တမိသားစုလုံး အလုပ်တွေလုပ်ကြ ငွေစုပြီး ထောက်ပံ့ပေးခဲ့ရတယ်လို့ ဒေါ်ယဉ်ယဉ်မြင့်ကလည်း ပြောပြပါတယ်။
ဒီလို ပြည်တွင်းစစ်တွေ ဖြစ်မလာခင်ကတော့ တပ်မတော်လို့ ခေါ်ကြတဲ့ မြန်မာ စစ်တပ်ထဲ မိသားစု ဝင်တယောက်ရှိတာဟာ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားပိုင်းမှာပါ တင့်တယ်စေခဲ့ပါတယ်။ ဒါပေမယ့် မနှစ်က အာဏာသိမ်းခဲ့အပြီးမှာတော့ ဒါတွေအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်နက်မဲ့ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြနေကြသူတွေကို စစ်တပ်က အညှာတာကင်းမဲ့စွာ ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့တာကို ဗိုလ်ကျားရိုင်း မြင်ခဲ့ရပါတယ်။ ဒီလို စစ်တပ်ကို သူဆက်မထောက်ခံနိုင်တော့သလို သားဖြစ်သူတွေကိုလည်း စစ်တပ်ကို ထားခဲ့ကြဖို့ တိုက်တွန်းပါတော့တယ်။
ဆန္ဒပြ ပြည်သူတွေကို ဘာအကြောင်းနဲ့ ပစ်သတ်ကြသလဲ။ ဘာကြောင့် နှိပ်စက်ညှဥ်းပန်း ကြသလဲ၊ အကြောင်းပြချက် ဘာမှမရှိဘဲ ဘာကြောင့် လူတွေကို သတ်နေကြသလဲ လို့ တောတွင်း တနေရာက သူတို့ အခြေစိုက်ရာ စခန်းမှာ ဗိုလ်ကျားရိုင်းက ကွမ်းလေးမြုံရင်းနဲ့ မေးခွန်းထုတ်ပါတယ်။ ဒီအဖြစ်တွေကြောင့် သူ့ရင်တွေ ကွဲကြေခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က ဗိုလ်ကျားရိုင်းဟာ သာမန် တောင်ယာသမား တယောက်ဖြစ်ပါတယ်။ သေနတ်လည်း မကိုင်ဖူးပါဘူး။ အခုတော့ သူဟာ သူတို့ ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေး အဖွဲ့တခုရဲ့ ခေါင်းဆောင် ဖြစ်နေပါပြီ။
မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ကိုယ့်ထက် အင်အားရော လက်နက်ပါ သာလွန်နေတဲ့ စစ်တပ်ကို အံ့တု တွန်းလှန်နေကြတဲ့ People's Defence Forces (PDF) လို့ ခေါ်ကြတဲ့ ပြည်သူ့ ခုခံကာကွယ်ရေး အဖွဲ့တွေထဲမှာ သူတို့ တွေလည်း တဖွဲ့ အပါအဝင် ဖြစ်ပါတယ်။
ဗိုလ်ကျားရိုင်းက စစ်သားတွေကို မြန်မာ စကားအရ နှိမ်ပြီး ခေါ်တတ်တဲ့ အသုံးအနှုန်း ဖြစ်တဲ့ ခွေးတွေလို့ပဲ ခိုင်းနှိုင်းပြီး သုံးပါတယ်။
"ခွေး (စစ်သားတွေ) စစ်ကြောင်းတွေ ရွာတွေထဲကို ဝင်လာရင် မိန်းမတွေကို မုဒိမ်းကျင့်တယ်၊ အိမ်တွေကို မီးရှို့ ဖျက်ဆီး လုယက်တာတွေလုပ်ကြတယ်။ ဒါကြောင့် သူတို့ရန်က ကာကွယ်ဖို့ လုပ်ရတာ ဖြစ်တယ်"လို့ ဗိုလ်ကျားရိုင်းက ပြောပါတယ်။
ဗိုလ်ကျားရိုင်းဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဝင် ၇၀ လောက်ပါတဲ့ အဖွဲ့ကို ဦးဆောင်နေတာပါ။ သူတို့ အဖွဲ့နာမည်ကိုတော့ Wild Tigers မြန်မာလို ဆိုရင် ကျားရိုင်းများလို့ အမည်ပေးထားပါတယ်။ တပ်ဖွဲ့မှာ လူ ၇၀ ဝန်းကျင် ရှိပေမယ့် မောင်းပြန်သေနတ် ၃ လက် သာ ရှိပါတယ်။
ဗိုလ်ကျားရိုင်းနဲ့ အတူ တိုက်ပွဲဝင်နေတဲ့ သား ၄ ယောက်ရှိပါတယ်။ ကျန်တဲ့ စစ်တပ်ထဲက ၂ ယောက်ကလည်း သူတို့ စခန်းနဲ့ ကီလိုမီတာ ၅၀၊ မိုင်နဲ့ ဆို ၃၀ လောက်ပဲ ဝေးတဲ့ နေရာမှာ ရှိနေကြပါတယ်။
"စစ်သားဆိုတာ အားကိုးရတယ်ဆိုပြီးတော့ စစ်ဗိုလ်ဖြစ်စေချင်တာလေ၊ အခုကျတော့ အားမကိုးရဘဲနဲ့ ကိုယ့် ဒုက္ခပေးနေတာ" ဆိုတာက ဒေါ်ယဉ်ယဉ်မြတ်ရဲ့ မိခင့် သောက စကားတွေ ဖြစ်ပါတယ်။
သေနတ်သံတွေများ မိုးရွာနေသလိုပဲ
ဖေဖော်ဝါရီလရဲ့ မနက်အစောပိုင်း ၃ နာရီ ဝန်းကျင်လောက်မှာ ဗိုလ်ကျားရိုင်းရဲ့ PDF တပ်ဖွဲ့ဆီကို အနားကရွာတရွာက ဖုန်းခေါ် လာပါတယ်။ သူတို့ရွာကို စစ်တပ်က ဝင်စီးနေပြီလို့ ဆိုပါတယ်။
"ရွာထဲကို ခွေးတွေ (စစ်သားတွေ) ဝင်နေပြီ၊ လာကူကြပါ။ စစ်ကူလွှတ်ပေးပါ"လို့ တောင်းဆိုလာပါတယ်။
ဒုတိယ အကြီးဆုံး သား ကိုမင်းအောင်က ချက်ခြင်း ထွက်သွားဖို့ လုပ်ပါတယ်။ တားမရမှန်း သိတဲ့ မိခင်ဖြစ်သူက သူ့သား ဘေးကင်းစွာ ပြန်ရောက်လာဖို့ပဲ ဆုတောင်းပေးနိုင်ခဲ့ပါတယ်။
Wild Tigers အဖွဲ့သားတွေ ဆိုင်ကယ်တွေနဲ့ တဘက်ရွာဆီ ထွက်သွားခဲ့ကြပါတယ်။ ဗိုလ်ကျားရိုင်းနဲ့ ကိုမင်းအောင်က ရှေ့ဆုံးက ဦးဆောင်ခဲ့ကြပါတယ်။ သူတို့ အဖွဲ့ သွားနေကျ ဘေးကင်းတဲ့ လမ်းအတိုင်း ဦးတည်လာကြပေမယ့် ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။

ဓာတ်ပုံ ရင်းမြစ်, Davies Surya
ကာကွယ်စရာဆိုလို့ ဘာမှ မရှိဘူး၊ သစ်ပင်ကြီးတာတောင် ဘာမှ မရှိဘူး။ ဘာတခုမှ မရှိဘူး လို့ နောက် သားတယောက်ဖြစ်တဲ့ ကိုမင်းနိုင်က ပြောပါတယ်။ မတရားသဖြင့် ပေါက်ပေါက်လုပ်နည်းလို လှော်ပြီးတော့ ပစ်ခတ်နေတာ၊ တကယ့် သတ်ကွင်းထဲ ရောက်သွားတာ၊ လက်နက်ချင်းကလည်း မယှဉ်နိုင်ဘူးလေ လို့ သူက ဆိုပါတယ်။
ပြန်ဆုတ်ခွာဖို့ အတွက် ဗိုလ်ကျားရိုင်း အမိန့်ပေးခဲ့ရပါတယ်။ လယ်ကန်သင်းရိုးတွေကို အကာအကွယ်ယူပြီး ဆုတ်ရပါတယ်။ အဲဒီထဲက တချို့က သူ့ကို သိတယ်လို့ ထင်ကြောင်း၊ သူ့ကိုသာ မဲပြီး ပစ်ခတ်ကြတယ်လို့ ခံစားမိကြောင်း ဗိုလ်ကျားရိုင်းက ပြောပါတယ်။ ပစ်ပြီးတာနဲ့ ပြေး အဲလို ပစ်လိုက် ပြေးလိုက်နဲ့ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ ပြန်အလာကို ရင်တမမနဲ့ စောင့်မျှော်နေရသူက ဒေါ်ယဉ်ယဉ်မြင့်ရယ်ပါ။ သူ့ခမြာ စခန်းမှာ နေခဲ့ရပေမယ့် ပစ်ခတ်သံတွေကို အတိုင်းသား ကြားနေရပါတယ်။
"သေနတ်သံတွေက တအားမိုးရွာနေသလိုပဲ ဖြစ်နေတာ၊ တောက်လျှောက်ကို ပစ်နေခဲ့တာ"လို့ ဒေါ်ယဉ်ယဉ်မြင့်က မျက်ရည်တွေ ကြားက ပြန်ပြောပြပါတယ်။

ခြုံခို တိုက်ခိုက်မှု အပြီး နာရီအနည်းငယ် အကြာမှာ စစ်တပ်က ပုံရိပ်တချို့ကို ဖေ့ဘုတ်ခ် ပေါ်မှာ တင်ခဲ့ပါတယ်။ ပြည်သူ ၁၅ ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆို ကြွားလုံးထုတ်ထားပါတယ်။
ဒီပုံတွေကို ဒေါ်ယဉ်ယဉ်မြင့် မြင်လိုက်တဲ့ အခါမှာတော့ သူ့ အချစ်ဆုံးသား ကိုမင်းအောင် တယောက် ပြန်မလာနိုင်တော့တာကို သဘောပေါက်သွားခဲ့ရပါပြီ။
"ကျွန်မ သားလေးက အမေ့အပေါ် သိပ်သိတတ်တာ၊ မီးဖိုချောင်လည်း ကူရှင်းပေးတယ်၊ အဝတ်တွေ လျှော်ပေးတယ်။ လှမ်းထားတဲ့ ထမီကအစ ရုပ်ပေးတဲ့ သိပ်လိမ္မာတဲ့ ကလေး လို့ ဒေါ်ယဉ်ယဉ်မြင့်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကတော့ သူတို့ ရွာကို စစ်တပ်က မီးရှို့ ပစ်ခဲ့ပါတယ်။ သူတို့ အိမ်ရော တခြား အိမ်ခြေ ၁၅၀ လောက်ပါ မီးထဲ ပါသွားခဲ့ပါတယ်။ ပိုင်ဆိုင်တာ မှန်သမျှ ပြာပုံ ဘဝ ရောက်သွားခဲ့ရပါတယ်။
မြန်မာပြည် အနှံ့မှာ စစ်တပ်က မြို့ရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေ လုပ်နေတာ ဖြစ်ပြီး အထူးသဖြင့်တော့ မြန်မာပြည် အလယ်ပိုင်းမှာ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ ဗိုလ်ကျားရိုင်းရဲ့ အခန်းကဏ္ဍကိုလည်း စစ်တပ်က သိရှိထားပုံ ပေါ်ပါတယ်။ ဒါပေမယ့် သူတို့ စစ်တပ်ထဲမှာပဲ အဲဒီ ဗိုလ်ကျားရိုင်းရဲ့ သား ၂ ယောက် တာဝန်ထမ်းဆောင်နေတယ် ဆိုတာကိုရော သိသလားဆိုတာ ပြောလို့ မရနိုင်ပါဘူး။

ဒေါ်ယဉ်ယဉ်မြင့်ကတော့ ဆုံးရှုံးမှုတွေအတွက် ဖြေမဆည်နိုင်ဆဲပါ။
"အိမ်လည်း မီးလောင်၊ သားလည်း ဆုံးနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူး၊ စိတ်နဲ့ လူနဲ့လည်း မကပ်ဘူး အရူးလိုဖြစ်နေရပါပြီ" လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ တဝန်း လူ ၁.၁ သန်း အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးခဲ့ရသလို အိမ်ခြေ ၃၀၀၀၀ ထက်မနည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ ၂၅၀၀ ကျော် ရှိပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။
ထိခိုက်သေဆုံး လူ စာရင်းဟာ အဲဒီထက် ဆယ်ဆများနိုင်တယ်လို့ စစ်မက်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ACLED က ပြောပါတယ်။ မြန်မာ စစ်တပ်ဘက်ကလည်း တိုက်ပွဲတွေမှာ အကျအဆုံး တွေရှိတယ်လို့ ပြောပေမယ့် အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။
ကိုမင်းအောင်ရဲ့ ရုပ်အလောင်းကို ပြန်သယ်နိုင်ဖို့ မိသားစုက ၂ ရက်လောက် ကြိုးစားခဲ့ကြပေမယ့် အဲဒီနေရာကို စစ်တပ်က စောင့်နေတဲ့ အတွက် မအောင်မြင်ခဲ့ကြပါဘူး။ ကိုယ့်သားကို အရိုးတောင်မှ မကောက်ရဘူးလို့ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်မြင့်က ပြောပါတယ်။"ကိုယ်ကိုယ်တိုင် တိုက်လို့ရရင် လိုက်တောင်မှ တိုက်လိုက်ချင်ပါသေးတယ်။ မိန်းကလေး ဖြစ်ပြီးတော့ အသက် ၅၀ ကျော်နေတော့ လက်မခံလို့ ပါ" လို့ ဆိုပါတယ်။
ဘယ်သူ့မှ ချမ်းသာပေးမှာ မဟုတ်ဘူး
လူထု ထောက်ခံတဲ့ တော်လှန်ရေး အောင်ကို အောင်ရမယ်လို့ ဗိုလ်ကျားရိုင်းက ယုံကြည်ထားပါတယ်။ ပြီးရင်ကို သူ့အိမ်ကို ပြန်ဆောက်သွားဖို့ စိတ်ကူးထားပါတယ်။
ဒါပေမယ့် ပြည်တွင်းစစ်က ပိုအရှိန်မြင့်လာတာပဲ ရှိပါတယ်။ တော်တော်နဲ့ ပြီးဦးမယ့် အရိပ်အယောင် မရှိသေးပါဘူး။

သူ့ သား ၂ ယောက်က စစ်တပ်ကို ခွာဖို့ငြင်းနေကြဆဲ ဖြစ်တာကြောင့် သူ့ မိသားစုဟာလည်း သွေးကွဲ နေဆဲ ဖြစ်ပါတယ်။ ဒီအဖြစ်က ပြည်တွင်းက အခြေအနေတွေကို ထင်ဟတ်ပြနေတာလို့လည်း ဆိုနိုင်ပါတယ်။
ဗိုလ်ကျားရိုင်းက စစ်တပ်ကို တိုက်နေတာ တိုက်ချင်လို့ တိုက်နေတာ မဟုတ်ဘူး။ မင်းတို့ ခွေး ခေါင်းဆောင်တွေ မတရားလို့ တိုက်နေရတာ၊ မင်းတို့ကြောင့်ပဲ မင်းတို့ အစ်ကိုလည်း ဆုံးခဲ့ရပြီလို့ သားဖြစ်သူ ကိုညီညီကို ပြောပြတော့ သူ့အစ်ကို မရှိတော့တာ သူသိတဲ့အကြောင်း ပြောပါတယ်။
"မင်းရွာကို လာကြည့်ပါ။ အကုန်ပြာပုံ ဖြစ်ကုန်ပြီ" လို့ ဗိုလ်ကျားရိုင်းက ဒေါသတကြီး ဆက်ပြောပါတယ်။ ဘာမှ မရှိတော့ဘူး သူတို့ ဓာတ်ပုံတွေတောင် မကျန်တော့ဘူး၊ ရင်နာတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဗိုလ်ကျားရိုင်းက သူ့သားကို သတိပေး စကားပြောပြီး ဖုန်းချလိုက်ပါတယ်။
"တိုက်ပွဲတပွဲ ဖြစ်လာလို့ အဖေတို့ နယ်ဘက်ပါလာလို့ ရှိရင်ကတော့ အဖေက ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ဘူးနော် အဖေကတော့ ပြည်သူလူထု မျက်နှာတခုပဲ ကြည့်မှာ မင်းတို့ မျက်နှာတော့ ငါမကြည့်နိုင်ဘူး။ "
ဆောင်းပါးပါ နာမည်တွေ၊ နေရာတွေကို လုံခြုံရေးအရ လွှဲပြောင်း ဖော်ပြထားပါတယ်။









