အီရန်က ပစ်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်ရာချီကို ပစ်ချလိုက်တယ်လို့ အစ္စရေးပြော

အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဟန့်တားနေတဲ့ အစ္စရေး ကာကွယ်ရေးစနစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဟန့်တားနေတဲ့ အစ္စရေး ကာကွယ်ရေးစနစ်

အီရန်ဘက်ကနေ ပစ်လိုက်တဲ့ ဒရုန်းနဲ့ ဒုံးကျည် ၂၀၀ ကျော်ထဲက အများစုကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စအရေးက ပြောပါတယ်။

အစ္စရေးပိုင်နက်ထဲကနေရာအချို့ကို ထိတာလည်းရှိပြီး အဲဒီထဲမှာ အစ္စရေးတောင်ပိုင်းက အစ္စရေးကာကွယ်ရေးတပ် (IDF) ရဲ့ အခြေစိုက်တစ်ခန်းတစ်ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။

အီရန်ရဲ့အခုလို လက်တုံ့ပြန်တိုက်ခိုက်မှုဟာ အီရန်မြေထဲကနေ အစ္စရေးကို ပစ်မှတ်ထားတဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးဆီကို ဦးတည်သွားတဲ့ အီရန်ရဲ့ ဒရုန်းတချို့ကို ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတွေကိုကိုးကားပြီး ဘီဘီစီရဲ့ အမေရိကန်မိတ်ဘက်ရုပ်သံဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်ကတော့ ''အဆင်ခြင်မဲ့တိုက်ခိုက်မှု'' လို့ ရှုတ်ချပြောဆိုထားပြီး ဒေသတွင်းမှာ အမေရိကန် တိုက်လေယာဥ်တွေ ပိုတိုးဖြန့်ကြက်ထားတယ်လို့ ပြောပါတယ်။

ဧပြီလ တစ်ရက်တုန်းက ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုအတွက် အစ္စရေးကို ''ဒဏ်ခတ်မယ်'' လို့ အီရန်ဘက်က အစောပိုင်းကတည်းက သတိပေးထားပါတယ်။ အဲဒီ တိုက်ခိုက်မှုကိုတော့ အစ္စရေးဘက်က သူတို့လက်ချက်ဖြစ်တယ်လို့ တရားဝင်အသိအမှတ်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒမတ်စကတ်မြို့က အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ ဗိုလ်ချုပ် ၂ ဦးအပါအဝင် အီရန်တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ဆီးရီးယား ၆ ဦး သေဆုံးခဲ့ပါတယ်။

အီရန်ကနေ အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုနဲ့ စကားပြောဆိုထားတယ်လို့ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်က ပြောပါတယ်။

အီရန်က ဒရုန်းနဲ့ ဒုံးကျည် အစင်း ၂၀၀ ကျော်ပစ်ခတ် - IDF

အစ္စရေး မြောက်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စရေး မြောက်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ

ဒရုန်းနဲ့ ဒုံးကျည်တွေ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးတပ်(IDF) ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီက ရုပ်သံကနေ ပြောကြားရာမှာ အီရန်ဟာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒရုန်းတွေ အစင်းပေါင်း ၂၀၀ ကျော်ကို ''ကြီးကြီးမား အစုလိုက်အပြုံလိုက်'' ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ဒေသတွင်းက မဟာမိတ်တွေဟာ အဲဒီဒရုန်းတွေနဲ့ ဒုံးကျည်တွေထဲက ''အတော်များများကို'' ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဲဒီထဲက ဒါဇင်နဲ့ချီပြီးကို အစ္စရေးနယ်မြေ အပြင်ဘက်မှာတင် ပစ်ချနိုင်ခဲ့တာလို့ သူက ပြောပါတယ်။

IDF ပြောခွင့်ရသူ
ဓာတ်ပုံ ပုံစာ, IDF ပြောခွင့်ရသူ

အစ္စရေးစစ်တပ် ပြောခွင့်ရသူရဲ့ အပြောအရဆိုရင် လက်ရှိအချိန်အထိ အစ္စရေးထဲမှာ ထိမှန်မှုတစ်ခုပဲ ရှိသေးတယ်လို့ သိရပါတယ်။

အီရန်ဒုံးကျည်အချို့ အစ္စရေးမြေပေါ်ကို ကျတဲ့အခါ စစ်ဘက်ဆိုင်ရာအဆောက်အအုံတစ်ခု အနည်းငယ် ပျက်စီးခဲ့တယ်လို့ သူကထည့်ပြောပေမဲ့ ဘယ်စစ်အခြေစိုက်စခန်းလဲဆိုတာ အသေးစိတ် မပြောသွားပါဘူး။

ဒဏ်ရာရမှုအခြေအနေကိုလည်း သူက အသေးစိတ်မပြောပေမဲ့ အစ္စရေးအရေးပေါ်ကားဝန်ဆောင်မှုဘက်က အပြောအရဆိုရင် ဆေးဝန်ထမ်းတွေဟာ အာရတ်ဒေသက Bedouin လှည့်လည်သွားလာနေတတ်တဲ့ လူမျိုးစုတွေနေနဲ့ အရပ်မှာ အဆောက်အဦတစ်ခုကို ထိမှန်ပြီး ကျလာတဲ့အပျက်အစီး အပိုင်းအစတွေကြောင့် ဒဏ်ရာ ရသွားတဲ့အသက် ၇ နှစ်အရွယ် ကလေးမလေးတစ်ဦးကို ကုသပေးနေရတယ်လို့ ဆိုပါတယ်။

အစ္စရေး လက်တုံ့ပြန်ရင် ပြန်တိုက်မယ်လို့ အီရန်ပြော

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်နိုင်ငံဟာ အစ္စရေးကို သူ့ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂပဋိညာဥ်ကို ကိုးကားပြောဆိုလာပါတယ်။

နောက်ထပ်တိုက်ခိုက်မှုတွေ ထပ်မလုပ်တော့ဘူးဆိုရင် ‘‘ဒီအရေး ပြီးဆုံးပြီလို့ မှတ်ယူရပါမယ်’’ လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ပါဝင်မှုမှန်သမျှ ဒါမှမဟုတ် ဘယ်လိုလက်တုံ့ပြန်မှုမျိုးကိုမဆိုလည်း အီရန်ဘက်က သတိပေးပါတယ်။

‘‘ကုလသမဂ္ဂပဋိညာဥ် အပိုဒ် ၅၁ အရ ကိုယ်ပိုင်ခုခံပိုင်ခွင့်ကို ကျင့်သုံးပြီး ဒမတ်စကတ်က ကျွန်ုပ်တို့ရဲ့ သံတမန်ဝန်းထဲကို ကျူးကျော်မှုကို လက်တုံ့ပြန်ဖို့အတွက် အီရန်ရဲ့ စစ်ရေးလုပ်ဆောင်ချက် ဖြစ်တယ်’’လို့ ကုသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်ရုံးက လူမှုကွန်ရက် X (အရင်က တွစ်တာ) မှာ ရေးပါတယ်။

‘‘ဒီအရေး ပြီးဆုံးပြီလို့ မှတ်ယူရပါတယ်။ ဒါပေမဲ့ အစ္စရေးဘက်က နောက်ထပ် တိုက်ခိုက်မှု ပြုလုပ်လာမယ်ဆိုရင် အီရန်ဘက်က တုံ့ပြန်မှုပိုပြီး ပြင်းထန်ပါမယ်။ ဒါဟာ အစ္စရေးနဲ့ အီရန်ကြားက ပဋိပက္ခဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ခပ်ဝေးဝေးနေရပါမယ်’’

ကုလသမဂ္ဂ ပဋိညာဥ် အပိုဒ် ၅၁ မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ ‘‘စစ်မက်အားဖြင့် ထိပါး တိုက်ခိုက်သည့်အခါ လုံခြုံရေးကောင်စီက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုအတွက် လိုအပ်သည့်တိုင် အရေးယူဆောင်ရွက်ချင်း မပြုသေးသမျှ ကာလပတ်လုံး မိမိနိုင်ငံအား မိမိတစ်ဦးတည်းဖြစ်စေ၊ အများနှင့် ပူးပေါင်း၍ ဖြစ်စေ ကာကွယ်နိုင်တယ်’’ လို့ ဖော်ပြထားပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုတွေကို RAF က 'လိုအပ်သလို' ဟန့်တားမယ်

ဗြိတိသျှတော်ဝင်လေတပ်(RAF) တိုက်ခိုက်ရေးလေယာဥ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ဗြိတိန်ရဲ့ လက်ရှိစစ်ဘက်ဖြန့်ကြက်ထားရှိမှုတွေကနေ ဒေသတွင်းမှာ ''လက်လှမ်းမီတဲ့ လေကြောင်းတိုက်ခိုက်မှုမှန်သမျှကို လိုအပ်သလို ကြားဖြတ်ဟန့်တားမယ်''လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့လည်း ဒီပဋိပက္ခကို တင်းမာမှု လျော့ကျအောင် လုပ်ဖို့ တိုက်တွန်းပါတယ်။

ဗြိတိသျှ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်ကတော့ ဒေသတွင်းမှာ RAF ဝေဟင် လေယာဥ်ဆီဖြည့် လေယာဥ်တွေနဲ့ တိုက်လေယာဥ်တွေကိုလည်း ဖြန့်ကြက်သွားဖို့ ရှိမယ်လို့ သီးခြားကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

''အီရန်ကနေ အစ္စရေးကို ပစ်ခတ်လိုက်တဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုကို ကျွန်တော် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်၊ ဒေသတွင်းလုံခြုံရေးကို နောက်ထပ် လျော့ပါးအောင် လုပ်တဲ့ အကျိုးဆက်တွေပဲ ဖြစ်လာမယ်'' လို့ သူကပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပွဲပြုလုပ်ဖို့ရှိ

လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လုံခြုံရေးကောင်စီ ခန်းမ

အစ္စရေးကို အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပွဲတစ်ရပ်ကို ဧပြီလ ၁၄ ရက်၊ တနင်္ဂနွေနေ့ အမေရိကန်ဒေသစံတော်ချိန် ညနေပိုင်းမှာ ခေါ်ယူမယ်လို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌကပြောပါတယ်။

အဲဒီအစည်းအဝေးပွဲပြုလုပ်ပေးဖို့ အစ္စရေးဘက်က တောင်းဆိုတာဖြစ်ပြီး ကောင်စီဥက္ကဋ္ဌဆီကို ရေးပို့တဲ့စာမှာဆိုရင် ဒီတိုက်ခိုက်မှုတွေဟာ ‘’နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ကြီးမားတဲ့ ခြိမ်းခြောက်မှု’’ ဖြစ်လာစေတယ်လို့ ပြောထားတယ်ဆိုပြီး ကောင်စီဥက္ကဋ္ဌ ဗနက်ဆာ ဖရေဇာ က ပြောပါတယ်။

အဲဒီစာထဲမှာ အီရန်ကို နိုင်ငံတကာတာဝန်ဝတ္တရားတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားသလို ဂါဇာမှာ ဟားမတ်စ်အဖွဲ့၊ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ယီမင်မှာ ဟူသီအဖွဲ့တွေကို ထောက်ပံ့ပြီး ‘’နှစ်နဲ့ချီကြာအောင် မတည်ငြိမ်မှုတွေပြုလုပ်နေ’’ခဲ့တယ်လို့ ဆိုထားပါတယ်။

လုံခြုံရေးကောင်စီ အနေနဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ပင်မအဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ် တော်လှန်ရေးတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ကိုလည်း အဲဒီစာမှာ တောင်းဆို ထားပါတယ်။

ဖရေဇာထံ အီရန်ဘက်က သီးခြားပေးပို့တဲ့စာမှာတော့ ‘’အခုလိုလုပ်ဆောင်ခဲ့တာဟာ အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာကျူးကျော်မှုကို တုံ့ပြန်ဖို့နဲ့ ကုလသမဂ္ဂ ပဋိညာဥ်ပါ အပိုဒ် ၅၁ အရ ခုခံကာကွယ်မှုအဖြစ်’’ ပြုလုပ်ခဲ့တာလို့ ပြောထားပါတယ်။

တင်းမာမှုဟာ ဒေသကို ဘေးသင့်နယ်အဖြစ် ဦးတည်စေနိုင်ပါတယ်

ဆီဘက်စတီယန် အာရှာ (ဘီဘီစီ အာရပ်ရေးရာ အယ်ဒီတာ)

အီရန်က အစ္စရေးကို တိုက်ခိုက်မှုဟာ ကြိုတင်မျှော်လင့်ထားတာထက် ပိုပြီးကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။

အီရန်ဘက်က အမြင်အရ ဆီးရီးယားမှာရှိတဲ့ အီရန်ရဲ့ ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတာဟာ သူ့ရဲ့ အချုပ်အခြာကို ချိုးဖောက်မှုလို့ မြင်တဲ့ အီရန်က သူ့တုံ့ပြန်မှုကို ပိုတိုးလာနိုင်တယ်။

ဒါကလည်း အစ္စရေးရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။ ဒေသတွင်းမှာ အစ္စရေးနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားကို စိန်ခေါ်ဖို့ ဒေသတွင်းကိုယ်ပွားတွေကို မှီခိုနေတဲ့ အီရန်ကို သူ့ရဲ့သက်သောင့် သက်သာအနေအထားအခြေအနေကနေ ထွက်လာအောင် အစ္စရေးဘက်က ရည်ရွယ်တာလည်းဖြစ်နိုင်ပါတယ်။

အခုတော့ တင်းနစ်စကားနဲ့ ပြောရရင် အစ္စရေးဟာ ဘောလုံးသူ့လက်ထဲရောက်သူ ဖြစ်နေပါပြီ၊ ရှေ့ခြေလှမ်းမှာ သူဘာလုပ်မလဲဆိုတာ သူ ဆုံးဖြတ်ရမှာပါ။ အစ္စရေးဘက်မှာရှိထားပြီးသား ခုခံကာကွယ်ရေးလို လေကြောင်းကာကွယ်ရေးစနစ်လို ဆန်းပြားတဲ့ကာကွယ်ရေးစနစ်မရှိတဲ့ အီရန်ကို ဘယ်လို ပြန်လည် တိုက်ခိုက်မလဲဆိုတာပါ။

နောက်ထပ် တင်းမာမှုတွေကတော့ ဒေသတွင်းကို ကမ်းမြင်လမ်းမမြင်တဲ့ ဘေးသင့်နယ်ကို အမှန်အကန်ရောက်သွားစေနိုင်တယ်လို့ ဘီဘီစီအာရပ်ရေးရာ အယ်ဒီတာက သုံးသပ်ပါတယ်။

အမေရိကန်ဘက်က တင်းမာမှုကို လျော့စေလို

ဝေလ် ဗာနွန်(ဝါရှင်တန်အခြေစိုက် ဘီဘီစီ သတင်းထောက်)

အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အစ္စရေးနိုင်ငံရဲ့နယ်မြေပေါ် အီရန်ရဲ့ မကြုံစဖူး တိုက်ခိုက်မှုဖြစ်ပါတယ်။

အမေရိကန်ဘက်က ပြန်လည်တုံ့ပြန်တဲ့အခြေအနေဟာ အီရန်ရဲ့တိုက်ခိုက်မှု အတိုင်းအဆ၊ အသုံးပြုခဲ့တဲ့လက်နက်တွေနဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအဆပေါ် မူတည်ပါလိမ့်မယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုတို့ဟာ ပြီးခဲ့တဲ့ နာရီပိုင်းတုန်းကပဲ ပြုလုပ်သွားတဲ့ ဖုန်းခေါ်ဆို ဆွေးနွေးမှုမှာ သူတို့ရဲ့ လုပ်နိုင်ခြေရှိတဲ့တုံ့ပြန်မှုကိုလည်း ဆွေးနွေးထားနိုင်ခြေရှိပါတယ်

အမေရိကန်ပြည်ထောင်စုဟာ အခြေအနေကို တတ်နိုင်သမျှ တင်းမာမှု လျော့ကျသွားစေလိုပါလိမ့်မယ်၊ ပြီးတော့ အစ္စရေးနဲ့အတူတုံ့ပြန်မှုကို ပြုလုပ်တဲ့အခါ ဦးဆောင်တာမျိုးလည်းဖြစ်လာနိုင်ခြေရှိပါတယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ဆက်လုပ်မယ့်ကိစ္စမှန်သမျှကို သတိကြီးကြီးလုပ်ဆောင်ပါလိမ့်မယ်။ လုပ်ဆောင်မယ့်လက်တုံ့ပြန်မှု မှန်သမျှဟာလည်း အချိုးကျကျဖြစ်နိုင်ပါတယ်

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေအတွက်တော့ ဒေသတွင်း ပိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့ တင်းမာမှုမြင့်ပဋိပက္ခ အိပ်မက်ဆိုးထဲ ဆွဲခေါ်ခံရတဲ့ အခြေအနေမျိုးပါ။

ဒီသတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာဖြည့်စွက်တင်ဆက်ပေးသွားမှာဖြစ်လို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။