ရာဖာ နယ်စပ်ဂိတ်က ဘာ့ကြောင့် ဂါဇာရဲ့ အသက်သွေးကြောဖြစ်နေတာလဲ

Rafah

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပါလက်စတိုင်းတွေ အီဂျစ်ကို ဝင်ဖို့ စောင့်ဆိုင်းနေကြ

အစ္စရေး - ဂါဇာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာကမ်းမြောင်ကနေ အရပ်သားတချို့ ပထမဆုံးအကြိမ်အဖြစ် ရာဖာ နယ်ခြားဂိတ်ကို ဖြတ်သန်းပြီး အီဂျစ်ကို လာနိုင်ခဲ့ကြပါပြီ။

ဒဏ်ရာ အပြင်းအထန်ရထားတဲ့ ပါလက်စတိုင်းတွေကို ဗုဒ္ဓဟူးနေ့က လူနာတင်ယာဉ် တွေနဲ့ သယ်ဆောင်လာပြီး ဂိတ်ကို ဖြတ်သန်းခွင့် ပေးလိုက်သလို နိုင်ငံခြားသား ပတ်စ်ပို့ ကိုင်ဆောင်ထားသူ လူအယောက် ၁၀၀ ကိုလည်း သွားခွင့်ပြုလိုက်ပါတယ်။

ကာတာက ကြားဝင်ညှိနှိုင်းပေးတဲ့ အစီအစဉ်အရ နောက်ထပ် ဒဏ်ရာရထားသူ လူအယောက် ၈၀ နဲ့ ရာချီအရေအတွက်ရှိတဲ့ နိုင်ငံခြားသားတွေ ဒါမှမဟုတ် နှစ်နိုင်ငံ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ တွေလည်း ထွက်ခွာခွင့် ရမယ်လို့ မှန်းဆ နေကြပါတယ်။

သီတင်းပတ် ၃ ပတ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခ စဖြစ်လာ ကတည်းက ဒီဂိတ် ကို ပိတ်ထားရာကနေ အခု ပထမဆုံး အီဂျစ်နိုင်ငံဘက်ဆီကို ဖြတ်သွားခွင့် ရတာပါ။ ဒီဂိတ်ကို ဘယ်လောက်ကြာကြာ ဖွင့်ထားမလဲဆိုတာက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဂါဇာကို အကူအညီထောက်ပံ့ရေး ပစ္စည်းတွေ သွင်းနိုင်ဖို့ အတွက်တော့ ဒီဂိတ်ကို ဖွင့်ပေးထားတာ ၁၀ ရက် ကျော်ရှိလာပါပြီ။

စုစုပေါင်း ထောက်ပံ့ရေး ထရပ်ကား အစီး ၂၀၀ ကျော် နယ်စပ်ကို ဖြတ်ပြီး ဝင်ရောက် နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီထက်မက အထောက်အပံ့တွေ အများကြီးကို ဂါဇာက လိုအပ် နေတာပါ။

ရာဖာ နယ်စပ်ဖြတ်ကျော်ဂိတ်က ဘာလဲ

Gaza

ဒီဂိတ်ဟာ ဂါဇာရဲ့ တောင်ဘက်က ထွက်ပေါက်ဖြစ်ပြီး အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ နယ်စပ်ချင်း ထိစပ်နေပါတယ်။ ‌

ဂါဇာကမ်းမြောင်ကို ဝင်ရောက်နိုင်တဲ့ နယ်စပ်ဖြတ်ကျော်လမ်းက နောက်ထပ် နှစ်ခု ပဲ ကျန်ပါတယ်။ တခုက အီရက်ဇ် နယ်စပ်လမ်းဖြစ်ပြီး ဂါဇာ မြောက်ပိုင်းကနေ အစ္စရေးကို သွားလို့ရတဲ့လမ်းပါ။ ဒီလမ်းက လူတွေ အဓိက အသွားအလာလုပ်ဖို့ ဖြစ်ပါတယ်။ နောက်နယ်စပ်လမ်း တခုကတော့ ကီရမ်ရှလောမ် နယ်စပ်လမ်းပါ။ ဒါက အစ္စရေးနဲ့ ဂါဇာတောင်ပိုင်းအကြား ကုန်စည်တွေ ဖြတ်သန်းဖို့အတွက် အဓိက သုံးကြပါတယ်။ ဒီဂိတ် ၂ ခုလုံးကို အခု အစ္စရေးက ပိတ်ထားပါတယ်။

အခု ဒီရာဖာဂိတ်က ဘာ့ကြောင့် အရေးကြီးတာလဲ

ဂါဇာကို အုပ်ချုပ်ထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က သေနတ်သမားတွေက အီရက်ဇ် နယ်စပ်လမ်းကို ဖြတ်ကျော်ပြီး အောက်တိုဘာလ ၇ ရက်နေ့ က ‌အစ္စရေး တောင်ပိုင်းကို ရုတ်တရက် စီးနင်းခဲ့တဲ့အတွက် အစ္စရေး ၁,၃၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။

ဒီအဖြစ် ဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ အစ္စရေးက အီရက်ဇ်နဲ့ ကီရမ် ရှလောမ် နယ်စပ်လမ်းတွေကို နောက်ထပ် တစုံတရာ သတင်း မထုတ်ပြန်မချင်း ပိတ်လိုက်တဲ့ အတွက် ဂါဇာက လူတွေအဖို့ အဝင်အထွက်လုပ်လို့ရတဲ့ နယ်စပ်လမ်းက ရာဖာနယ်စပ် လမ်းကြောင်းပဲ ကျန်ခဲ့ပါတယ်။

ရာဖာ လမ်းကြောင်းဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ တခုတည်းသော နယ်စပ်လမ်းကြောင်း ဖြစ်ပါတယ်။

ရာဖာနယ်စပ်ဖြတ်‌ကျော် ဂိတ်မှာ ဘာတွေ ဖြစ်နေလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘယ်သူတွေ ဒီ ရာဖာ နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာ နိုင်သလဲဆိုတာကို ဟားမတ်စ်နဲ့ အီဂျစ်တို့ကဆုံးဖြတ် ခွင့်ပြုလေ့ရှိပေမယ့် အစ္စရေးတို့က ဂါဇာကို တုံ့ပြန် တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အခါမှာ ဒီဂိတ်စခန်းရဲ့ လုပ်ဆောင်မှုတွေက ရပ်တန့်သွားပါတယ်။

အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ခဲ့ပြီး ပါလက်စတိုင်း နဲ့ အီဂျစ် နယ်စပ် ၂ ဖက်ခြမ်းမှာ ဒဏ်ရာရသူတွေ ရှိခဲ့ ပြီးတဲ့နောက် အဲဒီနယ်စပ်ဂိတ် ပိတ်သွားကြောင်း အီဂျစ် မီဒီယာက ပြောပါတယ်။

အစ္စရေးအနေနဲ့ ရာဖာနယ်စပ်နားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ ဒီလိုမှသာ ဂါဇာက လူတွေ “ရှင်သန်နိုင်ဖို့ ‌ထောက်ပံ့ရေးပို့စရာ လမ်းကြောင်း” ကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ အီဂျစ် အစိုးရက အစ္စရေးကို ပြောခဲ့ပါတယ်။ နောက်ပြီး သူ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အာမခံမှု မရှိမချင်း ဒီဂိတ်ကို ပိတ်ထားမယ်လို့လည်း အကြောင်းကြားခဲ့ပါတယ်။

နောက် သီတင်း ၃ ပတ် အကြာမှာတော့ ကာတာက ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် လူတချို့ ဒီဂိတ်ကို ဖြတ်ပြီး ဂါဇာကနေ ထွက်လို့ရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ကာ လူတွေက နယ်စပ်နားကို စုဝေး ရောက်ရှိလာခဲ့ပါတယ်။

ကာတာဟာ အမေရိကန်ကို ချိတ်ဆက် ပြောဆိုတာနဲ့ အတူ အီဂျစ်၊ အစ္စ‌ရေး၊ ဟားမတ်စ်တို့နဲ့ ဆွေးနွေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ရခဲ့တဲ့ သ‌ဘောတူညီချက်ကတော့ အပြင်းအထန် ဒဏ်ရာရသူတချို့ နဲ့ နိုင်ငံခြား ပတ်စ်ပို့ ကိုင်ဆောင်ထားသူတချို့ တို့ ဂါဇာကမ်းမြောင်ကနေ ထွက်ခွာခွင့်ရတာပါ။

နယ်စပ်လမ်းတွေကို ဘာလို့ ပိတ်ခဲ့တာလဲ

ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်

၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်တို့ ဂါဇာကမ်းမြောင်နယ်မြေကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ကတည်းက အစ္စရေးနဲ့ အီဂျစ်တို့ဟာ ဂါဇာကို ကုန်ပစ္စည်းတွေ အဝင်အထွက်၊ လူတွေ အဝင်အထွက် စတာတွေကို ကန့်သတ်ခဲ့ပါတယ်။ လုံခြုံရေးအတွက် ဒီလို ကန့်သတ် ပိတ်ဆို့တာတွေက လိုအပ်တယ်လို့ နှစ်နိုင်ငံလုံးက ပြောပါတယ်။

အခုလောလောဆယ်ဖြစ်လာတဲ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဂါဇာကို “လုံးဝ ပိတ်ဆို့” တဲ့ အမိန့်ကို အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

“ဘာလျှပ်စစ်မှ မရဘူး၊ ဘာအစားအစာမှ မရဘူး၊ ဘာလောင်စာမှ မရဘူး၊ အကုန်လုံးကို ပိတ်ပြီ” လို့လည်း သူက ပြောခဲ့ပါတယ်။

အီဂျစ်ကလည်း သူ့နိုင်ငံထဲကို ပါလက်စတိုင်း စစ်ဘေး ဒုက္ခသည်တွေ အမြောက်အမြား ဝင်ရောက် လာမှာကို စိုးရိမ်ပါတယ်။

ဒီလို ဂါဇာကနေ လူတွေ အမြောက်အမြား ပြေးထွက်လာကြရင် ပါလက်စတိုင်း အရေးအတွက် အန္တရာယ်ရှိကြောင်းနဲ့ ပါလက်စတိုင်းတွေ အနေနဲ့ “ကိုယ့်မြေမှာ ဇွဲသန်သန်နဲ့ ဆက်နေကြဖို့” အီဂျစ် သမ္မတက အောက်တိုဘာလ ၁၂ ရက်နေ့မှာ သတိပေးပါတယ်။

ဂျီဟတ်ဒ် သူပုန်ထမှုတွေ ဆိုင်းနိုင်းကျွန်းဆွယ်မှာ ထကြွနေတာ ဆယ်စုနှစ် တစုစာ နီးပါး ရှိလာနေတာကို ရင်ဆိုင်နေရတဲ့ အီဂျစ်ဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေ သူ့နိုင်ငံထဲကို ရောက်လာမှာကိုလည်း စိုးရိမ်ပါတယ်။

ပုံမှန်အချိန်တွေတုန်းက ရာဖာ နယ်စပ်လမ်းကြောင်းကို ဘယ်လို အသုံးချကြလဲ

ပါလက်စတိုင်းတွေ အဖို့ ရာဖာကို ဖြတ်ပြီး ဂါဇာကနေ ထွက်ခွာသွားနိုင်ဖို့က မလွယ် ကူပါဘူး။ ဒီဂိတ်ကနေ ဖြတ်သန်းသွားချင်ရင် ပါလက်စတိုင်း အာဏာပိုင်တွေဆီကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်အထိ ကြိုတင်လျှောက်လွှာတင်ရ ပါတယ်။ ဒါပေမဲ့လည်း နီးတော့မှ ပါလက်စတိုင်းဘက်ကဖြစ်စေ၊ အီဂျစ်ဘက်က ဖြစ်စေ လက်မခံ ပယ်ချတာကိုလည်း ကြုံရနိုင်ပါတယ်။

ကုလသမဂ္ဂရဲ့ ပြောကြားချက်တွေအရ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း လူပေါင်း ၁၉, ၆၀၈ ယောက် အတွက် ဂါဇာကနေ ဝင်ရောက်လာခွင့်ကို အီဂျစ် အစိုးရက ခွင့်ပြုခဲ့ပြီး ၃၁၄ ယောက်ကို ဝင်ခွင့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။