‘ဘယ်သူက ကျွန်တော့်ကို ဖေဖေလို့ ခေါ်တော့မှာလဲ’ ဆွေမျိုး ၁၀၃ ယောက်ဆုံးရှုံး လိုက်ရတဲ့ ဂါဇာက ဖခင်ရဲ့ မျက်ရည်တွေ

လူစီ ဝီလျံဆန်
ဘီဘီစီ သတင်းထောက်၊ ဂျယ်ရီကို
သူ့မိသားစု တစုလုံး ပျက်ပြုန်းသွားစေတဲ့ ဗုံးဒဏ်ကနေ အာမက်အယ်ဂုဖာရီ တယောက် လွတ်ခဲ့ပါတယ်။
ဂါဇာမြို့က သူ့မိသားစုအိမ် လေကြောင်းတိုက်ခိုက်မှုခံရပြီး မိသားစုဝင် ၁၀၃ ယောက် သေဆုံးလိုက်ရတဲ့အချိန်မှာ အဲဒီနဲ့ မိုင် ၅၀ လောက်ဝေးတဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက ဂျယ်ရီကိုမှာ သူပိတ်မိနေခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့ အစ္စရေးကို တိုက်ခိုက်ချိန်မှာ အာမက်က တဲလ် အဗစ် ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ နောက်ပိုင်းမှာ စစ်ဖြစ်လာတာရယ်၊ အစ္စရေး စစ်တပ်က ပိတ်ဆို့ထားတာတွေ ရယ်ကြောင့် သူ့ဇနီးနဲ့ သူ့သမီး ၃ ယောက်ရှိရာဆီကို သူ မပြန်နိုင်ခဲ့ပါဘူး။
လိုင်းကောင်းတယ်ဆိုရင် သူက နေ့စဉ် နေ့တိုင်း အချိန်မှန်မှန် သူ့မိသားစုကို ဖုန်းခေါ် စကားပြောခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း သူ့ ဇနီး ရှီရင်းနဲ့ သူ စကားပြောနေတဲ့အချိန်မှာ အဲဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
“သူ သေတော့မယ်ဆိုတာကို သူ ကိုယ်တိုင်ကြိုသိခဲ့တယ်” လို့ အာမက်က သူ့ဇနီး အဖြစ်ကို ပြောပါတယ်။ “ကျွန်တော့်အပေါ် အဆိုးတွေ လုပ်ခဲ့မိတယ်ဆိုရင် အဲဒါတွေကို ခွင့်လွှတ်ပေးဖို့ သူ ကျွန်တော့်ကို ပြောတယ်။ အဲဒါတွေ ပြောဖို့ မလို ပါဘူးလို့ ကျွန်တော်က သူ့ကို ပြန်ပြောတယ်။ ကျွန်တော်တို့ နှစ်ယောက်အကြား အဲဒါက နောက်ဆုံး ဆက်သွယ်မှုပါပဲ။”
အဲဒီညနေမှာ သူ့ ဦးလေးအိမ်ကို ဗုံးအကြီးစား တစ်လုံးထိမှန်ခဲ့ပြီး သူ့ဇနီးရယ်၊ သူ့ရဲ့ သမီးလေးတွေဖြစ်တဲ့ တာလာ၊ လာနာ နဲ့ နဂျီလာတို့ အားလုံး သေဆုံးခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အာမက်ရဲ့ အမေ၊ ညီအကို ၄ ယောက်နဲ့ သူတို့ရဲ့ မိသားစုတွေ၊ သူ့ အဒေါ်တွေ၊ သူ့ ဦးလေးတွေ၊ သူ့ ဝမ်းကွဲဆွေမျိုးတွေ သေဆုံးခဲ့ပါတယ်။ စုစုပေါင်း မိသားစုဝင် ၁၀၀ ကျော် သေဆုံးခဲ့ရတာပါ။ အခု ၂ လ ကျော်လာတဲ့အချိန်မှာပင် သူတို့ထဲက တချို့အလောင်းတွေက အပျက်အစီး အုတ်ပုံတွေအောက်မှာ နစ်မြုတ် နေဆဲပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သူ့အငယ်ဆုံးသမီးရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲ တခုကို အာမက်လုပ်ခဲ့ပါတယ်။ နဂျီလာအသက်ရှိသေးရင် သူ ၂ နှစ်ပြည့်မှာပါ။ အာမက် တယောက် သူ့ရဲ့ ဆုံးရှုံးမှုကို ဖြေဆည်နိုင်ဖို့ ကြိုးစားနေရဆဲပါ။
သူ့ကလေးတွေရဲ့ အလောင်းကို မထွေးပွေ့နိုင်ခဲ့သလို အလျင်စလို မြှုပ်နှံသင်္ဂြိုဟ် ရတဲ့ ဆီကိုလည်း သူ မရောက်နိုင်ခဲ့ပါဘူး။ သူ့မိသားစု အကြောင်းကို ပြောရင် သူက အခုလက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်နေသလိုပြောပြတာပါ၊ မျက်ရည်တွေ အပြည့်နဲ့ သူ့မျက်နှာ က လှုပ်ရှားမှု ကင်းမဲ့နေပါတယ်။
“ကျွန်တော့်သမီးတွေက ကျွန်တော့်အဖို့ ငှက်ငယ်လေးတွေလိုပါပဲ” လို့ သူက ပြော ပါတယ်။ “အိပ်မက်ထဲမှာ ရှိနေသလိုပဲ၊ ဒီအဖြစ်ကို အခုထိ ကျွန်တော် မယုံနိုင် သေးဘူး။”

တွေ့တိုင်း ပူဆွေးမိမှာမို့ သူ့သမီးတွေရဲ့ ပုံတွေကို သူ့ဖုန်းနဲ့ လက်ပ်တော့ ဖန်သား မျက်နှာပြင်တွေကနေ သူ ဖြုတ်ပစ်ထားလိုက်ပါတယ်။
ရှားရှားပါးပါး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူ့ဆွေမျိုးနဲ့ သူ့အိမ်နီးနားချင်းတွေက ပြောပြ တာတွေကို တစစီ လိုက်ဆက်ပြီး ဖြစ်ခဲ့တာကို သူ ပုံဖော်ကြည့်ပါတယ်။
မစ်ဇိုင်းတလုံးက သူ့မိသားစုရဲ့ အိမ်အဝင်ပေါက်ကို စထိခဲ့တာလို့ သူတို့က သူ့ကို ပြောပြကြပါတယ်။
“သူတို့အားလုံး အနားက ကျွန်တော့် ဦးလေးအိမ်ကို အမြန်ပြေးသွားကြတယ်” လို့ သူက ပြောပါတယ်။ “နောက် ၁၅ မိနစ်အကြာမှာတော့ ဂျက်တိုက်လေယာဉ် တစီးက အဲဒီအိမ်ကို ဗုံးကြဲလိုက်တာ။”
သူ့မိသားစု အသတ်ခံလိုက်ရတဲ့ လေးထပ်တိုက်က ဂါဇာမြို့၊ ဇိုင်တွန်အရပ်က ရှာဟာဘာ ဆေးရုံနားမှာရှိတာပါ။
အခုတော့ အဲဒီတိုက်ဟာ အုတ်ကျိုးပုံဖြစ်နေပြီး၊ အဲဒီထဲမှာ ညပ်ပြီး တောက်ပတဲ့ အစက်လေးတွေပေါ်နေတာကတော့ အစိမ်းရောင် ပလပ်စတစ်ခွက်တလုံးနဲ့ စုတ်ပြဲပြီး ဖုန်တွေ လူးနေတဲ့ အဝတ်စပါ၊

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကွန်ကရစ်တုံးတွေရဲ့အောက်မှာ ငွေရောင်ကားတစီးရဲ့ ကိုယ်ထည်က ကျိုးကြေ နေသလို ကားရဲ့ရှေ့ လေကာမှန်ကလည်း လိမ်ကောက် ကြေမွနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်တဲ့အချိန်မှာ တောင်ပေါ် တက်ပြေးတဲ့သူတွေပဲ အသက်ရှင်ကျန်ရစ်ပြီး အဲဒီအိမ်ထဲကို ခိုလှုံဖို့ပြေးသွားခဲ့တဲ့သူအားလုံး သေခဲ့ကြရ တယ်လို့ အာမက်ရဲ့ အမျိုးတွေထဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေထဲက တယောက် ဖြစ်တဲ့ ဟာမစ် အယ်ဂုဖာရီက ပြောပါတယ်။
“မီး ပတ်လည်ဝိုင်းသလိုပဲ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ အိမ်နဲ့ နောက် အိမ် ၄ လုံးကို ပစ်မှတ်ထားတိုက်ခိုက်ကြတာ။ တလုံးစီကို အချိန် ၁၀ မိနစ်စီခြားပြီး တိုက်ခိုက်ကြတာ။”
“ဂုဖာရီ မိသားစုဝင် အယောက် ၁၁၀ လောက် အဲဒီအိမ်မှာရှိနေတာ၊ ကျွန်တာ်တို့ ကလေးတွေ၊ အမျိုးတွေအားလုံးပဲ” လို့ သူက ပြောပါတယ်။ “လူ နည်းနည်းလေးပဲ အသက်မသေဘဲ ကျန်ရစ်တာ။”
အသက်အကြီးဆုံး သေဆုံးသူက အသက် ၉၈ နှစ်အရွယ် အဖွားဖြစ်ပြီး အငယ်ဆုံးက ၉ ရက်သားအရွယ် ကလေး ယောက်ျားလေးလို့ ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။
အာမက်လို့ပဲ အမည်ရတဲ့ အာမက်ရဲ့ ဆွေမျိုးနောက်တယောက်က လေကြောင်း တိုက်ခိုက်မှုတခုကနေ ကြီးမားတဲ့ ပေါက်ကွဲမှု ၂ ခုကို ဖြစ်စေခဲ့တယ်လို့ ပြောပြ ပါတယ်။
“ဘာမှ တင်ကြိုသတိပေးတာတွေ မရှိခဲ့ဘူး” လို့ သူကဆိုပါတယ်။ “တကယ်လို့သာ လူတွေက ဒီနေရာကနေ ဟိုးအရင်ကတည်းက စွန့်ခွာမသွားခဲ့ကြဘူးဆိုရင် ကျွန်တော့် အထင် လူတွေ ရာပေါင်းများစွာ သေကြမယ်။ ဒီဧရိယာရဲ့ မြင်ကွင်းက လုံးဝ ခြားနား သွားပါပြီ။ ဒီမှာ ကားထားတဲ့နေရာ ဝင်းတခု၊ ရေသိုလှောင်တဲ့နေရာတခု၊ အိမ် ၃ လုံးနဲ့ အိမ်ကြီး တလုံး ရှိတယ်။ ပေါက်ကွဲမှုက ဒီ လူနေအိမ်ခြေ ဧရိယာ တခုလုံးကို ဖြိုချ ဖျက်ဆီးပစ်လိုက်တာ။”
အပျက်အစီးပုံတွေအောက်ကနေ အလောင်းတွေကို ပြန်ထုတ်နိုင်ဖို့ ကျန်ရစ်တဲ့ သူတွေက မနက်လင်းပိုင်းအထိ လုပ်ခဲ့ကြတယ်လို့ ဟာမစ်က ပြောပါတယ်။
“လေယာဉ်တွေက ကောင်းကင်မှာ ပျံဝဲပြီး ကြည့်နေကြတယ်၊ ကျွန်တော်တို့ အလောင်းတွေကို ဆွဲထုတ်ဖို့လုပ်ကြတော့ ရဟတ်ယာဉ်တွေကနေ သေနတ်နဲ့ ပစ်တယ်” လို့ (ဆွေမျိုး) အာမက်က ပြောပါတယ်။
“ကျွန်တော်တို့ အိမ်ထဲမှာ ထိုင်နေကြတာပါ၊ နောက်တော့ ကျွန်တော်တို့ အားလုံး အုတ်ပုံတွေအောက်မှာ ရောက်ကုန်ကြတယ်” လို့ အူမန် အာမက် အယ်ဂုဖာရီက ဘီဘီစီကို ပြောပါတယ်။ “အိမ်ထဲမှာ အခန်းနံရံတဖက်ကနေ နောက်တဖက်ကို လွင့်ထွက်သွားတာ၊ သူတို့ ကျွန်တော့်ကို ဘယ်လို ဆွဲထုတ်ခဲ့ကြလဲ မသိဘူး။ ကျွန်တော်တို့ မျက်စိရှေ့မှာ သေဆုံးနေတာတွေကို တွေ့ခဲ့ရတာပါ။”
၂လခွဲလောက်ကြာလာပြီဖြစ်ပေမဲ့ အုတ်ပုံတွေအောက်မှာ မြုပ်နေတဲ့ တချို့အလောင်း တွေကို သူတို့ ပြန်ယူနိုင်ဖို့ ကြိုးစားနေရဆဲပါ။ အပျက်အစီးတွေကို ဖယ်ထုတ်ဖို့ မြေကော်စက်လေးတခု ငှားနိုင်ရေးအတွက် မိသားစုက ငွေစုထည့်ကြပါတယ်။
“ကျွန်တော်တို့ (ဒီနေ့) အလောင်း ၄ လောင်း ထုတ်ယူနိုင်တယ်” လို့ အာမက်က ဘီဘီစီကို ပြောပါတယ်။ “အဲဒီထဲမှာ ကျွန်တော့် အကိုရဲ့ မိန်းမနဲ့ ကျွန်တော့်တူ မိုဟာမက်အလောင်းပါတယ်။ မိုဟာမက် အလောင်းက တစစီ ဖြစ်နေတာ။ သူတို့တွေ အုတ်ပုံအောက်မှာ ရှိနေတာ ၇၅ ရက်တောင်ရှိပြီ။”
သူတို့ရဲ့ ယာယီသင်္ချိုင်းက ဘေးနားက မြေကွက်ငယ်လေးမှာဖြစ်ပြီး မြေပုံတွေကို တိုင်လေးတွေစိုက်ထားကာ ပလတ်စတစ်စလေးတွေနဲ့ ချည်ပြီးအမှတ်အသားပြု ထားပါ တယ်။
ဂျယ်ရီကိုမှာ သောင်တင်နေတဲ့ အာမက်က ဒီမြေပုံတွေဆီကို မသွားနိုင်သေးပါဘူး။
“ကျွန်တော့်အမေ၊ ကျွန်တော့်ဇနီး၊ ကျွန်တော့် ကလေးတွေနဲ့ ကျွန်တော့် ညီအကိုတွေ ဆုံးရှုံးသွားရအောင် ကျွန်တော်က ဘာတွေများလုပ်ခဲ့လို့လဲ” လို့ သူက အမေးထုတ် ပါတယ်။ “သူတို့အားလုံးဟာ အရပ်သားတွေ။”
လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ထားတာကိုခံခဲ့ရတယ်ဆိုတဲ့ မိသားစုရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အစ္စရေး စစ်တပ်ကို ဘီဘီစီက မေးခဲ့ပါတယ်။ အဲဒီ မေးခွန်းထဲမှာ ပါဝင်တဲ့ တိုက်ခိုက်မှုကို သူတို့မသိတဲ့အကြောင်း အစ္စရေး စစ်တပ်က တုံ့ပြန်ပြီး အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ အနေနဲ့ ဟားမတ်စ်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ “အရပ်သားထိခိုက်မှု နည်းပါးအောင် ဖြစ်နိုင်တဲ့ သတိထားမှုတွေကို လုပ်ဆောင် ပါတယ်” လို့ ပြန်ဖြေပါတယ်။
အာမက် မိသားစု သေဆုံးခဲ့ရတဲ့အဖြစ်အပျက် မတိုင်မီ ရက်ပိုင်းနဲ့ ဖြစ်ပြီး ရက်ပိုင်း တွေမှာ အယ်ဂုဖာရီ မိသားစုအိမ်ရဲ့ တောင်ဘက် ရပ်ကွက် အနည်းငယ် အကွာက ရှီဂျေရာဧရိယာဘက်မှာ အစ္စရေး စစ်တပ်နဲ့ ဟားမက်စ် လက်နက်ကိုင် တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အစ္စရေး စစ်တပ်က နေ့စဉ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေထဲ ဒီဇင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ “တင့်ကားဖျက် လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတစုဟာ” ရှီဂျေရာဘက်မှာ သူတို့ အစ္စရေးတပ်ဖွဲ့တွေ ရှိရာ ဘက်ကို ချဉ်းကပ်လာတာတယ်၊ အဲဒီအတွက် ရဟတ်ယာဉ်ကနေ ပစ်ဖို့ အကူအညီ တောင်းခဲ့တယ်လို့ ဆိုထားပါတယ်။

ဂါဇာကမ်းမြှောင်အတွင်း သူတို့တပ်တွေ မြေပြင် စစ်ဆင်ရေး ဆက်လုပ်နေစဉ်မှာ အကြမ်းဖက် ပစ်မှတ်တွေကို ဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။
တချိန်က အာမက် မိသားစုအိမ် ရှိခဲ့တဲ့ ဇိုင်တွန် ဧရိယာမှာ အခုတော့ အစ္စရေး စစ်တပ်က စစ်ဆင်ရေး အသစ်တွေ လုပ်ဆောင်နေပါပြီ။
ဂျယ်ရီကိုမှာ ပိတ်မိနေတဲ့ အာမက်နဲ့ သူ့အဖေ (သူ့အဖေကလည်း အနောက်ဘက် ကမ်း မှာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတယောက်ပါ) တို့ဟာ ဂါဇာက ရှင်ကျန်ရစ်တဲ့ ဆွေမျိုးတွေဆီကို တခါတလေမှာ ဖုန်းဆက်ကြပါတယ်။ သူတို့ဟာ သူတို့ချစ်ခင်ရသူတွေရှိတဲ့ ကိုယ့်အိမ်ကို ပြန်နိုင်ဖို့ အချိန်များစွာကို ပင်ပန်းစွာ စောင့်ခဲ့ ရပြီးတဲ့နောက် ဒီအဖြစ်ဆိုးကို ကြုံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူတို့ အဲဒီကိုပြန်ဖို့ ဘယ်လိုမှ မသေချာတော့ပါဘူး။
“ကျွန်တော့်အိပ်မက်က ဂါဇာမှာ ကြေမွပျက်စီးသွားပြီ” လို့ အာမက်ကပြောပါတယ်။ “ဘယ်သူ့အတွက် ကျွန်တော်ပြန်မှာလဲ၊ ဘယ်သူက ကျွန်တော့်ကို ဖေဖေလို့ ခေါ်တော့ မှာလဲ၊ ဘယ်သူက ကျွန်တော့်ကို ချစ်ရတဲ့ ယောက်ျားရေလို့ ခေါ်မှာလဲ၊ ကျွန်တော့် ဇနီးက သူ့ဘဝမှာ ကျွန်တော်က အရာရာပဲလို့ ပြောပြောနေတာ၊ အခု ဘယ်သူက ပြောတော့မှာလဲ။”









