အစ္စရေးကို အီရန် တိုက်မှာကို စိုးရိမ်နေချိန် နေတန်ညာဟုနဲ့ ထိပ်တန်း အရာရှိတွေ တွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ဘက်က တိုက်ခိုက်မှုကို ကာကွယ်ဖို့ အစ္စရေး ဝန်ကြီးချုပ်နဲ့ ထိပ်တန်း အရာရှိတွေ တွေ့ဖို့ ရှိကြောင်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
အရင်နှစ်ပတ်က လေကြောင်းတိုက်ခိုက်မှုမှာ အီရန် တပ်မှူးကြီးနှစ်ယောက် သေဆုံးခဲ့တာကို အီရန်ဘက်က လက်တုံ့ပြန်မှာကို စိုးရိမ်ပြီး တင်းမာမှုတွေ မြင့်တက်နေပါတယ်။
ဒီနှစ်နိုင်ငံလုံးကို မသွားကြဖို့လည်း နိုင်ငံအတော်များများက သူတို့နိုင်ငံသားတွေကို သတိပေးနေကြပါပြီ။
အစ္စရေးကို တိုက်ခိုက်မှုကြီး ချက်ချင်း ဖြစ်လာနိုင်တယ် ဆိုပြီး အမေရိကန် အာဏာပိုင်တွေက စီဘီအက်စ် သတင်းကို ပြောပါတယ်။
ကာကွယ်ရေး ဝန်ကြီး ဂါးလန့် နဲ့ အတိုက်အခံ ခေါင်းဆောင် ဘန်နီ ဂန့်ဇ် အပါအဝင် စစ်အတွင်း အစိုးရ အဖွဲ့ဝင်တွေနဲ့လည်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုတို့ တွေ့ဖို့ ရှိပါတယ်။
ဒရုန်းတရာကျော်၊ ဒါဇင်နဲ့ချီတဲ့ ခရုဇ် ဒုံးကျည်တွေအပြင် ပဲ့ထိန်း ဒုံးကျည်တွေကိုပါ အီရန်ဘက်က သုံးလာနိုင်တယ်လို့ အမေရိကန်ဘက်က စီဘီအက်စ် ရုပ်သံကို ပြောပါတယ်။
အစ္စရေးက စစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထားနိုင်ပြီး ဒါကို ကာကွယ်ဖို့ အစ္စရေးမှာ စိန်ခေါ်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
အီရန်က ဒါကို နောက်ဆုတ်ဖို့ ဆုံးဖြတ်နိုင်သေးတယ်လို့လည်း အမေရိကန် နိုင်ငံတော် လုံခြုံရေး ကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန် တိုက်ခိုက်လာရင် အစ္စရေးကို အခိုင်အမာ ကူညီဖို့လည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကတိပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒီလို တင်းမာမှုတွေ မြင့်တက်နေလို့ အစ္စရေးကို မသွားဖို့ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနဲ့ သြစတြေးလျ နိုင်ငံတွေက သတိပေးထားကြပါတယ်။
အစ္စရေးက အမေရိကန် သံရုံးဝန်ထမ်းတွေနဲ့ မိသားစုတွေကိုလည်း တဲလ်အဗိ၊ ဂျေရုဆလမ်နဲ့ ဘာရှီဘာ မြို့တွေအပြင်ကို မသွားကြဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနက တားမြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန် တိုက်ခိုက်မှု ဖြစ်လာမှာကို ပူပန်မှုတွေလည်း အစ္စရေးမှာ တိုးပွားနေပါတယ်။ လူတွေကို သုံးရက်စာ အစာရေစာ နဲ့ လိုအပ်တဲ့ ဆေးဝါးတွေ စုထားကြဖို့ကလွဲပြီး အစ္စရေး အစိုးရက ဘာအကြံပေးချက်မှ မထုတ်ပြန်သေးပါဘူး။
တိုက်ခိုက်မှု ဖြစ်လာနိုင်တာကို ပြင်ဆင်ထားကြဖို့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း အစ္စရေး ရေဒီယိုက သတင်း ဖော်ပြပါတယ်။ဒီထဲမှာ အများပြည်သူ ခိုလှုံရာ နေရာတွေကို အသင့်ဖြစ်နေအောင် စစ်ဆေးဖို့လည်း ပါပါတယ်။
အရင်ပတ်က စပြီး အီရန်ဘက်က တုံ့ပြန်မှု ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ စတွေ့လာချိန်မှာ အစ္စရေး စစ်တပ်က တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို အိမ်ပြန်ခွင့်မပေးဘဲ လေကြောင်းကာကွယ်ရေးကို အားဖြည့်ခဲ့ပါတယ်။ အရံတပ်သားတွေကိုလည်း ဆင့်ခေါ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆီးရီးယား မြို့တော် ဒမတ်စကပ်က အီရန် ကောင်စစ်ဝန်ရုံးမှာ ဧပြီလ ၁ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
ဒီထဲမှာ အီရန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ပါဝင်ပြီး ဆီးရီးယားနဲ့ လက်ဘနွန်မှာ လှုပ်ရှားနေတဲ့ အီရန်ထိပ်တန်း တပ်ဖွဲ့ ကပ်ဒ််စရဲ့ တပ်မှူးကြီး ဗိုလ်မှူးချုပ် မိုဟာမက် ရီဇာ ဇဟာဒီလည်း ပါပါတယ်။
အစ္စရေးက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးပေမဲ့ သူ့လက်ချက်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြပါတယ်။
ဒေသတွင်း စစ်ပွဲကြီး ဖြစ်လာမှာ စိုးလို့ အစ္စရေးကို အီရန် မတိုက်အောင် နိုင်ငံတော်တော်များများ ကြိုးစားနေကြပါတယ်။
တရုတ်၊ဆော်ဒီအာရေဗျ၊ တူရကီ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ဆွေးနွေးပြီး အီရန်ကို နားချနိုင်အောင် ကြိုးပမ်းဖို့ ပြောဆိုခဲ့ပါတယ်။
မစ္စတာ နေတန်ညာဟုကတော့ နိုင်ငံလုံခြုံရေးအတွက် လိုအပ်ချက်အားလုံး ပြည့်စုံအောင် သူ့အစိုးရက ပြင်ထားကြောင်း ပြောပါတယ်။
အီရန် ခြိမ်းခြောက်မှုကြောင့် နှစ်နိုင်ငံ ပူးပေါင်းမှု ခိုင်မြဲလာကြောင်းလည်း အရှေ့အလယ်ပိုင်းနဲ့ ဗဟို အာရှ ဆိုင်ရာ အမေရိကန် ဗဟို စစ်ဌာနချုပ် တပ်မှူးနဲ့ တွေ့ဆုံပြီးနောက် အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဂါးလန့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဂါဇာ ကမ်းမြောင်နားက အစ္စရေးတွေကို ဟားမတ်စ် ဝင်တိုက်လို့ လူ ၁၂ဝဝ လောက် သေဆုံးခဲ့ရာကနေ လက်ရှိ စစ်ပွဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီသေသူ အများစုက အရပ်သားတွေပါ။ နောက် ဓားစာခံ ၂၅ဝ ကို အစ္စရေးက ဖမ်းခေါ်သွားပြီး ခုထိ ၁၃၀ ကို ဂါဇာမှာ ဖမ်းထားဆဲလို့ အစ္စရေးက ပြောပါတယ်။ ဒီထဲက ၃၄ ယောက် အနည်းဆုံး သေဆုံးခဲ့ပါတယ်။
ဂါဇာကို အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်ရာမှာတော့ ၃၃၆ဝဝ ကျော် သေဆုံးပြီး အများစုက အရပ်သားတွေ ဖြစ်ကြကြောင်း ဟားမတ်စ် ကျန်းမာရေး ဌာနက ပြောပါတယ်။
အစ္စရေး မြောက်ဘက် နယ်စပ်ကို ကျော်ပြီး လက်ဘနွန်ထဲက အီရန် ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ ပစ်ခတ်မှုတွေကလည်း နေ့စဉ် ရှိပါတယ်။ အီရတ်နဲ့ ယီမင်က အီရန် ထောက်ခံတဲ့ အုပ်စုတွေကလည်း အစ္စရေး နယ်မြေနဲ့ အီရတ်နဲ့ ဆီးရီးယားက အမေရိကန် စစ်စခန်းတွေကိုလည်း ပစ်ခတ်ဖို့ ကြိုးစားခဲ့ပါတယ်။
ယီမင်က ဟူသီတွေကလည်း ပင်လယ်နီက သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး တစင်းကို မြှုပ်ပစ်ခဲ့ပါတယ်။ ဒီအတွက် အမေရိကန်နဲ့ ဗြိတိန်က ဒုံးကျည်တွေ ပစ်လွှတ်ပြီး ဒီအုပ်စုကို တိုက်ခိုက်ခဲ့ပါတယ်။








