ဟားမတ်စ်လွှတ်ပေးလိုက်တဲ့ ထိုင်းနိုင်ငံသားတွေ အမိမြေပြန်ရောက်

ထိုင်းနိုင်ငံသား ပွန်ဆာဝမ်ကို ဖခင်ဖြစ်သူက လေဆိပ်မှာကြိုတဲ့အချိန် သားအဖနှစ်ဦးပွေ့ဖက်ငိုကြွေးခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, Lu Lu (BBC)

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံသား ပွန်ဆာဝမ်ကို ဖခင်ဖြစ်သူက လေဆိပ်မှာကြိုတဲ့အချိန် သားအဖနှစ်ဦးပွေ့ဖက်ငိုကြွေးခဲ့ကြ။

အစ္စရေး - ဂါဇာ အပစ်ရပ်သဘောတူပြီးတဲ့နောက် ပြန်လွှတ်ပေးတဲ့ ဓားစာခံတွေထဲ ပါတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၁၇ ဦး ဟာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ သူတို့ရဲ့ အမိမြေကို ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာသူတွေ လေဆိပ်ကိုဆိုက်ရောက်ချိန်မှာ မိသားစုဝင်အချို့က ကြိုဆိုခဲ့ကြပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲက ထိုင်းအမျိုးသား ပွန်ဆာဝမ်ရဲ့ ဖခင်ကတော့ သူ့ရဲ့ သားဖြစ်သူကိုဆုံးရှုံးခဲ့ရပြီလို့ ထင်ခဲ့တဲ့အထိ မျှော်လင့်ချက်မဲ့ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံသား ပွန်ဆာဝမ်ကို ဖခင်ဖြစ်သူက လေဆိပ်မှာကြိုတဲ့အချိန် သားအဖနှစ်ဦးပွေ့ဖက်ငိုကြွေးခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, Lu Lu ( BBC)

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံသား ပွန်ဆာဝမ်ကို ဖခင်ဖြစ်သူက လေဆိပ်မှာကြိုတဲ့အချိန် သားအဖနှစ်ဦးပွေ့ဖက်ငိုကြွေးခဲ့ကြ။

‘’ အောက်တိုဘာ ၇ ရက်ဖြစ်စဥ်အပြီး ၅ ရက်အကြာမှာ သူ (သားဖြစ်သူ) အလုပ်လုပ်တဲ့ စက်ရုံက ဓာတ်ပုံတွေကို အာဏာပိုင်တွေကထုတ်ပြတော့ ကျွန်တော့် သားလည်းသေဆုံးသူတွေထဲပါခဲ့ပြီလို့ ထင်ပြီး မျှော်လင့်ချက်မဲ့ခဲ့တယ်’’ လို့ ပွန်ဆာဝမ်ရဲ့ ဖခင်ကပြောပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေရဲ့ မျိုးရိုးဗီဇ (DNA) နဲ့ သူ့ရဲ့ DNA ကိုတိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ မတူခဲ့တာကြောင့် သူ့သားရဲ့ မျိုးဗီဇမဟုတ်ဘူးဆိုတဲ့ အဖြေထွက်ခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာ ထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ ဟားမတ်စ်လွှတ်ပေးလိုက်တဲ့ ထိုင်းနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Lu Lu (BBC)

ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၃၀ ရက်မှာ ထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ ဟားမတ်စ်လွှတ်ပေးလိုက်တဲ့ ထိုင်းနိုင်ငံသားတွေ

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဖမ်းဆီးခဲ့တဲ့ ထိုင်းနိုင်ငံသား ၃၂ ယောက်ရှိပြီး အဲဒီထဲက ၂၃ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကစလို့ ပြန်လွှတ်ပေးထားတာဖြစ်ပါတယ်။

ဒီကနေ့မှာ ၁၇ ယောက် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အတွက် ကျန်နေတဲ့ လွတ်မြောက်သူ ၆ ယောက်က အစ္စရေး က ရှမီးရာကျန်းမာရေးစင်တာမှာ လိုအပ်တဲ့ ဆေးကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။

ဟားမတ်စ်လက်ထဲမှာ ကျန်ရှိနေသေးတဲ့ နောက်ထပ် ထိုင်းနိုင်ငံသား ၉ ဦး ထပ်ပြီး လွတ်မြောက်လာဖို့အတွက် အစ္စရေးနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဘက်က တာဝန်ရှိသူတွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ အပစ်ရပ်သဘောတူညီချက်ကို ဆက်လက်ထိန်းထားနေပြီး အဲဒီသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဓားစာခံတွေကို ပြန်လွှတ်ပေးနေတာပဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၃၉ ယောက်လည်းသေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံသား ၃ သောင်းနီးပါးဟာ အစ္စရေးက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အဲဒီထဲက ၉,၀၀၀ နီးပါးကတော့ အစ္စရေး - ဂါဇာအရေးစတင်ဖြစ်ပွားကတည်းကထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အစ္စရေးလေဆိပ်မှာ ထိုင်းနိုင်ငံပြန်ဖို့အတွက် စောင့်နေတဲ့ ထိုင်းဓားစာခံ ၁၇ ဦး

ဓာတ်ပုံ ရင်းမြစ်, Thai Ministry of Foreign Affairs

ဓာတ်ပုံ ပုံစာ, အစ္စရေးလေဆိပ်မှာ ထိုင်းနိုင်ငံပြန်ဖို့အတွက် စောင့်နေတဲ့ ထိုင်းဓားစာခံ ၁၇ ဦး

ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်ဆောင်ရွက်ပေးတဲ့ သဘောတူညီချက်အရ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွတ်လာတာဖြစ်ပြီး အစ္စရေးဘက်ကလည်း အစ္စရေးအကျဥ်းထောင်တွေထဲ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အမျိုးသမီးနဲ့ ဆယ်ကျော်သက် တွေကို ပြန်လွှတ်ပေးရတာဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် မှာအစ္စရေးဘက်က လူ ၁,၂၀၀ သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံ ဖမ်းဆီးခံရပြီးကတည်းက အစ္စရေးက ဂါဇာဘက်ကို တိုက်ခိုက်နေခဲ့တာပါ။

ဂါဇာက ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၅,၀၀၀ အပါအဝင် လူပေါင်း ၁၃,၃၀၀ သေဆုံးထားတယ်လို့ ပြောထားပါတယ်။