ဧပြီလ ၁၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်းတွေ တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထားဝယ်မှာ စစ်ကောင်စီ တပ်ရင်းလိုက် လက်နက်ချ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း KNU ဆီလက်နက်ချ၊ မြဝတီနောက်ဆုံးရအခြေအနေတွေအပါအဝင် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
အနှစ်ချုပ်
- မြဝတီ - ကော့ကရိတ်မှာဘာတွေဖြစ်နေလဲ
- ပြည်ထောင်စုနဲ့ ဖယ်ဒရယ်ယူနစ်တွေကြား ပိုကောင်းမွန်တဲ့အာဏာခွဲဝေစနစ် အကောင်အထည်ဖော်ဖို့ NUG ကိုပြော
- ချင်းမိုင်နဲ့ ဆန်ခလဘူရီက ဆုန်ခရမ် သင်္ကြန်
- ထားဝယ်မှာ စစ်ကောင်စီ တပ်ရင်းလိုက် လက်နက်ချ
တိုက်ရိုက် ထုတ်လွှင့်ချက်
နောင်ချို၊ သရက်ကုန်းတိုက်ပွဲ စစ်သားဆယ်ချီသေဆုံးတယ်လို့ မန္တလေး PDF ပြော

ဓာတ်ပုံ ရင်းမြစ်, MDY PDF
ဓာတ်ပုံ ပုံစာ, သရက်ကုန်းကျေးရွာထဲက စစ်ကောင်စီတပ်အခြေချနေရာတွေကို တိုက်ခိုက်ပြီးတဲ့နောက် သိမ်းမိတဲ့လက်နက်တွေလို့ မန္တလေး PDF က ထုတ်ပြန်ပါတယ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲက သရက်ကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီအခြေချနေရာတွေကို တိုက်ခိုက်မှုမှာ စစ်သားဆယ်ချီသေဆုံးတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY PDF) က သတင်းထုတ်ပြန်လာပါတယ်။
သရက်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းတပ်စွဲနေတာဖြစ်ပြီး မန္တလေး PDF က မနေ့ ဧပြီလ ၁၅ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မနေ့ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်အခြေချနေရာတွေကို သိမ်းနိုင်ခဲ့သလို စစ်သားအယောက် ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိ်းမိတယ်လို့ မန္တလေး PDF က ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တပ်တက္ကသိုလ်နဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို ရှော့တိုက်ဒုံးဆယ်ချီနဲ့ ဧပြီလ ၁၄ ရက်ညပိုင်းမှာ တိုက်ခိုက်ခဲ့ပြီးနောက်မှာ အခုတိုက်ခိုက်မှုကို မန္တလေး PDF က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ သရက်ကုန်းကျေးရွာက တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပေမဲ့ ပြင်ဦးလွင်မြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရမှုမှာ သံဃာ ၂ ဦးနဲ့ အရပ်သား ၂ ဦးသေဆုံးတယ်လို့ပြောပါတယ်။
မန္တလေး PDF သိမ်းခဲ့တဲ့သရက်ကုန်းကျေးရွာထဲက စစ်တပ်စခန်းဟာ ပြင်ဦးလွင်-လားရှိုးလမ်းမကနေသွားရင် ပြင်ဦးလွင်မြို့နဲ့ ၁၆ မိုင်ကျော်အကွာမှာ ရှိနေပါတယ်။
ဇန်နဝါရီလ ၃ ရက်တုန်းက မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့တဲ့မြေမြို့ -မိုးကုတ်လမ်းပေါ်က သံဘိုစခန်းထက်လည်း ပြင်ဦးလွင်မြို့ထက် ပိုနီးပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို ဗီဇာထုတ်ပေးဖို့ နယူးဇီလန်အစိုးရ ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, မြန်မာစစ်ကောင်စီအရာရှိတွေကို ပြည်ဝင်ခွင့်(ဗီဇာ)ထုတ်မပေးဖို့ နယူးဇီလန်ရောက် ရာနဲ့ချီတဲ့မြန်မာတွေက နယူးဇီလန်လွှတ်တော်ရှေ့မှာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ဝယ်လင်တန်မြို့မှာ ကျင်းပမယ့် အာဆီယံ- နယူးဇီလန် ဆွေးနွေးပွဲကို တက်ရောက်မယ့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦးကို ပြည်ဝင်ခွင့်(ဗီဇာ)ထုတ်ပေးဖို့ နယူးဇီလန်အစိုးရက ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်မပေးဖို့ နယူးဇီလန်ရောက်မြန်မာတွေက တရားရုံးမှာ တိုင်ကြားခဲ့ပြီးတဲ့နောက်မှာ နယူးဇီလန်ဘက်က အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အာဆီယံ- နယူးဇီလန် ဆွေးနွေးပွဲကိုတော့ အခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
‘‘အထက်တရားရုံးကို ကျွန်မတို့ရဲ့လျှောက်ထားတိုင်တန်းချက်ကြောင့် မြန်မာကိုယ်စားကို ဗီဇာပေးမယ့် ကိစ္စကို အစိုးရဘက်က ဆိုင်းငံ့လိုက်ပါတယ်။ အဲဒီကိုယ်စားလှယ် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာတော့ မသိရဘူး။ဒါပေမဲ့ စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး တရားရုံးမှာ တိုင်ကြားခံရတဲ့အခါ အစိုးရတွေဘက်က ပေါ့ပေါ့တန်တန်တွေးမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုတော့ မြန်မာ စစ်ကောင်စီဘက်ကို ပါးနိုင်သွားတာပေါ့’’ လို့ တရားရုံးကို ဦးတိုက်လျှောက်ထားသူတွေထဲမှာပါဝင်တဲ့ ဒေါ်ဆုဒါလီသန်းက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ အဲဒီကိုယ်စားလှယ်ဟာ လက်ခံတဲ့နိုင်ငံမှာ လွတ်လွတ်လပ်လပ်သွားလာခွင့်နဲ့ အဲဒီနိုင်ငံရဲ့ပြဌာန်း ဥပဒေတွေကနေ တရားစွဲခံရမှုကင်းလွတ်ခွင့်ရှိတဲ့ သံတမန်ဆိုင်ရာအကာအကွယ်ရထားသူဖြစ်တာကြောင့် အကြီးတန်းအရာရှိတစ်ဦးဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
နယူးဇီလန်ရောက်မြန်မာတွေကတော့ အာဆီယံဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပေးဖို့ နယူးဇီလန်လွှတ်တော်အထိပါ ချီတက်ဆန္ဒပြထားပါတယ်။
ထိုင်းသင်္ကြန် ဆုန်ခရမ်ပွဲတော်အတွင်း သေဆုံးသူ ၂၀၆ ဦးရှိလာ

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ဧပြီ ၁၃ ရက် ဆုန်ခရမ်ပွဲတော်မြင်ကွင်း ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆုန်ခရမ်ပွဲတော် ငါးရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၀၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁,၅၉၃ ဦးရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မနေ့တုန်းက ထုတ်ပြောပါတယ်။
မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ဆုန်ခရမ်ကာလအတွင်း သေဆုံးတဲ့အရေအတွက် များလာတာဖြစ်ပြီး ဘန်ကောက်နဲ့ ချင်းရိုင်ခရိုင်တို့ဟာသေဆုံးသူ ၁၃ ဦးစီနဲ့ အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရအရေအတွက် လျော့ကျသွားတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ချူနန် ဆရီကောက ပြောပါတယ်။
ဧပြီ ၁၁ ရက် ကနေ ၁၅ ရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၅၆၄ ကြိမ်ဖြစ်ခဲ့ပြီး ဒါဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၀.၄ ရာခိုင်နှုန်းလျော့ကျခဲ့တာပါ။
မနှစ်က ဧပြီ ၁၁ ရက် ကနေ ၁၅ ရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၇၄၅ ကြိမ်ဖြစ်ခဲ့ပါတယ်။ အခုနှစ် ယာဉ်မတော်တဆမှုအများစုဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ဖြစ်ခဲ့တာပါ။
ဒါအပြင် မနေ့ ဧပြီ ၁၅ ရက်တရက်တည်းမှာတင် ယာဉ်မတော်တဆမှု ၃၀၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၉ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၁၄ ဦးရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
တောင်ငူ ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့က တောင်ငူဗဟိုမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့က မြင်တွေ့ရတာဖြစ်ပါတယ် ပဲခူးတိုင်း၊ တောင်ငူမြို့က ဗဟိုမဏ္ဍပ်အနီးနဲ့ အဲဒီမဏ္ဍပ်အနီးနား စတိုးဆိုင်ကြီး တစ်ဆိုင်ရှေ့မှာ ဒီနေ့ သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူရှိ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိရသေးပါဘူး။
‘‘ဗုံးချတာထက် ထောင်ထားတဲ့ဗုံးကနေ ပေါက်တယ်လို့သိရတယ်။ အခုတော့ ပိတ်ဆို့ စစ်ဆေးတာတွေရှိနေတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အနီးနားက စီစီတီဗီတွေကိုလည်း လိုက်စစ်နေတယ်’’ လို့ မြေပြင်အခြေအနေသိတဲ့တောင်ငူဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တောင်ငူ သင်္ကြန်ဟာ မနှစ်တုန်းက ထက် ဒီနှစ်မှာ ပိုပြီး ဒေသခံတွေ ပါဝင်လာတာတွေ့ရတယ်လို့ လည်း သူက ဆက်ပြောပြပါတယ်။
စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်မဏ္ဍပ်မှာ သင်္ကြန်ကာလပေါက်ကွဲမှု ပထမဆုံးအနေနဲ့ မန္တလေးမှာ သင်္ကြန်အကြိုနေ့က ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
စစ်ကောင်စီမဏ္ဍပ်တွေမှာရေပက်ဆော့ကစားသူတွေများလာ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မြင်ကွင်း ဒီကနေ့ ဧပြီ ၁၆ ရက်၊ မဟာသင်္ကြန်အတက်နေ့ နိုင်ငံတဝန်းက သင်္ကြန်ပွဲတော် ဆင်နွှဲကြတဲ့မြင်ကွင်းတွေကို စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုအောက် လေးကြိမ်မြောက်ကျရောက်တဲ့ ဒီနှစ်သင်္ကြန်ပွဲတော် အတက်နေ့မှာတော့ နိုင်ငံထဲကမြို့ကြီးတွေက ဗဟိုမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်တွေမှာ လူအများအပြား ရေဆော့ကစားလာကြတာကို တွေ့ရပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေး ထိန်းချုပ်မှုကောင်းတဲ့ မကွေးတိုင်းထဲက ကံမမြို့၊ စစ်ကိုင်းတိုင်းထဲက မုံရွာမြို့၊ ပဲခူးတိုင်းထဲက ပဲခူးမြို့၊ မွန်ပြည်နယ်ထဲက ချောင်းဆုံမြို့တွေမှာတော့ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်ပွဲတွေမှာ ပါဝင်ဆင်နွှဲကြသူတွေနဲ့အသက်ဝင်နေပါတယ်။
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ အများပြည်သူသွားလာဆော့ကစားတဲ့ နေရာတွေအပြင် ဟိုတယ်တွေနဲ့ ဘားတွေမှာ အခကြေးငွေပေးပြီး အမိုးအောက်ကျင်းပ တဲ့သင်္ကြန်ပွဲအနေနဲ့ ပါဝင်ဆင်နွှဲကြသူတွေရှိပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက လက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ ကျေးလက် ဒေသအများစုမှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ရေး တော်လှန်သင်္ကြန်အဖြစ် သံချပ်ထိုးတာ၊ စတုဒီသာကျွေးမွေးနဲ့ ကိုယ့်ရပ်ကိုယ့်ရွာထဲမှာပဲ ရေကစားကြတာတွေ ပြုလုပ်ကြပါတယ်။
ဆစ်ဒနီ ဓားထိုးမှု ဘာသာရေးနွှယ်နဲ့အကြမ်းဖက်လုပ်ရပ်အဖြစ် သြစတြေးလျရဲတပ်ဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုဖြစ်တဲ့အချိန်ဟာ ဘုရားကျောင်းနဲ့ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ချိန်ဖြစ်တာကြောင့် အဲဒီထုတ်လွှင့်မှုထဲ တိုက်ခိုက်မှုမြင်ကွင်းတွေလည်း ပါသွားခဲ့ပါတယ် ဆစ်ဒနီမြို့က ဘုရားကျောင်းမှာ တနင်္လာနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ဓားထိုးမှုဟာ ဘာသာရေးဆက်နွှယ်တဲ့ ‘‘အကြမ်းဖက်လုပ်ရပ်’’အဖြစ် သြစတေးလျရဲတပ်ဖွဲ့က ပြောလာပါတယ်။
အသက် ၁၆ နှစ်အရွယ်လူငယ်အမျိုးသားတစ်ဦးက ဆစ်ဒနီမြို့မှာရှိတဲ့ Assyrian Christ The Good Shepherdဘုရားကျောင်းမှာ ဘုရားကျောင်းတက်သူတွေ၊ ဘုန်းတော်ကြီးနဲ့ တရားပြဆရာတို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုပြုလုပ်တဲ့အဲဒီလူငယ်ကို ရဲက ဖမ်းဆီးလိုက်ပြီဖြစ်သလို တိုက်ခိုက်မှုအတွင်း လူ ၄ ဦးထက်မနည်း မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘုရားကျောင်းတိုက်ရိုက်ထုတ်လွှင့်မှုမှာ ဒီဖြစ်ရပ်ပါသွားခဲ့လို့ ဘုရားကျောင်းရှိတဲ့ ဝိတ်ကလေအရပ်မှာ လူစုလူဝေးလည်းဖြစ်ခဲ့ပါတယ်။
ဘုရားကျောင်းဆီကို ရောက်လာတဲ့လူအုပ်ကို ရဲက အင်အားသုံးလူစုခွဲခဲ့ရတာလည်းရှိခဲ့ ပါတယ်။
အဲဒီလူအုပ်ဟာ တိုက်ခိုက်သူကို ဆေးကုသရေးအဖွဲ့တွေက ဆေးကုပေးနေတုန်း ဘုရားကျောင်းကို စောင့်ကြပ်ပေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့ညပိုင်းတုန်းက တိုက်ခိုက်မှုရုပ်သံဟာလည်း လူမှုကွန်ရက်ပေါ်မှာ တောမီးလို တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့တာကြောင့် ဒေသထွက်နေတဲ့လူအုပ်ကြီးဟာ ဘုရားကျောင်းရှိရာကို စုဝေးရောက်လာခဲ့တာလည်းဖြစ်ပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ အစ္စရေးရဲ့စစ်ကာလအရေးပေါ် အစိုးရအဖွဲ့ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, အစ္စရေးအစိုးရထုတ်ပြန်ချက်
အစ္စရေးရဲ့ စစ်ကာလအရေးပေါ်အစိုးရအဖွဲ့က အီရန်ရဲ့ဒရုံးနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ တွေ့ဆုံဆွေးနွေးတာတွေကို ပြုလုပ်ထားပါတယ်။
ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်လိုက်လဲဆိုတာမျိုးတော့ လူသိရှင်ကြားထုတ်မပြောသေးပါဘူး။
အီရန်ရဲ့လုပ်ရပ်ကို အစ္စရေးမဟာမိတ်တွေက ရှုတ်ချပြောဆိုနေပေမဲ့ ဝန်ကြီးချုပ်နေတန်ညာဟု အစိုးရအနေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ တိုက်တွန်းခံထားရပါတယ္။
ဒီအရေးပြီးသွားပြီလို့ အီရန်ဘက်က လေသံလွှင့်နေပေမဲ့ အစ္စရေးစစ်ရေးဦးစီးချုပ်ကတော့ အီရန်နဲ့ တိုက်ခိုက်မှုကို အစ္စရေးဘက်က မတုံ့ပြန်ဘဲ ပြီးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အစ္စရေး - အီရန် စစ်ကြီးမဖြစ်အောင် အမေရိကန်နဲ့ သူ့မဟာမိတ်တွေ ဘယ်လို ကြိုးစားနေကြပါသလဲ။ ဘီဘီစီနိုင်ငံတကာအယ်ဒီတာ ဂျရမီ ဘိုဝင်ရဲ့သုံးသပ်ချက်ဆောင်းပါး ‘‘အီရန်နဲ့ အစ္စရေး စစ်ကြီးမဖြစ်အောင် အမေရိကန်နဲ့ မဟာမိတ်တွေ ဟန့်တားနိုင်မှာလား’’ မှာ ဖတ်ရှုနိုင်ပါတယ်။
အစ္စရေးကို အီရန်တိုက်ခိုက်မှုဖြစ်ချိန်က ဘီဘီစီရဲ့ သတင်းစုစည်းဖော်ပြချက်ကိုလည်း ဒီလင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ်။
တိုက်ခိုက်မှုအပြီး အီရန်နိုင်ငံထဲက အခြေအနေတွေကိုလည်း ဒီလင့်ခ်မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
မြဝတီ - ကော့ကရိတ်မှာဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, မြဝတီမြို့နယ်ထဲမှာ မြင်တွေ့ရတဲ့ KNLA တပ်ဖွဲ့ဝင်တွေ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တကြောမှာ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီတပ်ကလည်း ဒီကနေ့မနက်ပိုင်းမှာတင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ စစ်ရေးသိရှိသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအများစု စွန့်ခွာသွားကြတဲ့ ကော့ကရိတ်မြို့ထဲကို ဒီကနေ့ ဧပြီ ၁၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလေးလုံးလာရောက်ကြဲချခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တခါ ကော့ကရိတ် - မြဝတီသွားလာလို့ရတဲ့ အာရှလမ်းမတကြောကို အရပ်သားယာဉ်တွေ ဖြတ်သန်းသွားလာလို့မရတော့ဘဲ တောလမ်းထဲကနေသွားလာနေရပါတယ်။
"ကော့ကရိတ်တောင်ပိုင်းတခုလုံးကစလို့ စစ်မီးတောက်နေပြီ ... ကျွန်တော်တို့တောင်ပိုင်းကစဆိုရင် မွန်ပြည်နယ် ကျိုက်မရော၊ မော်လမြိုင်ကနေမှ ကရင် ဘားအံလမ်းကိုပြန်တက်ပြီး မြဝတီကို ပတ်သွားနေရတယ်။ လမ်းပန်း ဆက်သွယ်ရေးဖြတ်တောက်ခံထားရတယ်" လို့ စစ်ရှောင် ကော့ကရိတ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ရေးအခြေအနေသိရှိသူတစ်ဦးရဲ့ ပြောပြချက်အရလည်း ဒီမနက်ပိုင်းမှာပဲ အာရှလမ်းတလျောက်က နေအိမ်တွေ မီးရှို့ခံနေရပါတယ်။
မြို့ပေါ်တွေကိုသွားလာဖို့ ခက်ခဲနေတာကြောင့် ကုန်စျေးနှုန်းတွေလည်းမြင့်တက်လာပြီး စစ်ရှောင်တွေအတွက် အခက်ကြုံနေတာပါ။
ဒါပေမဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် သက်ဆိုင်ရာ စစ်ကြောင်းအလိုက် ဘီဘီစီကမေးမြန်းဖို့ကြိုးစားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသလို စစ်ကောင်စီကလည်း မြဝတီ - ကော့ကရိတ် တိုက်ပွဲတွေအကြောင်း ဒီကနေ့မနက်အထိ တစုံတရာထုတ်ပြောတာမရှိပါဘူး။
ပြည်ထောင်စုနဲ့ ဖယ်ဒရယ်ယူနစ်တွေကြား ပိုကောင်းမွန်တဲ့အာဏာခွဲဝေစနစ် အကောင်အထည်ဖော်ဖို့ NUG ကိုပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီကနေ့ ဧပြီ ၁၆ ရက်မှာ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သုံးနှစ်ပြည့်အတွက် တော်လှန်ရေးအင်အားစုတွေက သဝဏ်လွှာတွေ ပေးပို့နေကြပါတယ်။
NUG အစိုးရအနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ မဟာမိတ်အင်အားစုတွေနဲ့ ဆက်ပြီးလက်တွဲဆောင်ရွက်ဖို့၊ ပြည်ထောင်စုနဲ့ ဖယ်ဒရယ်ယူနစ်တွေကြား ပိုပြီးကောင်းမွန်တဲ့ အာဏာခွဲဝေကျင့်သုံးမှုစနစ်တွေ တည်ဆောက်အကောင်အထည်ဖော်နိုင်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ပြောထားပါတယ်။
IEC ကတော့ NUG နဲ့ ပူးပေါင်းချိတ်ဆက်မှုတွေပိုပြီးတိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ဆန္ဒပြုတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ NUG က အခြားမဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးတာ အသိအမှတ်ပြုသလို ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြပါတယ်။
ချင်းမိုင်နဲ့ ဆန်ခလဘူရီက ဆုန်ခရမ် သင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ချင်းမိုင် ဆာဖာရီမှာပြုလုပ်တဲ့ ဆုန်ခရမ်သင်္ကြန် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နဲ့ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ဆန်ခလဘူရီမြို့က မွန်လူမျိုးတွေ ရိုးရာနှစ်သစ်ကူးကို ဧပြီလ ၁၅ ရက်မှာ ဆင်နွှဲနေကြတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။
ချင်းမိုင်မြို့မှာဆိုရင် မြို့ဟောင်း ထဖယ်ဂိတ်အနီးမှာ ကျုံးဘေးမှာ လမ်းလျှောက်သင်္ကြန်ကို ကျင်းပနေသလို ဆာဖာရီ ဥယျာဥ်မှာလည်း ရိုးရာဆုန်ခရမ်ပွဲတော် ပြုလုပ်နေပါတယ်။
ချင်းမိုင်ဆုန်ခရမ်သင်္ကြန်ပွဲတော်မှာတော့ ထိုင်းရောက်မြန်မာတွေနဲ့ တာချီလိတ်ဘက်ကနေ တက်လာတဲ့ မြန်မာတွေ ပါဝင်ဆင်နွှဲတာလည်းများတယ်လို့ ကားမောင်းဝန်ဆောင်မှုပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ချင်းမိုင်မြို့ဟောင်းက လမ်းလျှောက်သင်္ကြန် 
ဓာတ်ပုံ ရင်းမြစ်, Thai News Pix/BBC Thai
ဓာတ်ပုံ ပုံစာ, ဆန်ခလဘူရီက မွန်လူမျိုးတွေရဲ့ သင်္ကြန်ရေကစားမှု ထိုင်း-မြန်မာနယ်စပ်လည်းဖြစ်၊ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ် နယ်စပ်လည်းဖြစ်တဲ့ ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့နယ်ထဲမှာလည်း မွန်လူမျိုးတွေ နှစ်သစ်ကူးပွဲတော် ကျင်းပနေကြပါတယ်။
ဆန်ခလဘူရီမြို့ဟာ မြန်မာပြည်ဖွား မွန်လူမျိုးတွေအများဆုံးနေထိုင်ကြတဲ့မြို့ဖြစ်ပြီး ဘုရားသုံးဆူမြို့နဲ့ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် နေရပ်ပြန်ကြသူတွေနည်းသွားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထားဝယ်မှာ စစ်ကောင်စီ တပ်ရင်းလိုက် လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, KNU
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး ကရင်အမျိုးသားအစည်းအရုံး(KNU) ဆီ လက်နက်ချခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
KNU ရဲ့ ဒီကနေ့ ဧပြီ ၁၆ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့ပြီး မောထာဒေသနဲ့ ထီးထာကြား လက်နက်ချခဲ့တာပါ။
"ရန်သူဘက်က အလုံးအရင်းနဲ့လက်နက်ချတာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ KNLA နဲ့ PDF အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကိုကြုံရတဲ့အခါ ရှေ့တန်းမှာ လက်နက်ချလိုက်တာပါ" လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့တုန်းက စစ်ကောင်စီ ခလရ−၁၀၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းကို စွန့်ခွာပြီး ထီးထာ့ ဗျူဟာ ကို ပြန်ပြီးပူးပေါင်းဖို့ ပြန်လာတဲ့လမ်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။
