အစ္စရေးနဲ့ ဟားမတ်စ်ကြား ဘာတွေသဘောတူခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ရိုလန်နဲလ်နဲ့ ဒေးဗစ်ဂရစ်တန်
- ရာထူးတာဝန်, ဘီဘီစီသတင်း, ဂျေရုဆလင်နဲ့ လန်ဒန်
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဂါဇာကမ်းမြောင်ဒေသ မှာ လေးရက်ကြာ တိုက်ခိုက်မှုရပ်စဲထားပြီး ဓားစာခံ အယောက် ၅၀ ကို လဲလှယ်ဖို့ သဘောတူညီခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ အစ္စရေးထောင်ထဲမှာရှိနေတဲ့ ပါလက်စတိုင်း ၁၅၀ ကိုလည်းလွှတ်ပေးရမှာဖြစ်သလို ဂါဇာကမ်းမြောင် မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သိသိသာသာ တိုးပြီးပေးလာဖို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးတဲ့ ကာတာနိုင်ငံကတော့ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီမှာစတင်ပြီး အပစ်ရပ်မှာဖြစ်သလို ညနေပိုင်းမှာ ပထမအသုတ်အနေနဲ့ ဓားစာခံ ၁၃ ယောက် လွတ်လာမယ်လို့ပြောထားပါတယ်။ နိုဝင်ဘာ ၂၄ ရက်ညနေပိုင်းမှာပဲ ဟားမတ်စ်ဘက်ကနေ ဓားစာခံ ၂၄ ဦး ကို လွှတ်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒီသဘောတူညီချက်က ဓားစာခံတွေအတွက် “ပြောမပြနိုင်တဲ့ဖြစ်ရပ်ဆိုးများ” ကို အဆုံးသတ်ပြီး "အပြစ်မဲ့ ပါလက်စတိုင်း မိသားစုတွေရဲ့ သောကတွေကို သက်သာရာရစေမယ်" လို့ မှတ်ချက်ပြုပါတယ်။
အစ္စရေးအစိုးရကတော့ လူ ၁,၂၀၀ သေဆုံးခဲ့တဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်တိုက်တဲ့ ဖြစ်စဥ် မှာ ဟားမတ်စ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့အထဲ ကျန်နေတဲ့ ဓားစာခံ ၂၀၀ ကျော် ကို ပြန်ရအောင်လုပ်သွားမှာ ဖြစ်သလို ဟားမတ်စ်ကို အပြီးသတ်ချေမှုန်းပြီး စစ်ပွဲကိုအဆုံးသတ်မယ်လို့ ကြေညာထားပါတယ်။
အစ္စရေးအပါအဝင် အမေရိကန်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ ဟားမတ်စ်ကတော့ လူပေါင်း ၁၄,၅၀၀ ကျော် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ခံစားခဲ့ရတဲ့ ပါလက်စတိုင်းတွေကို အခုသဘောတူညီချက်က သက်သာခွင့်ရစေလိမ့်မယ်လို့ ဆိုပါတယ်။
ဘယ်ဓားစာခံတွေကို လွှတ်ပေးမလဲ။
လွှတ်ပေးခဲ့တဲ့ ဓားစာခံတွေရဲ့ နာမည်တွေကိုတော့ အစောပိုင်းမှာ တရားဝင်ထုတ်ဖော် ပြောတာမရှိပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါမယ်ဆိုတာတော့ ဘီဘီစီက သိထားပါတယ်။
အစ္စရေးရဲ့ အရေးပေါ် စစ်ကာလအစိုးရ ကတော့ ဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သဘောတူ အတည်ပြုခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာရာဟု ရဲ့ အစိုးရ ရုံးက ထုတ်ပြန်ချက်မှာတော့ ''အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အနည်းဆုံး ဓားစာခံ ၅၀’’ကို လေးရက်အတွင်း ပြန်လွှတ်ပေးရမှာဖြစ်ပြီး ဒီအတောအတွင်းမှာ တိုက်ပွဲတွေယာယီရပ်ထားမယ်လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ထပ်လည်း ဓားစာခံ ဆယ်ယောက်ကို လွှတ်ပေးတိုင်း အပစ်ရပ်ရက်တစ်ကို တစ်ရက်ထပ်တိုးပေးသွားမယ်ဆိုပြီး အစ္စရေးအစိုးရက ဟားမတ်စ်ကို မက်လုံးပေးကမ်းလှမ်းခဲ့ပါတယ်။
ဒီသဘောတူညီချက်စာပိုဒ်က ဓားစာခံ မိသားစုတွေအတွက် အရေးကြီးပါတယ်။ တချို့က တစ်စိတ်တစ်ပိုင်းပဲ သဘောတူညီချက်လုပ်တာမျိုးကို မမြင်ချင်ဘူးလို့ ဘီဘီစီကို အရင်က ပြောခဲ့ဖူးပါတယ်။
အပစ်ရပ်လေးရက်အတွင်း လေးသုတ်ခွဲပြီး ဓားစာခံ အယောက် ၅၀ ကို လွှတ်ပေးမယ်လို့ ယူဆရပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာ လွတ်မြောက်သူတွေထဲ အစ္စရေးနိုင်ငံသားတွေနဲ့အတူ ထိုင်းနိုင်ငံသား ၁၀ ဦးနဲ့ ဖိလစ်ပိုင်အမျိုးသမီး ၁ ဦးပါဝင်လာပါတယ်။
ကြာသပတေးနေ့ ကတော့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပထမအသုတ် အနေနဲ့ ဓားစာခံတွေထဲက ကလေး ၁၃ ဦးနဲ့ အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေကို လွှတ်ပေးမယ်၊ တစ်မိသားစုထဲက သူတွေကို တစ်သုတ်ထဲမှာ လွှတ်ပေးမယ်လို့ ဒိုဟာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ လွယ်ကူချောမွေ့စေဖို့ အတွက် ပထမဆုံးလွတ်မြောက်မယ့်သူတွေရဲ့ အမည်စာရင်းကို အစ္စရေး Mossad ထောက်လှမ်းရေးအေဂျင်စီကို ပေးခဲ့တယ်လို့ သူကပြောထားပါတယ်။
ဝန်ကြီးချုပ် မစ္စတာနေတန်ယာဟုရဲ့ ရုံးအရာရှိတွေကတော့ အမည်စာရင်းအသေးစိတ်ကို စစ်ဆေးနေပြီး လက်ရှိမှာ မိသားစုအားလုံးနဲ့ အဆက်အသွယ်ရှိတယ်လို့ အတည်ပြုထားပါတယ်။
အမေရိကန်ဘက်ကလည်း Kibbutz Kfar Aza မှာမိဘတွေ အသတ်ခံခဲ့ရတဲ့ နှစ်နိုင်ငံ နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကိုင်ထားတဲ့ အသက်သုံးနှစ်အရွယ် Avigail Idan အပါအဝင် အနည်းဆုံး အမေရိကန် နိုင်ငံသား သုံးဦး တို့လည်း ဓားစာခံ ၅၀ စာရင်းထဲမှာပါလာမယ်လို့ ပြောထားပါတယ်။
အစ္စရေး အကြီးတန်း အရာရှိတစ်ယောက်ကတော့ ဖမ်းခံထားရတဲ့ ထိုင်း နိုင်ငံသား ၂၆ ဦး ကိုလည်း ဟားမတ်စ်ဘက်က တစ်ဖက်သတ်လွှတ်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ ပထမအသုတ်မှာတော့ ထိုင်း ၁၀ ဦး လွတ်လာတာတွေ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ဂါဇာကမ်းမြောင်မှာ ဓားစာခံတွေကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အစ္စရေး-အမေရိကန်နှစ်နိုင်ငံသားခံယူထားသူ သားအမိနဲ့ အစ္စရေး အမျိုးသမီး နှစ်ဦးတို့ ဟားမတ်စ် အဖွဲ့က လွတ်မြောက်လာချိန်တုန်းကလည်း ကြက်ခြေနီဝန်ထမ်းတွေက လက်ခံလွှဲပြောင်းပေးခဲ့တာပါ။
ဂါဇာကမ်းမြောင်ဒေသမှာ လှုပ်ရှားနေတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့လက အစ္စရေးအမျိုးသမီးစစ်သမီးတစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး နောက်ထပ် ဓားစာခံဖြစ်ခဲ့တဲ့ စစ်သမီးတစ်ဦးနဲ့ အရပ်သားအမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ယူဆောင်လာနိုင်ခဲ့ပါတယ်။
အစ္စရေးအစိုးရကတော့ ‘’ဓားစာခံတွေအားလုံးအိမ်ပြန်နိုင်ရေး၊ ဟားမတ်စ်အဖွဲ့ကို အပြီးသတ် ချေမှုန်းရေးနဲ့ ဂါဇာကနေ အစ္စရေးနိုင်ငံကို ခြိမ်းခြောက်မှုအသစ်တွေ ထပ်မရှိစေရေးအတွက် စစ်ပွဲကို ဆက်လက်လုပ်ဆောင်သွားမယ်’’ လို့ ပြောထားပါတယ်။
ယာယီအပစ်ရပ်ထားချိန် ဂါဇာမှာ ဘာတွေဖြစ်နေမလဲ။
ဟားမတ်စ်ရဲ့ ရှည်ရှည်လျားလျား ရေးသားထားတဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “hudna - ဟွန်ဒ်နာ ” ယာယီအပစ်အခတ်ရပ်စဲရေးလို့ ခေါ်တဲ့ ကာလအတောအတွင်း အစ္စရေးရဲ့ ဘယ်လို စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကိုရပ်ဆိုင်းထားရမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြခဲ့ပါတယ်။
ဂါဇာကမ်းမြောင်တောင်ဘက်မှာ လေးရက်ကြာ မောင်းသူမဲ့လေယာဉ်နဲ့ အစ္စရေးလေယာဉ်တွေရဲ့ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ဖို့ မျှော်လင့်ထားတယ်လို့ လည်း ဆိုပါတယ်။
ဂါဇာမြောက်ပိုင်းက ဟားမတ်စ်တွေကို ချေမှုန်းဖို့ အစ္စရေးရဲ့ အဓိကစစ်ဆင်ရေး ပစ်မှတ်တွေ အတွက်လည်း အပစ်ရပ်ကာလအတွင်း နေ့စဥ် ဒေသစံတော်ချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားမှာ အပစ်ရပ်ထားရ မှာဖြစ်ပါတယ်။
လေးရက်ကြာ အပစ်ရပ်ထားချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ တင့်ကားတွေ က ဂါဇာကမ်းမြောင်ဒေသအတွင်း သူတို့ယူထားတဲ့ နေရာတွေမှာဆက်ရှိနေဖို့ မျှော်လင့်ထားပေမဲ့ ဟားမတ်စ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေက ဘယ်သူ့ကိုမှ တိုက်ခိုက်တာ၊ ဖမ်းဆီးတာမလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။
ကြားဝင့်စေ့စပ်သူ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ်လ် အန်ဆာရီ ကတော့ ဒီအပစ်ရပ်ရေးက ဂါဇာ ရဲ့ တောင်နဲ့မြောက်နှစ်ပိုင်းလုံးမှာ အလုံးစုံ အပစ်အခတ်ရပ်ထားရေးလို့ပြောပါတယ်။ ကာတာရဲ့ စေ့စပ်ညှိနှိုင်းရေးအရာရှိချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မိုဟာမက် အယ်လ် ခူလိုင်ဖီ ကတော့ အပစ်ရပ်ရက်အတွင်းမှာ "ဘယ်လိုတိုက်ခိုက်မှုမှ မဖြစ်စေဖို့၊ စစ်ရေးလှုပ်ရှားမှုမရှိဖို့၊ စစ်ဆင်ရေးနေရာ ချဲ့ထွင်ခြင်းမရှိဖို့နဲ့ ဘာဆိုဘာမှ မရှိရဘူး" လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာက ပါလက်စတိုင်း ၁.၇ သန်းဟာ သူတို့ရဲ့ အိုးအိမ်နေရာပိုင်ဆိုင်မှုတွေကို စွန့်ခွာထွက်ပြေးခဲ့ရသလို ဆိုးရွားပြင်းထန်ရက်စက်တဲ့ တိုက်ပွဲတွေကနေ အခုလို ယာယီသက်သာရာရဖို့ အပစ်အရပ်ထားဖို့ဆိုတာ အခုထက်စောသင့်တယ်လို့ ပြောပါတယ်။
အစ္စရေး - ဟားမတ်စ် သဘောတူညီချက်အရ အပစ်ရပ်ထားတဲ့ လေးရက်အတွင်း တစ်ရက်ကို ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကား ၂၀၀၊ လောင်စာဆီတင်ကား လေးစီးနဲ့ မီးဖိုချောင်သုံး ဓာတ်ငွေ့တွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေက အီဂျစ်နိုင်ငံ ရာဖာဂိတ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ကို ဝင်ရောက်မှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း လောင်စာဆီတိုးမြှင့်ပေးလာတယ်ဆိုတာကလည်း ဆေးရုံတွေက မီးစက်တွေ၊ ရေသန့်စင်မှုစနစ်နဲ့ မိလ္လာနဲ့ ရေဆိုးစွန့်ပစ်မှုတို့အတွက်လိုအပ်တဲ့ လောင်စာကို ဒီအပစ်ရပ်ရေးကာလအတွက်ပဲ ပေးတာလို့နားလည်ရပါတယ်။
မစ္စတာအန်ဆာရီကတော့ သောကြာနေ့ မနက်ပိုင်းမှာ အပစ်ရပ်တာ စတာနဲ့ ချက်ချင်းဆိုသလို ထပ်ပို့ပေးမယ့် ထောက်ပံ့ရေးပစ္စည်းတွေ ဂါဇာထဲကို စပို့ပေးမှာ ဖြစ်ပြီး ကူညီထောက်ပံ့ရေးဝန်ထမ်းတွေဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လုံခြုံစိတ်ချရတဲ့ အေးချမ်းတဲ့ကာလတစ်ခုလည်း ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဘက်ကနေ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လျှပ်စစ်၊ ရေအပါအဝင် ရိက္ခာပို့ဆောင်မှုတွေကို ဖြတ်တောက်၊ အခြားကုန်ပစ္စည်းတွေ ပို့ဆောင်မှုကို ရပ်တန့်ခဲ့တာပါ။
စစ်မဖြစ်မီ က ကုန်တင်ကား လစဉ်ပျမ်းမျှ အစီးရေ ၁၀,၀၀၀ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုစစ်ဖြစ်တဲ့အချိန် အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ တစ်လမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ကုန်တင်ယာဥ် ၁,၃၉၉ စီးကိုပဲ အီဂျစ်ကတဆင့်ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂစာရင်းအရသိရပါတယ်။
ပြီးခဲ့တဲ့အပတ်တွေအထိ လောင်စာဆီပို့ဆောင်မှုကို ဟားမတ်စ်တွေကခိုးယူပြီး စစ်ရေးအတွက်အသုံးပြုမှာစိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးက ပိတ်ဆို့ခဲ့ပါတယ်။
သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသကလူတွေကို မြောက်ဘက်က တောင်ဘက်ပိုင်းကို လုံခြုံစွာ ဖြတ်သန်းသွားလာခွင့်ပေးမှာဖြစ်ပေမဲ့ သိန်းချီတဲ့စစ်ဘေးရှောင်တွေကိုတော့ နေရပ်ပြန်ခွင့် မပြုဘူးလို့ သိရပါတယ်။
ပါလက်စတိုင်း အကျဉ်းသားတွေက ဘယ်သူတွေလဲ။
ဒီသဘောတူညီချက်အရ အစ္စရေးအကျဥ်းထောင်တွေထဲက အမျိုးသမီးနဲ့ ကလေးပါလက်စတိုင်း ၁၅၀ လည်းလွတ်မြောက်လာမှာဖြစ်တယ်လို့ ဟားမတ်စ်ဘက်က ပြောပါတယ်။
အစ္စရေးအစိုးရထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ကိုဖော်ပြထားတာမရှိပါဘူး။ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်က အစ္စရေးတရားရေးဝန်ကြီးဌာနရဲ့ ဟီဘရူးဘာသာနဲ့ ထုတ်ပြန်ချက်မှာတော့ အကျဥ်းသား ၃၀၀ ရဲ့ အမည်ကို သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဖော်ပြထားပါတယ်။
အဲဒီစာရင်းမှာ အသက် ၁၄ နှစ် ကနေ ၁၇ နှစ်ကြား ယောက်ျားလေး ၁၂၃ ဦး၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသား ၁၄၄ ဦး နဲ့ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်ကြား အမျိုးသမီး ၃၂ ဦးတို့ ပါဝင်ပါတယ်။ အများစုကလူသတ်ဖို့ကြံစည်မှုနဲ့ စွဲချက်တင်ခံထားရပြီး အကျဥ်းထောင်ထဲရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီစာရင်းကို ထုတ်ပြန်တယ်ဆိုတာက အစ္စရေးရဲ့ တရားရေးစနစ်ပုံစံကြောင့်ဖြစ်ပါတယ်။ လွှတ်ပေးမယ့် အကျဥ်းသားတွေနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံသားတွေက တရားရုံးချုပ်ကို အယူခံတင်နိုင်ဖို့ ၂၄ နာရီ ကြိုတင်အသိပေးရတာ ဖြစ်ပါတယ်။
ကာတာဘက်ကတော့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပထမနေ့မှာပဲ ဘယ်နှစ်ဦး လွတ်မြောက်မလဲဆိုတာကို ထုတ်ဖော် ပြောတာမရှိပါဘူး။ ဒါပေမဲ့ ဂါဇာက ဓားစာခံတွေ လွတ်မြောက်မှာနဲ့ တစ်ချိန်တည်းဖြစ်မယ်လို့တော့ ခန့်မှန်းချက်ပေးပါတယ်။
အစ္စရေးဟာ လက်ရှိမှာလုံခြုံရေးဆိုင်ရာ ပြစ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်း ၇,၀၀၀ လောက်ကို ထိန်းသိမ်းထားတယ်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့တွေဆီကသိရပါတယ်။ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့မှာပဲ ပါလက်စတိုင်း ၃၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်က အစ္စရေးဘက်ကို အောက်တိုဘာ ၇ ရက်မှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့နောက် အကြမ်းဖက်မှုတွေလည်းတိုးလာခဲ့ပါတယ်။
ဟားမတ်စ်ရဲ့ ထုတ်ပြန်ချက်အဆုံးမှာတော့ သဘောတူညီချက်ဟာ ‘’ပြည်သူ့အကျိုးအတွက်ရည်ရွယ်ပါတယ်။ တစ်ဖက်ရဲ့ ရန်လိုမှုတွေကိုလည်း တည်ကြည်ခိုင်မာတဲ့ခွန်အားတွေနဲ့ ရင်ဆိုင်သွားမှာပါ’’ လို့ ပြောထားပါတယ်။
‘’ကျွန်ုပ်တို့ လက်ချောင်းတွေက သေနတ်ခလုတ်တွေပေါ်မှာ ရှိနေတုန်းပါပဲ။ ကျွန်ုပ်တို့ ရဲ့ အောင်ပွဲခံတိုက်ခိုက်ရေးသမားတွေက ပြည်သူတွေကို ခုခံကာကွယ်ပြီး ကျူးကျော်သိမ်းပိုက်မှုကို အနိုင်ယူဖို့ ဆက်လုပ်လုပ်သွားလိမ့်မယ်"လို့ လည်း သတိပေးထားပါတယ်။
သဘောတူညီချက်ကို ဘယ်လိုစောင့်ကြည့်မလဲ။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဒိုဟာမှာ ဒီသဘောတူညီချက်ကို စောင့်ကြည့်ကွပ်ကဲရေးရုံးကို ဆက်ဖွင့်ထားပြီး ဖောက်ဖျက်မှု တစ်ခုခုရှိလာရင် အစ္စရေး၊ ဟားမတ်စ် နိုင်ငံရေးရုံးနဲ့ နိုင်ငံတကာ ကြက်ခြေနီ ICRC တို့ကို အချိန်နဲ့ တပြေးညီ ချက်ချင်း ဆက်သွယ်ပြောဆိုနိုင်မယ့် ဆက်သွယ်ရေးလိုင်းတွေ လုပ်ထားတယ်လို့ပြောပါတယ်။ အဲဒီဖောက်ဖျက်မှုတွေကိုလည်း ရပ်တန့်အောင်လုပ်သွားနိုင်ဖို့ ပြောဆိုမှုတွေရှိမယ်လို့ ဆိုပါတယ်။
အရေးကြီးဆုံးအချက်က “ဓားစာခံ လွှဲပြောင်းမှု ဖြစ်ပေါ်လာမယ့် အခြေအနေပတ်ဝန်းကျင်ဟာ လုံခြုံစိတ်ချရကြောင်း သေချာစေဖို့ဖြစ်တယ်” လို့ သူကပြောပါတယ်။
မစ္စတာအန်ဆာရီကတော့ ကြားဝင်စေ့စပ်တဲ့ ကာတာရဲ့ မျှော်လင့်ချက်က လေးရက်ဆိုတာထက် ပိုတဲ့ အပစ်ရပ်စဲရေးကို ဆွဲဆန့်ထားနိုင်ဖို့ဖြစ်ပြီး ဓားစာခံတွေအားလုံး အိမ်ပြန်ရရေးဖြစ်တယ်လို့ပြောပါတယ်။ ဒါအပြင် ဂါဇာကမ်းမြောင်ဒေသမှာ တင်းမာမှုတွေကို ရပ်တန့်နိုင်မယ်၊ ပိုမိုရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်လို့ ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ဖို့လည်း မျှော်လင့်ထားကြောင်းသူကပြောပါတယ်။









