ဂါဇာမှာ အရေးပေါ် ဖုန်းခေါ်ဆို အကူအညီတောင်းခဲ့တဲ့ ပါလက်စတိုင်းကလေးငယ်သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Family/Reuters
- ရေးသားသူ, လူစီ ဝီလျံဆင်
- ရာထူးတာဝန်, ဘီဘီစီ၊ ဂျေရုဆလင်
ဂါဇာမြို့မှာ ပြီးခဲ့တဲ့လတုန်းက ပျောက်ဆုံးနေခဲ့တဲ့ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ် ဟင်း ရာဂျက် ကို သူ့ဆွေမျိုးတွေ၊ သူ့ကိုကယ်ဖို့ သွားတဲ့ ဆေးဝန်ထမ်း ၂ ဦးတို့နဲ့အတူ သေဆုံးလျက်တွေ့ခဲ့ရပါတယ်။ အစ္စရေး တင့်ကားတွေကနေ ပစ်ခတ်မှုပြုလုပ်ချိန် တိုက်ပွဲကြားရောက်ခဲ့တဲ့အခြေအနေနဲ့ သေဆုံးခဲ့ပုံပေါ် ပါတယ်။
ဟင်း ရာဂျက်ဟာ ဦးလေး၊ အဒေါ်၊ ဝမ်းကွဲမောင်နှမ ၃ ဦးတို့နဲ့အတူ ဂါဇာမြို့ကနေ ကားတစ်စီးနဲ့ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
ဟင်းဟာ ကားထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့အသက်ရှင် ကျန်ရစ်သူ ဖြစ်ပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေ မတွေ့အောင် အမျိုးဖြစ်သူတွေရဲ့ အလောင်းတွေ ကြားမှာ ပုန်းအောင်းနေခဲ့တာလို့ ဟင်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးဖုန်းလိုင်းဖြေဆိုသူတို့ကြားက ဖုန်းခေါ်ဆိုမှု မှတ်တမ်းအရ နားလည်ရပါတယ်။
သူ့ကို လာကယ်ဖို့ အကူအညီတောင်းခံတဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုဟာ ပစ်ခတ်သံတွေကြားမှာပဲ ပြတ်တောက် သွားခဲ့တာဖြစ်ပါတယ်။
ပါလက်စတိုင်းလခြမ်းနီအဖွဲ့ (PRCS)က ဆေးအဖွဲ့တွေဟာ အဲဒီနေရာကို စနေနေ့တုန်းကမှ ချဥ်းကပ် နိုင်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ အဲဒီနေရာဟာ တိုက်ပွဲဇုန် ဖြစ်နေတာကြောင့် မဝင်ရ တားမြစ်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။
ဟင်း တစ်ယောက် စီးနင်းလိုက်ပါလာတဲ့ အနက်ရောင် ကီယာ ကားကို သူတို့တွေ့ခဲ့ကြပါတယ်။ လေကာမှန်နဲ့ ကားခေါင်းခန်းဟာ တစ်စစီဖြစ်နေပြီး ကျည်ပေါက်တွေနဲ့လည်း ပြည့်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကားထဲမှာတွေ့ခဲ့ရတဲ့ အလောင်း ၆ လောင်းထဲမှာ ဟင်း လည်း ပါဝင်ပြီး သေနတ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်ခံရတဲ့ လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ ဆေးဘက်အကူ တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီကားနဲ့ မီတာအနည်းငယ် အကွာမှာတော့ မီးလုံးလုံးလောင်ကျွမ်းသွားပြီး စက်က အပြင်ကို ပြုတ်ထွက်နေတဲ့ တခြားယာဥ်တစ်စီးရဲ့ အကြွင်းအကျန်တွေရှိနေပါတယ်။ လခြမ်းနီအဖွဲ့ကတော့ အဲဒီကားဟာ ဟင်းကို ကယ်ဖို့ စေလွှတ်လိုက်တဲ့ကားဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကားမှာပါသွားတဲ့ ယူဆက်ဖ် အယ်လ် ဇီနိုနဲ့ အာမက် အယ်လ် မက်ဟွန်တို့ဟာလည်း လူနာတင်ယာဥ် အစ္စရေးတပ်ဖွဲ့ရဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တယ်လို့ လခြမ်းနီအဖွဲ့က ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လူနာတင်ယာဥ်ကို ပစ်မှတ်ထားခဲ့တာလို့ PRCS က စွပ်စွဲ ပြောဆို ကြေညာချက် ထုတ်ပြန်ပါတယ်။
ဟင်းဆီကို ဆေးအကူဝန်ထမ်းတွေရောက်အောင် သွားနိုင်ဖို့ အစ္စရေးစစ်တပ်နဲ့ နာရီနဲ့ချီကြာမြင့်အောင် ညှိနှိုင်းခဲ့ရတယ်လို့လည်း PRCS က ဘီဘီစီကို ပြောပါတယ်။
“သမီးကို လာခေါ်ပေးပါ”

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖုန်းလိုင်းအခြားတစ်ဖက်မှာရှိတဲ့ အသံက ခပ်သေးသေးနဲ့ တိုးတိုးလေးပါ။ မိုဘိုင်း ဖုန်းထဲက ထွက်လာနေတဲ့ အသံပိုင်ရှင်က ဂါဇာက ခြောက်နှစ်အရွယ်ကလေးငယ်ပါ။
“တင့်ကားက ဘေးနားမှာရှိနေတယ်။ ရွေ့နေပါတယ်”
ပါလက်စတိုင်းလခြမ်းနီအဖွဲ့ရဲ့ အရေးပေါ်ခေါ်ဆိုမှုစင်တာမှာ ထိုင်နေတဲ့ ရာနာကတော့ သူ့ရဲ့ အသံကို တည်ငြိမ်အောင်ကြိုးစားပြောနေပါတယ်။
“အရမ်းနီးလား”
"အရမ်းနီးတယ်၊ အရမ်းနီးပါတယ်" လို့ အသံငယ်လေးက ပြန်ဖြေပါတယ်။ "သမီးကိုလာခေါ်မှာလား။ သမီး အရမ်းကြောက်တယ်။"
ဖုန်းထဲက ကလေးငယ်ရဲ့ ကြောက်စိတ်ကိုသက်သာဖို့ စကားစမြည်ပြောပေးနေရုံကလွဲလို့ ရာနာတစ်ယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ခြောက်နှစ် သမီးလေး ဟင်းရာဂျက်ဟာ ဂါဇာမြို့က ပစ်ခတ်မှုတွေကြားမှာ ပိတ်မိနေခဲ့သူပါ။ သူက သူ့ဦးလေးရဲ့ ကားထဲမှာပုန်းနေပြီး အကူအညီလှမ်းတောင်းနေခဲ့ပါတယ်။ ပတ်ပတ်လည်မှာတော့ သူ့ဆွေမျိုးတွေရဲ့ ရုပ်အလောင်းတွေ ရှိနေပါတယ်။
တစ်ဖက် ဖုန်းထဲက ပြန်ဖြေပေးနေတဲ့ ရာနာရဲ့ အသံကပဲ ကလေးငယ် ဟင်းရာဂျက် အတွက် သူသိတဲ့ ကမ္ဘာနဲ့ ဆက်သွယ်ရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ခဲ့ပါတယ်။
ဟင်းရာဂျက် ဟာ အဲဒီနေ့ အစောပိုင်းက သူ့ရဲ့ ဦးလေး၊ အဒေါ်၊ ဝမ်းကွဲငါးယောက်နဲ့အတူ ဂါဇာမြို့ သူတို့ရဲ့ နေအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။
အဲဒီနေ့က ဇန်နဝါရီ ၂၉ ရက်၊ တနင်္လာနေ့ဖြစ်ပါတယ်။ အဲဒီနေ့မနက်က အစ္စရေးစစ်တပ်က ဂါဇာမြို့အနောက်ဘက်ခြမ်းက ဒေသခံတွေကို ရွှေ့ပြောင်းဖို့နဲ့ ကမ်းရိုးတန်းလမ်းတလျှောက် တောင်ဘက်ကို ထွက်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။
ဟင်း ရဲ့ မိခင် ဝစ်ဆမ်က သူတို့ရဲ့ နယ်မြေမှာ ပြင်းထန်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တာကို အမှတ်ရပါတယ်။
“ကျွန်မတို့ ကြောက်လန့်ပြီး ထွက်ပြေးချင်ကြတယ်” လို့ ဝစ်ဆမ်က ပြောပါတယ်။ “လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ တစ်နေရာကနေ တစ်နေရာကို ထွက်ပြေးခဲ့ကြတယ်။”
ပိုပြီးလုံခြုံမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့ မိသားစုက မြို့အရှေ့ဘက်က အာဟလီ ဆေးရုံမှာ သွား ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝစ်ဆမ်နဲ့ သူ့ရဲ့ ကလေးအကြီးကတော့ ဆေးရုံနေရာကို ခြေလျင်လျှောက်သွားခဲ့ကြပါတယ်။ ဟင်းကိုတော့ သူ့ ဦးလေးက သူတို့ရဲ့ အနက်ရောင် Kia Piccanto အမျိုးအစားကားပေါ်မှာတက်နေခိုင်းလိုက်ပါတယ်။
“အရမ်းအေးပြီး မိုးရွာနေတယ်” လို့ ဝစ်ဆမ်က ရှင်းပြပါတယ်။ ''ကျွန်မက ဟင်းကို ကားထဲကိုသွားနေခိုင်းလိုက်တယ်။ မိုးရေထဲမှာသူ့ကိုမနေစေချင်လို့လေ''
ကားစထွက်တာနဲ့ သူတို့သွားနေတဲ့ဘက် ဦးတည်ရာကနေ ကျယ်လောင်တဲ့ သေနတ်သံတွေ ကြားလိုက်ရတယ်လို့ ပြောပါတယ်။
ဟင်းရဲ့ ဦးလေးက မြို့ကထင်ရှားတဲ့ အယ်ဇာဟာတက္ကသိုလ်ဘက်ကိုရှေးရှုပြီးမောင်းနှင်ပါတယ်။ မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်မှာ အစ္စရေးတင့်ကားတွေနဲ့ တွေ့တာကြောင့် ဘေးကင်းဖို့ အနားကဓာတ်ဆီဆိုင်ထဲ မောင်းသွားတဲ့ အချိန်မှာ စပြီး ပစ်ခတ်ခံလိုက်ရပုံပေါ်ပါတယ်။
ယာဉ်အတွင်းကနေ မိသားစုဝင်တွေက ဆွေမျိုးတွေဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့ပါတယ်။ သူတို့ထဲကတစ်ယောက်က မိုင် ၅၀ (ကီလိုမီတာ ၈၀) အဝေးမှာ ရှိတဲ့ အစ္စရေးတွေသိမ်းထားတဲ့ အနောက်ဖက်ကမ်းဒေသက ပါလက်စတိုင်း လခြမ်းနီ အရေးပေါ်ကယ်ဆယ်ရေးဌာနချုပ်ကို ဆက်သွယ်ခဲ့ပါတယ်။
အချိန်က ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲ ဖြစ်ပြီး ရာမာလာမြို့မှာရှိတဲ့ လခြမ်းနီ ကူညီကယ်ဆယ်ရေး စင်တာက အော်ပရေတာတွေက ဟင်းရဲ့ ဦးလေးမိုဘိုင်းဖုန်းနံပါတ်ကို ခေါ်ပေမဲ့ သူ့ရဲ့ ၁၅ နှစ်အရွယ် သမီးဖြစ်သူ လာရန်ကပဲ ပြန်ဖြေခဲ့ပါတယ်။
အသံသွင်းထားတဲ့ ဖုန်းခေါ်ဆိုမှုမှာ လာရန်ဟာ လခြမ်းနီဝန်ထမ်းတွေကို သူ့ရဲ့ မိဘတွေနဲ့ မောင်နှမတွေအားလုံး သေဆုံးပြီးဖြစ်ကြောင်းနဲ့ သူတို့ကားဘေးမှာ တင့်ကားတစ်စီးရှိနေတယ်လို့ပြောပါတယ်။ “သူတို့က ကျွန်မတို့ကို ပစ်နေတယ်” လို့ ပြောနေတုန်းမှာပဲ သေနတ်သံတွေ၊ အော်ဟစ်သံတွေ ကြားလိုက်ရပါတယ်။
လခြမ်းနီအဖွဲ့ ကဖုန်းပြန်ခေါ်တဲ့အခါမှာတော့ ပြန်ဖြေသူက ဟင်းပါ။ သူက ကြောက်လန့်တကြားဖြစ်နေပြီး အသံကတိမ်ပြီးဝင်နေလို့ မကြားရသလောက်ပါပဲ။
မကြာခင်မှာတော့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလာရပါတယ်။ ကားထဲမှာ ကလေးငယ် ဟင်း တစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီး သူကလည်း ပစ်ခတ်မှုတွေကြားထဲမှာ ရှိနေပါတယ်။
''ခုံတွေအောက်မှာ ဝင်နေပါ'' လို့ လခြမ်းနီအဖွဲ့က ဟင်းကိုပြောပါတယ်။ "သမီးကိုဘယ်သူမှ မတွေ့စေနဲ့။"
ဖုန်းအော်ပရေတာ ရာနာဖာကစ်က ဟင်းနဲ့ နာရီပေါင်းများစွာ ဖုန်းလိုင်းချိတ်ထားပြီး စကားပြောနေခဲ့ပါတယ်။ လခြမ်းနီအဖွဲ့ကလည်း သူတို့ရဲ့ လူနာတင်ယာဉ်ကို အဲဒီမီးလောင်နေတဲ့နေရာကို ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
"သူက တုန်ရီနေပြီး ဝမ်းနည်းလို့နေတယ်၊ လာကယ်ပါလို့ ပြောတယ်" လို့ရာနာက ပြန်ပြောပြပါတယ်။ "သူ့ဆွေမျိုးတွေ သေသွားပြီလို့ ပြောတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ 'သူတို့အိပ်နေတာ' လို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်မကလည်း သူ့ကို 'သူတို့အိပ်နေပါစေ၊ ငါတို့ မနှောင့်ယှက်ချင်ဘူး' ဆိုပြီး ပြောလိုက်တယ်။"
ဟင်းက သူ့ကို တစ်ယောက်ယောက်လာခေါ်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုနေခဲ့ပါတယ်။
“ပြောနေရင်း တစ်ခါမှာတော့ မှောင်လာနေပြီလို့ သူပြောတယ်'' လို့ ရာနာက ဘီဘီစီကို ပြန်ပြောပြပါတယ်။ "သူကြောက်တယ်။ ကျွန်မ အိမ်က ဘယ်လောက်ဝေးလဲလို့ မေးတယ်။ ကျွန်မလည်း ပျော့ခွေကျပြီး အားကိုးရာမဲ့သလို ခံစားခဲ့ရတယ်။"
ဖုန်းစခေါ်ဆိုတဲ့အချိန်ကနေ သုံးနာရီအကြာမှာတော့ ဟင်းကို ကယ်ဆယ်ဖို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီး စေလွှတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ လခြမ်းနီအဖွဲ့ က ဟင်းရဲ့ မိခင် ဝစ်ဆမ်ကို ဆက်သွယ်ပြီး ဝစ်ဆမ် ရဲ့ ဖုန်းနဲ့ ဟင်းရဲ့ ဖုန်းလိုင်းကို ချိတ်ပေးခဲ့ပါတယ်။
သူ့အမေရဲ့အသံကိုကြားတော့ ဟင်းကပိုပြီးငိုနေခဲ့တယ်ဆိုတာကို ရာနာက သတိတရပြောပြပါတယ်။
"ဖုန်းမချလိုက်ပါနဲ့လို့ သူက ကျွန်မကို တောင်းပန်တယ်" လို့ ဝစ်ဆမ်က ဘီဘီစီကို ပြောပြပါတယ်။ “သူဘယ်မှာဒဏ်ရာရလဲလို့ ကျွန်မမေးခဲ့တယ်။ နောက်တော့ သူ့ကို အာရုံလွှဲဖို့ ကျွန်မက သူ့နဲ့အတူ ကုရ်အာန်ကျမ်းကိုဖတ်ကြတယ်။ ပြီးတော့အတူတူ ဆုတောင်းခဲ့ကြတယ်။ ကျွန်မပြောသမျှစကားတိုင်းကို သူကနောက်ကနေ ထပ်တလဲလဲ လိုက်ပြောနေတာပါ။''

လူနာတင်ယာဉ်နဲ့ ဆေးမှူးကယ်ဆယ်ရေးသမားနှစ်ဦးရောက်ချိန်မှာ မှောင်နေပြီဖြစ်ပါတယ်။ ဆေးမှူးတွေဖြစ်တဲ့ ယူဆွဖ်နဲ့ အာမက်တို့က တည်နေရာအနီးကို ရောက်နေပြီလို့ အော်ပရေတာတွေကို အကြောင်းကြားခဲ့ပါတယ်။ မဝင်ခင် အစ္စရေးတပ်ဖွဲ့ဝင်တွေဆီမှာ စစ်ဆေးခံရမှာပါ။
အဲဒီအချိန်ဟာ အော်ပရေတာရာနာ သူ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးနဲ့ရော ဟင်းနဲ့ပါ နောက်ဆုံးအဆက်အသွယ်ရလိုက်တဲ့ အချိန်ပါ။ အဲဒီနောက်မှာတော့ ဆေးမှူးနှစ်ဦးရော သူတို့သွားကယ်တဲ့ ခြောက်နှစ်အရွယ် ကလေးမလေးဟင်းရာဂျက်ပါ အော်ပရေတာလိုင်းနဲ့ လုံးဝ အဆက်သွယ်ပြတ်တောက်သွားပါတယ်။
ဟင်းရဲ့ အဖိုး ဘာဟာဟာမာဒါက ဟင်းနဲ့ သူ့မိခင်ဝစ်ဆမ်တို့က နောက်ထပ် ခဏကြာအောင် စကားပြောလို့ရနေခဲ့သေးတယ်လို့ ဘီဘီစီကိုပြောပြပါတယ်။ ဖုန်းထဲမှာ ဝစ်ဆမ်နောက်ဆုံးကြားလိုက်တာက ကားတံခါးဖွင့်သံဖြစ်ပြီး ဟင်းကလည်း လူနာတင်ကားလာနေတာကိုမြင်ရတယ်လို့ ပြောပြတယ်လို့ ဆိုပါတယ်။
"စက္ကန့်တိုင်းမှာ ကျွန်မနှလုံးသား ပူလောင်နေခဲ့တယ်" လို့ ဝစ်ဆမ်ကပြောပါတယ်။ "လူနာတင်ကားသံကြားတိုင်း၊ 'သူ ဖြစ်နိုင်တယ်' လို့ ထင်ခဲ့မိပါတယ်။ အသံတွေ၊ သေနတ်သံတွေ၊ ဒုံးကျည်ကျသံတွေ နဲ့ ဗုံးတွေများ ငါ့သမီးဆီကို ဦးတည်သွားမလား၊ သူ့ကိုထိသွားမလား တွေးမိတယ်။"
ဂါဇာက လခြမ်းနီအသင်းရော ဟင်းရဲ့ မိသားစုတို့ပါ အဲဒီနေရာကို မရောက်နိုင်ကြသေးပါဘူး။ အဲဒီနေရာက အစ္စရေးစစ်တပ် ထိန်းချုပ်ထားတဲ့ စစ်ပွဲဇုန်အတွင်းမှာရှိနေဆဲဖြစ်ပါတယ်။
“ညဘက်တွေကိုဖြတ်သန်းရတာ အရမ်းခက်ခဲတယ်”လို့ဖုန်းအော်ပရေတာ ရာနာကပြောပါတယ်။ "နိုးလာတိုင်း 'သမီးကို လာခေါ်ပါ' ဆိုတဲ့ အသံကိုပဲကြားနေရတယ် လို့သူကပြောပါတယ်။
ဟင်းရော သူ့ကိုသွားခေါ်တဲ့ လခြမ်းနီလူနာတင်ယာဥ်ပါပျောက်ဆုံးနေတာ အပါအဝင် အဲဒီနေ့က အဲဒီဒေသက စစ်ဆင်ရေးအသေးစိတ်အတွက် အစ္စရေးစစ်တပ်ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။ တစ်ရက်အကြာမှာထပ်မေးတော့ သူတို့စစ်ဆေးနေဆဲလို့ပဲပြန်ဖြေကြားပါတယ်။
"အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး တရားရုံးက ဘယ်မှာလဲ၊ သမ္မတတွေက ဘာလို့ သူတို့နေရာတွေမှာပဲ ထိုင်နေကြတာလဲ" လို့ ဟင်းရဲ့မိခင်က မေးခွန်းထုတ်ပါတယ်။
သမီးဖြစ်သူ ပျောက်ဆုံးပြီး တစ်ပတ်အကြာ အထိ သမီးဟင်းရာဂျက် အသက်ရှင်ပြီးပြန်လာမှာကို မျှော်လင့်ရင်း ဝစ်ဆမ်တစ်ယောက် အယ်လာဟီဆေးရုံမှာ တစ်ရက်ပြီးတစ်ရက် စောင့်နေခဲ့ပါတယ်။
"ကျွန်မ သူ့ပစ္စည်းတွေ ယူလာခဲ့ပြီး သူ့ကို ဒီမှာ စောင့်နေတယ်" လို့ ဝစ်ဆမ်ကပြောပါတယ်။ “သမီးကို ဘယ်အချိန်ဖြစ်ဖြစ် စက္ကန့်တိုင်း စောင့်နေပါတယ်။ ဒီဇာတ်လမ်းကို မမေ့ကြဖို့ ကြေကွဲနေတဲ့ ဒီအမေရဲ့ နှလုံးသားထဲက တောင်းပန်ပါတယ်"











