ဟားမတ်စ်ဖမ်းထားတဲ့ အစ္စရေးဓားစာခံ ဒုတိယအသုတ်ပြန်လွတ်လာ

ဟားမတ်စ်ဖမ်းထားတဲ့ အစ္စရေး ဓားစာခံ ဒုတိယအသုတ် ပြန်လွတ်လာ

ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ဒုတိယအသုတ် စနေနေ့မှာပြန်လွတ်လာပါတယ်။

ဂါဇာကနေ ပြန်လွတ်လာတဲ့ အစ္စရေး နိုင်ငံသား ၁၃ ဦးရှိပြီး အပြန်အလှန်အနေနဲ့ ပါလက်စတိုင်းအကျဥ်းသား ၃၉ ဦးကို အနောက်ဘက်ကမ်းကနေ အစ္စရေးဘက်က ပြန်လွှဲပြောင်းပေးခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံ ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း လွှတ်ပေးခဲ့ပါတယ်။

ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးမှုနဲ့ လေးရက်ကြာအပစ်အခတ်ရပ်စဲမှုစတင်ချိန်မှာပဲ ဓားစာခံတွေကို ပထမဆုံးပြန်လွှတ်ပေးတဲ့အစီအစဥ်ဟာ သောကြာနေ့တုန်းမှာ စတင်ခဲ့ပါတယ်။

အဲဒီနောက် အပူတပြင်းဆွေးနွေးမှုတွေကနေ အခုလို ဒုတိယတစ်ကြိမ် လွှတ်ပေးမှု ထွက်ပေါ်လာတာပါ။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့အစ္စရေးနိုင်ငံသားတွေကို အီဂျစ်နိုင်ငံနဲ့ကပ်လျက်က ဂါဇာကမ်းမြောင်မှာ ကြက်ခြေနီအဖွဲ့ဆီလွှဲပြောင်းပေးဖို့ရှိခဲ့တာဖြစ်ပေမဲ့ နာရီနဲ့ချီကြာအောင် နှောင့်နှေးခဲ့ပြီးမှ ဒုတိယအသုတ် ဓားစာခံလွှဲပြောင်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်တပ်ဖြစ်တဲ့ ကာဆမ်တပ်ဖွဲ့ကတော့ ဂါဇာမြောက်ပိုင်းကို အကူအညီပေးရေး ဝင်ရောက်မှုအပိုင်းနဲ့ ဟားမတ်စ်အဖွဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှဲပေးရာမှာ အလဲအလှယ်အနေနဲ့ အစ္စရေးဘက်က ပြန်လွှတ်ပေးရမယ့် ပါလက်စတိုင်းအကျဥ်းသားတွေကို ရွေးချယ်မှုအပိုင်းမှာ အထစ်အငေါ့ ရှိခဲ့တယ်လို့ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ ပြောခွင့်ရသူ အိုစမာ ဟမ်ဒန်ကတော့ သောကြာနေ့ကတည်းကဆိုရင် ဂါဇာကို ဝင်ရောက်လာတဲ့အကူအညီပေးရေးကားကြီး အစင်းရေ စုစုပေါင်း ၃၄၀ ဝင်သွားခဲ့ပြီးပြီလို့ ဆိုပေမဲ့ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်လာတဲ့ကားအရေအတွက်ဟာ ၆၅ စီးသာ ရှိပြီး ဒါဟာ အစ္စရေးဘက်က သဘောတူထားတဲ့ ကားအစီရေရဲ့ တစ်ဝက်တောင် မရှိဘူးလို့ ပြောပါတယ်။ အစ္စရေးဘက်ကတော့ ဂါဇာမြောက်ပိုင်းဟာ စစ်ပွဲဇုန်ဖြစ်တယ်လို့ပြောပြီး အကူအညီတွေပေးရေးဟာ ကုလသမဂ္ဂမှာတာဝန်ရှိ တယ်လို့ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ ပါလက်စတိုင်းအကြီးတန်းအရာရှိကြီးတစ်ဦးက ဒီအငြင်းပွားမှုကို ဖြေရှင်းပြီးပြီဆိုတဲ့ ကာတာရဲ့ထုတ်ပြန်ချက်ကို အတည်ပြုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟားမက်စ် ဘက်ကတော့ ‘‘အစ္စရေးနဲ့ယာယီအပစ်အခတ်ရပ်စဲမှု ဆက်ပြီးသေချာအောင်လုပ်ပေးတဲ့ အီဂျစ်နဲ့ ကာတာကို ကျေးဇူးတင်တဲ့အကြောင်း’’ ပြောပါတယ်။

အဲဒီသဘောတူညီချက်အရ အမျိုးသမီးနဲ့ကလေးသူငယ်တွေပါဝင်တဲ့ အစ္စရေး ဓားစာခံအယောက် ၅၀ ကို ဟားမတ်စ်အဖွဲ့က ၄ ရက်အတွင်း လွတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ပါလက်စတိုင်း အကျဥ်းသား ၁၅၀ ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

အစ္စရေးအစိုးရကတော့ နေ့စဥ် အစ္စရေး ၁၀ ဦးကို ပြန်လွှတ်ပေးမယ်ဆိုရင် အပစ်ရပ်ရေးကို ဆက်ပြီး ရက်တိုးနိုင်ခြေရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဟားမတ်စ်အဖွဲ့ကို မြေပေါ်ကနေ ပျောက်သွားအောင်လုပ်မှာဖြစ်သလို အခုသဘောတူညီချက်ကလည်း ယာယီအခိုက်အတန့်အတွက်သာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက်မှာ စီးနင်းတိုက်ခိုက်မှုပြုလုပ်ချိန်တုန်းက လူပေါင်း ၂၄၀ နီးပါးကို ပြန်ပေးဆွဲထားတာဖြစ်ပြီး လူပေါင်း ၁၂၀၀ သေဆုံးခဲ့ပြီးဖြစ်သလို အများစုဟာ အရပ်သားတွေဖြစ်တယ်လို့ အစ္စရေး ဘက်က ပြောပါတယ်။

အီရန်နိုင်ငံကျောထောက်နောက်ခဲပေးထားတဲ့ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေး၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ‘‘အကြမ်းဖက်’’အဖွဲ့အဖြစ် စာရင်းသွင်းခံထားရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အစ္စရေးက ဂါဇာကို ဆက်တိုက်ဗုံးကြဲခဲ့တာတွေကြောင့် ဂါဇာက အခြေခံအ‌ဆောက်အအုံတွေလည်း ပျက်စီးထားပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ကလေးငယ်အများစုအပါအဝင် လူပေါင်း တစ်သောင်းခွဲနီးပါး သေဆုံးခဲ့ပြီးပြီလို့ ပြောပါတယ်။ အကူအညီလိုအပ်ချက်အမြင့်ဆုံးဖြစ်နေပြီး အစားအသောက်၊ ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ ကိရိယာတွေလည်း အရေးတကြီးလိုအပ်နေပါတယ်။

တယ်လ်အဗီမြို့မှာ ပြုလုပ်တဲ့ ဓားစာခံတွေရဲ့မိသားစုဝင်တွေကို အ‌ထောက်အကူပေးဖို့ ဖွဲ့စည်းထားတဲ့ ‘‘အိမ်ကို ပြန်ခေါ်လာပေးကြပါ’’အဖွဲ့ရဲ့ လူထုစုဝေးပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တယ်လ်အဗီမြို့မှာ ပြုလုပ်တဲ့ ဓားစာခံတွေရဲ့မိသားစုဝင်တွေကို အ‌ထောက်အကူပေးဖို့ ဖွဲ့စည်းထားတဲ့ ‘‘အိမ်ကို ပြန်ခေါ်လာပေးကြပါ’’အဖွဲ့ရဲ့ လူထုစုဝေးပွဲ

စနေနေ့ညနေပိုင်းမှာတော့ တယ်လ်အဗီမြို့လယ်မှာတော့ လူပေါင်း ငါးသောင်းနီးပါးက ‘‘သူတို့ကို အိမ်ပြန်ခေါ်လာပေးကြပါ’’ ဆိုပြီးကြွေးကြော်လို့ ထိရှိလွယ်အပစ်ရပ်မှု ကြေပျက်သွားမှာစိုးရိမ်စိတ်နဲ့ စုဝေးခဲ့ကြပါတယ်။

အစ္စရေးအစိုးရကတော့ စနေ့နေ့ အလဲအလှယ်လုပ်မှုဟာ မိသားစုတစ်ခုက ဆယ်ကျော်သက်အရွယ် လူငယ် ၂ ဦး၊ ဝေ့စ်မိသားစုက ၂ ဦး၊ အဗီဒိုရီ မိသားစုက ၂ ဦး၊ ဟာရမ်နဲ့ ရှိုဟမ်မိသားစုက ၂ ဦးစီဖြစ်ပြီး အဲဒီထဲမှာ အသက် ၃ နှစ်နဲ့ ၈ နှစ်အရွယ်ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သောကြာနေ့တုန်းက အစ္စရေးဘက်ကနေ ပြန်လွှတ်လိုက်တဲ့ ပါလက်စတိုင်း ၃၉ ဦးထဲမှာ အများစုဟာ အမျိုးသမီးတွေဖြစ်ပြီး အဲဒီထဲမှာ တရားခွင်ဆုံးဖြတ်ချက်မချခင်မှာ ထိန်းသိမ်းခံထားရတဲ့ဆယ်ကျော်သယ်အရွယ် လူငယ်ယောက်ျားလေး ၁၅ ဦးလည်း ပါဝင်ပါတယ်။

သူတို့ထဲက တစ်ဦးဖြစ်တဲ့ ဆာရာ အယ်လ် ဆူဝေဆာကတော့ အစ္စရေးဟာ သူတို့ကို ပြန်မလွှတ်ပေးခင်မှာ အကျဥ်းထောင်ထဲ လျှပ်စစ်မီးဖြတ်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့လူစုခွဲခဲ့တယ်လို့ ပြောပါတယ်။

သူကတော့ ‘’အရှက်ရအောင် စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု’’ လို့ သုံးနှုန်းပြီး ‘’ ဟားမတ်စ်အဖွဲ့ကသာ ကျွန်မတို့ကို ကူညီခဲ့တာ’’လို့ပြောပါတယ်။

ဂျေရုစလင်မြောက်ပိုင်း ၁၄ ကီလိုမီတာအကွာက ဘေတူနာမြို့မှာတော့ အိုဖာအကျဥ်းထောင်မှာ အဖမ်းခံခဲ့ရတဲ့ ဆယ်ကျော်သက်တွေ ပြန်လွတ်လာတာကို ကြိုဆိုဖို့ ပါလကစတိုင်းတွေ စုဝေးခဲ့ကြပါတယ်။ အဲဒီမှာ ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းကြိုဆိုကြလို့ ပတ်ဝန်းကျင်ဟာ အစိမ်းရောင်တွေနဲ့ပြည့်နေခဲ့တယ်လို့ အဲဒီမှာသတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဖမ်းဆီးခံရာကနေ ပြန်လွတ်လာသူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် နော်ဟန် အာဝက်လည်း ပါဝင်ပြီး ဂျေရုစလင်မှာ ဓားနဲ့ထိုးတဲ့တိုက်ခိုက်မှုမှာပါဝင်တယ်ဆိုတဲ့သံသယကြောင့် သူဟာ ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အစ္စရာ ဂျာဘစ် ဆိုရင်လည်း အနောက်ဘက်ကမ်းက စစ်ဆေးရေးဂိတ်အနီးမှာ ကားပျက်ခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ အစ္စရေးဘက်က အဲဒီတုန်းကပြောခဲ့တာကတော့ ကားဗုံးခွဲဖို့ ကြိုးပမ်းမှုလို့ဆိုပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာလည်း အငြင်းပွားမှုတွေရှိနေခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်ကတော့ စနေနေ့တုန်းက ပြန်လွတ်လာတဲ့ ထိုင်း ၄ ဦးဟာ အခြေအ‌နေကောင်းမွန်တယ်လို့ ပြောထားပါတယ်။

‘‘အားလုံး ဘေးကင်းပါပြီ။ စိတ်ကျန်းမာရေးလည်း ကောင်းမွန်ပြီး ပုံမှန်စကား‌ပြောဆိုနိုင်ကြပါတယ်’’လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။