စစ်တပ် ဆုကြေးထုတ်ဖမ်းခဲ့တဲ့ ကိုထက်မြတ်အောင်က ဘယ်သူလဲ

မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ရဲ့ လှုပ်ရှားမှုများသရုပ်ဖော်ပုံ

အသက် ၂၄ နှစ်အရွယ် မန္တလေးသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထက်မြတ်အောင် ဖမ်းဆီးခံရတာ ၁၀ ရက်ကျော်လာပြီဖြစ်ပေမဲ့ စစ်တပ်ဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

"ပုသိမ်ကြီး" ဆိုတဲ့ နာမည်နဲ့လည်းလူသိများတဲ့ ဒီလူငယ်ကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေစောင်းပိုင်းမှာ မန္တလေးမြို့ပေါ် တစ်နေရာမှာ စစ်တပ်က အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ကျောင်းသားသမဂ္ဂနဲ့ သပိတ်အင်အားစုတွေက ပြောပါတယ်။

စစ်တပ်လက်ထဲ ရောက်သွားတာကြောင့် သူ့ရဲ့အသက်အန္တရာယ်ကို ကျောင်းသားသမဂ္ဂနဲ့ သပိတ်အင်အားစုတွေက စိုးရိမ်နေကြပါတယ်။

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကို လူထုက ဆန့်ကျင်ဖို့ ဆော်သြတဲ့ ''ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့'' သပိတ်မှာ သပိတ်အဖွဲ့တွေဖြစ်တဲ့ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့နဲ့အတူ ကိုထက်မြတ်အောင်လည်း ပါဝင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက် ကလုပ်ခဲ့တဲ့ အဲဒီသပိတ်က လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တာဖြစ်လို့ အဲဒီလှုပ်ရှားမှုအပြီးမှာပဲ ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပါတယ်။

အဲဒီလှုပ်ရှားမှုဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိတဲ့ကာလဖြစ်တာကြောင့် လုံခြုံရေးကျိုးပေါက်မှုဆိုပြီး စစ်တပ်‌ထောက်ခံသူတွေကြား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အထိဖြစ်ခဲ့တာပါ။

စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်တဲ့ သပိတ်ခေါင်းဆောင် တစ်ဦး အဖမ်းခံလိုက်ရတာက ဘယ်လိုသက်ရောက်မှုတွေရှိသလဲ၊ သူ့ကိုဘာကြောင့် စစ်တပ်က အလိုရှိနေတာလဲ။

ကျောင်းသားသမဂ္ဂ ဦးဆောင်သူကနေ သပိတ်ခေါင်းဆောင်အဖြစ်

မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

ဓာတ်ပုံ ရင်းမြစ်, ရ.တ.က.သ

ဓာတ်ပုံ ပုံစာ, မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဖြစ်ချိန် တက္ကသိုလ်ကျောင်းတွေ ပိတ်ထားရတုန်းက အွန်လိုင်းသင်ကြားရေး အကောင်အထည်ဖော်ဖို့ လှုံဆော်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဦးဆောင်သူတွေထဲ ကိုထက်မြတ်အောင် ပါဝင်ပါတယ်။ အရပ်သားအစိုးရ NLD လက်ထက်၊ ပညာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကာလ ကိုင်တွယ်ပုံတွေကို ထောက်ပြလေ့ရှိတဲ့ ကျောင်းသား တစ်ဦးဖြစ်ခဲ့တာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရတနာပုံတက္ကသိုလ်က ဓာတုဗေဒကျောင်းသား သူဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာလည်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူဖြစ်လာပါတယ်။

၂၂၂၂၂ သပိတ်လို့ နာမည်ကျော်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှာပြုလုပ်တဲ့ မန္တလေးအထွေထွေသပိတ်မှာလည်း ပါဝင်ခဲ့ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ လှုပ်ရှားတာတွေကို ဆက်တိုက်တွေ့ခဲ့ရပါတယ်။

"ကျွန်တော်ရဲ့ စိတ်တူကိုယ်တူ ဝါသနာစရိုက်တူ ရဲဘော်ကြီး ကိုထက်မြတ်အောင်" လို့လည်း ဒေါက်တာ တေဇာဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။

အင်္ကျီလက်ရှည်၊ ပုဆိုးနဲ့ ခြေညှပ်ဖိနပ်ကို သာစီးလေ့ရှိတဲ့ ကိုထက်မြတ်အောင်ဟာ အာဏာသိမ်းစအချိန်ကတည်းက စစ်တပ်က ၅၀၅ - က နဲ့ ဖမ်းဝရမ်းထုတ်တဲ့ ''နိုင်ငံတဝန်းက ကျောင်းသားသမဂ္ဂ ဦးဆောင်သူတွေ'' စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

စစ်တပ်ရဲ့လိုက်လံဖမ်းဆီးမှုတွေကြောင့် ၂၀၂၂ ခုနှစ်မှာ မန္တလေးမြို့ကနေ တိမ်းရှောင်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်ကစလို့ ဖမ်းဆီးခံရချိန်အထိ မြို့ပေါ်မှာပဲ သိုသိုဝှက်ဝှက်ပြန်နေထိုင်ရင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) ကနေ သိရပါတယ်။

ကိုထက်မြတ်အောင်ဟာ ရ.တ.က.သ မှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ သူ အဖမ်းမခံရခင်အချိန်အထိ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှာပါဝင် လှုပ်ရှားခဲ့ပါတယ်။

စစ်တပ်က အလုံးစုံထိန်းချုပ်ထားတဲ့ မန္တလေးမြို့က နာမည်ကျော် ဈေးချိုမှာ သပိတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ‌ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့နဲ့အတူ ဒီဇင်ဘာ ၃ ရက်မှာ ဆန္ဒဖော်ထုတ်ခဲ့တာက သူအဖမ်းမခံရခင် နောက်ဆုံးလှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လွတ်မြောက်ရေး၊ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေဖျက်သိမ်းရေးဆိုတဲ့ တောင်းဆိုချက် ၃ ချက်အကြောင်း သပိတ်လှုပ်ရှားမှုလုပ်ခဲ့ချိန်မှာ ကိုထက်မြတ်အောင်လည်းပါဝင်ခဲ့တာပါ။

မျက်နှာကို နှာခေါင်းစည်း Mask တပ်ကာ အားကစား ဘောင်းဘီဝတ်ဆင်ထားတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

ဓာတ်ပုံ ရင်းမြစ်, GSCB

ဓာတ်ပုံ ပုံစာ, မျက်နှာကို နှာခေါင်းစည်း Mask တပ်ကာ အားကစား ဘောင်းဘီဝတ်ဆင်ထားတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

အဲဒီသပိတ်နေ့က သူဝတ်စားနေကျ ဟန်ပန်မဟုတ်ဘဲ မျက်နှာကို နှာခေါင်းစည်း Mask တပ်ကာ အားကစား ဘောင်းဘီဝတ်ပြီး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမဲ့ စစ်တပ်ရဲ့ ပစ်မှတ်ထားမှုက ဆက်ရှိနေခဲ့ပါတယ်။

ဈေးချိုသပိတ်လှုပ်ရှားမှုအချိန်ဟာ မန္တလေးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်မယ့်ကာလဖြစ်ပြီး စစ်တပ်ရဲ့မြို့လုံခြုံရေးဆောင်ရွက်မှုအပေါ် သူတို့ကို ထောက်ခံသူတွေကပါ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့အထိ နောက်ဆက်တွဲတွေ ရှိခဲ့ပါတယ်။

အဲဒီသပိတ်ဟာ မန္တလေး၊ ရန်ကုန် နဲ့ စစ်ကိုင်းတို့က လူငယ်သပိတ်ခေါင်းဆောင်တွေ မန္တလေးက လူစည်ကားရာ နေရာမှာ စုပေါင်းထွက်ပေါ်ခဲ့တဲ့လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က ''တရားခံပြေး''တွေလို့ ဆိုပြီး ဆုကြေးငွေနဲ့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ရွေးကောက်ပွဲတွေကို နှောက်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေးဥပဒေနဲ့ စစ်တပ်က တရားစွဲဆိုကြောင်း ထုတ်ပြန်တဲ့စာရင်းမှာလည်း ကိုထက်မြတ်အောင်ပါဝင်နေပါတယ်။

ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်က အပူတပြင်းရှာဖွေနေချိန်မှာပဲ အဲဒီသပိတ်လှုပ်ရှားမှုအပြီး ၁၀ ရက်ကျော်အကြာမှာ မန္တလေးမြို့ပေါ် တစ်နေရာမှာ သူ့ကို စစ်တပ်ကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်၊ ညနေပိုင်းမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်လို့ ညနေ ၆ နာရီနောက်ပိုင်းမှာ အဖမ်းခံရတာဖြစ်နိုင်တယ်လို့ သပိတ်အင်အားစုတွေက ယူဆထားပါတယ်။

"သူ့ရဲ့လုံခြုံရေးစိုးရိမ်ရလို့ ကျွန်တော်တို့ relocate (နေရာပြောင်းဖို့) လုပ်နေတုန်းမှာပဲ အဖမ်းခံလိုက်ရတာပါ။ ဖမ်းတဲ့အချိန်မှာလည်း ကိုထက်မြတ်အောင်ကို ဖမ်းမိပြီ ဆိုတာမျိုးပြောကြပြီး ထိုးကြိတ်ရိုက်နှက်ဖမ်းတယ်လို့ သိထားရတယ်" လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့အတွင်းရေးမှူး ကိုနန်းလင်းက ပြောပါတယ်။

ဒါအပြင် ဆန္ဒပြလှုပ်ရှားမှုအပြီး ဈေးချိုက ဈေးဆိုင်တန်းတွေကို စစ်တပ်က လာရောက်ဖျက်ဆီးသိမ်းဆည်းမှုတွေလုပ်ချိန်မှာလည်း ဆန္ဒပြခဲ့သူတွေကို ဖမ်းမိရင် အသက်ရှင်လျက် မထားဘူးဆိုတဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တာကို ပြန်လည်သိရှိထားရကြောင်း ကိုနန်းလင်းက ဆက်ပြောပါတယ်။

ဒါကြောင့် အဖမ်းမခံရခင်က ကျန်းမာရေးကောင်းမွန်တဲ့ ကိုထက်မြတ်အောင်အနေနဲ့ ဖမ်းဆီးခံရချိန်မှာ ထိုးကြိတ်ရိုက်နှက်ခံရတာကြောင့် သူ့ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အခြေအနေရှိနေပြီလို့ သပိတ်အင်အားစုတွေက ပြောနေကြပါတယ်။

စစ်တပ်ထောက်ခံသူတွေကလည်း ကိုထက်မြတ်အောင်ကို ဖမ်းဆီးရရှိမှုဟာ စစ်တပ်အလိုရှိနေတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးဖို့ ပိုနီးစပ်လာပြီဆိုတဲ့ ပြောဆိုရေးသားချက်တွေကို ဆက်တိုက်ဖော်ပြနေကြပါတယ်။

ကိုထက်မြတ်အောင်ဘယ်မှာလဲ

မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

ဓာတ်ပုံ ရင်းမြစ်, ရ.တ.က.သ

ဓာတ်ပုံ ပုံစာ, မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းအထိ စစ်တပ်ဘက်က တစုံတရာထုတ်ပြန်တာမရှိပါဘူး။

ကိုထက်မြတ်အောင်ကို ဖမ်းဆီးထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်တပ်ဟာ သူတို့အလိုရှိတဲ့ ဒီသပိတ်ဦးဆောင်သူတွေကို ဖမ်းနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး အဓိကစုံစမ်းထောက်လှမ်းခဲ့တယ်လို့ သပိတ်အင်အားစုတွေဆီက သိရှိရပါတယ်။

ဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်တာအပါအဝင် ဖုန်းဆင်းကတ်တွေကို ခြေရာခံထောက်လှမ်းတာ၊ မျက်နှာပုံရိပ်ဖော်နိုင်တဲ့ စီစီတီဗီမှတ်တမ်းတွေကတဆင့် အဆင့်ဆင့်ဖမ်းဆီးတာတွေကို ၂၀၂၄ ခုနှစ်ကစလို့ ပိုတိုးလုပ်လာတယ်လို့လည်း ပြောကြပါတယ်။

"ကျွန်တော်တို့ ရန်ကုန်မှာလည်း သပိတ်ပါဝင်သူတွေကို အဲဒီလိုပဲ ဒစ်ဂျစ်တယ်နည်းပညာ သုံးပြီးဖမ်းတယ်။ အခု ကိုထက်မြတ်အောင်ဖြစ်စဉ်မှာလည်း အလားတူပါပဲ" လို့ ရန်ကုန်သပိတ်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ရှင်းပြပါတယ်။

ကိုထက်မြတ်အောင်ဖမ်းဆီးခံရပြီးနောက် သံသယရှိတဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေစီးနင်းတာတွေ စစ်တပ်က ဆက်တိုက် လုပ်နေတယ်လို့ သပိတ်အင်အားစုတွေက ပြောပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်မှာ ဖမ်းဆီးထားလဲဆိုတာကို ဒီဇင်ဘာ ၂၅ ရက်အထိ စုံစမ်းလို့မရဘူးလို့ သိရပါတယ်။

ဒေါက်တာတေဇာဆန်းနဲ့အတူ ဆန္ဒထုတ်ဖော်နေတဲ့ ကိုထက်မြတ်အောင်

ဓာတ်ပုံ ရင်းမြစ်, Tayzar san

ဓာတ်ပုံ ပုံစာ, ဒေါက်တာတေဇာဆန်းနဲ့အတူ ဆန္ဒထုတ်ဖော်နေတဲ့ ကိုထက်မြတ်အောင်

လက်ရှိမှာ ကိုထက်မြတ်အောင်ကို စစ်ကြောရေးဝင်နေတယ်လို့ မှန်းဆနေကြပေမဲ့ ရှေ့မှာမန္တလေးသပိတ် ပါဝင်သူတွေကြုံတွေ့ခဲ့ရတဲ့ ကံကြမ္မာမျိုး တဖန်ပြန်ကြုံရမှာကို သပိတ်အင်အားစုတွေ စိုးရိမ်နေကြတာပါ။

၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံရတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုး၊ ၂၀၂၂ ခုနှစ်မှာ အဖမ်းခံရတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၊ ကိုဖိုးလုံးတို့ဟာ ဒီနေ့အချိန်အထိ ဘယ်မှာ ထိန်းသိမ်းခံထားရလဲဆိုတာ မသိရဘဲ ပျောက်ဆုံးနေသူတွေဖြစ်ပါတယ်။

"မအေးနန္ဒာစိုး၊ ကိုသူရအောင်၊ ကိုဖိုးလုံးတို့တုန်းကလည်း ဖမ်းထားကြောင်း မထုတ်ပြန်ဘူး။ စုံစမ်းတာလည်း ထောင်တွေထဲမှာ မရှိနေဘူး။ အခုလည်း ကိုထက်မြတ်အောင်အကြောင်း မထုတ်ပြန်သေးတဲ့အတွက် ကျွန်တော်တို့ ရဲဘော် အသက်ရှိသေးလား၊ ဘယ်မှာရှိနေလဲဆိုတာသိဖို့အရေးကြီးတယ်" လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) က ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ကိုထက်မြတ်အောင်ကို စစ်တပ်က ရှာဖွေမှုတွေ ပိုတိုးလုပ်ခဲ့ပြီး သူ့နေရပ်နဲ့ မန္တလေးမြို့ပေါ်က ဆွေမျိုးနီးစပ်အိမ်တွေကိုပါ ဆက်တိုက်စစ်ဆေးခဲ့တာပါ။

၂၀၂၁ ခုနှစ်ကတည်းကဆိုရင် သူ့ရဲ့ အိမ်နဲ့ နီးစပ်ရာတွေကို စစ်တပ်က ရှာဖွေတာ ၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

"တချို့ မန္တလေးစစ်ကြောရေးဝင်ခဲ့ရသူတွေရဲ့ပြန်ပြောပြချက်အရ စစ်ကြောရေးမှာ ဓာတ်ပုံတွေပြပြီး (ဒီလူကို) သိလားလို့ စစ်မေးတဲ့လူစာရင်းမှာ ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုထက်မြတ်အောင်လည်း ပါတယ်လို့ သိထားရပါတယ်" လို့ ရ.တ.က.သ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မန္တလေးမှာ စစ်တပ်စစ်ကြောရေးတွေက ကြမ်းတမ်းတယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းကြားမှာ နာမည်ကြီးပါတယ်။

နန်းတွင်းစစ်ကြောရေးမှာလည်း ဥပဒေမဲ့စစ်ဆေးမှုတွေရှိတယ်ဆိုတာကိုလည်း နိုင်ငံရေးအကျဉ်းသားတွေအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတချို့က ဖြစ်စဉ်တွေနဲ့အတူ ထုတ်ပြန်ဖူးပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ကလည်း အဖွဲ့ဝင်တွေ ကြုံတွေ့ခဲ့ရတဲ့ နန်းတွင်းစစ်ကြောရေးအခြေအနေအကြောင်း ၂၀၂၂ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဘယ်စစ်ကြော‌ရေးမှာ စစ်ဆေးခံနေရလဲဆိုတာမသိရှိရသေးတဲ့ ကိုထက်မြတ်အောင်ရဲ့ အခြေအနေဟာ စိုးရိမ်ရကြောင်း သပိတ်အင်အားစုတွေက ပြောနေကြတာပါ။

ကိုထက်မြတ်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်တွေကလည်း သဘောထားထုတ်ပြန်ပါတယ်။

သူ့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး စစ်တပ်က နှုတ်ဆိတ်နေချိန်မှာပဲ အာဆီယံအမတ်တွေက တောင်းဆိုချက်ထွက်ပေါ်လာတာပါ။

"ဒေါ်အောင်ဆန်းစုကြည်ကိုတောင် မလွှတ်တာ ဘယ်လိုဖြစ်နိုင်မှာလဲဆိုတဲ့ အပြောတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် သူဘယ်လိုအခြေအနေရှိလဲဆိုတာသိနိုင်ဖို့ နိုင်ငံတကာအကူအညီနဲ့လည်း ကြိုးစားတာပါ" လို့ ရ.တ.က.သ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုလိုမျိုး သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးတာအပြင် သပိတ်လှုပ်ရှားခဲ့တဲ့နေရာတွေက ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးတာ၊ စစ်ဆေးတာတွေလုပ်တာကြောင့် သပိတ်တွေလိုအပ်သေးရဲ့လားဆိုတဲ့ မေးခွန်းက လူမှုကွန်ရက်စာမျက်နှာမှာ ရှုထောင့်ပေါင်းစုံနဲ့ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာဖြစ်လာပါတယ်။

သပိတ်တွေ လိုအပ်သေးလား

ရန်ကုန်မြို့ပေါ်မှာဆန္ဒထုတ်ဖော်နေတဲ့သပိတ်ခေါင်းဆောင် ကိုနန်းလင်း

ဓာတ်ပုံ ရင်းမြစ်, Nan Lin

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ပေါ်မှာဆန္ဒထုတ်ဖော်နေတဲ့သပိတ်ခေါင်းဆောင် ကိုနန်းလင်း

သပိတ်လှုပ်ရှားမှုပုံစံတွေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ် အာဏာသိမ်းစက လူအင်အားထောင်သောင်းချီ ကာ စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကျည်ထိမှန်သေဆုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၁ နှစ်လယ်ပိုင်းမှာတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြပြောက်ကျား သပိတ်အသွင်နဲ့ လှုပ်ရှားခဲ့ကြပါတယ်။

"ဘာတွေလဲ ရန်ကုန်သားတွေ" လို့ ခေါင်းစဉ်နဲ့လှုပ်ရှားတဲ့ ရန်ကုန်သပိတ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ ရုတ်တရက်ဆန္ဒထုတ်ဖော်တဲ့ မန္တလေးက လက်ဖက်ရည်ဆိုင်သပိတ်တွေက ထင်ရှားတဲ့ မြို့ပြပြောက်ကျား သပိတ်တွေလည်းဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်ကတော့ ပန်းပင်ကြီးလမ်းဖြစ်စဉ်လို သပိတ်ထဲကို ကားနဲ့ဝင်တိုက်တဲ့လုပ်ရပ်ကစလို့ ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေညကလို ဘုံတိုရွာသပိတ်ကို လေကြောင်းနဲ့ပစ်ခတ်တဲ့အထိ အာဏာသိမ်းပြီး ငါးနှစ်နီးပါးကာလအထိ သပိတ်ဖြိုခွင်းမှုတွေကို ဆက်တိုက်လုပ်နေဆဲပါ။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာလေကြောင်းပစ်ခတ်မှုဆိုရင် စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းလှုပ်ရှားတာဖြစ်ပြီး ပထမဆုံးအကြိမ်သပိတ်ဖော်ဆောင်မှုကို လေကြောင်းတိုက်ခိုက်တဲ့ ဖြစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ဒါဟာ တော်လှန်ရေးအင်အားစုတွေစိုးမိုးတဲ့ လွတ်မြောက်နယ်မြေလို့ ယူဆကြတဲ့ ဒေသက သပိတ်လှုပ်ရှားမှုကိုတောင် စစ်တပ်က ဖြိုခွင်းတဲ့လုပ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

အခုမန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဆိုလည်း ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲအပြီးမှာ ဖမ်းဆီးခံရတာဖြစ်လို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လေ့ ရှိတာကလည်း ပေါ်လွင်ထင်ရှားတယ်လို့ သပိတ်အင်အားစုတွေက ထောက်ပြပါတယ်။

"ရွေးကောက်ပွဲကာလမှာ ကျွန်တော်တို့က ဒေသ ၃ ခုလှုပ်ရှားမှုနဲ့ သွားတယ်။ (၁) တော်လှန်ရေးနယ်မြေ၊ (၂) ရန်သူ့နယ်မြေ မြို့ပြမှာနဲ့ (၃) နိုင်ငံတကာဆိုပြီး ဟန်ချက်ညီလှုပ်ရှားတယ်။ အခုကိုထက်မြတ်အောင် ဖမ်းဆီး ခံရတာမှာလည်း ရွေးကောက်ပွဲကိုဆန့်ကျင်တယ်လို့မြင်တဲ့အတွက် သဲသဲမဲမဲရှာဖွေဖမ်းဆီးတာဖြစ်တယ်"

"စစ်အုပ်စုကို အရှိုက်ထိုးနိုင်တဲ့ ဒီလှုပ်ရှားမှုတွေက ဒေသအသီးသီး ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ဆက်ရှိနေတယ်။ စစ်အုပ်စုက ဒီလှုပ်ရှားမှုတွေကို အင်မတန်ကြောက်တယ်" လို့ GSCB ရဲ့ အတွင်းရေးမှူး ကိုနန်းလင်းက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဘက်က သပိတ်ခေါင်းဆောင်တွေကိုဖမ်းဆီးတာ၊ သပိတ်လှုပ်ရှားခဲ့တဲ့နေရာတွေက ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ထားတာကြောင့် ဒီသပိတ်လှုပ်ရှားမှုတွေ လိုအပ်သေးလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။

GSCB အတွင်းရေးမှူး ကိုနန်းလင်းကတော့ "လူထုတိုက်ပွဲ လူထုသပိတ်တွေဟာ နွေဦးတော်လှန်ရေးမှာ ဆက်ရှိနေရမယ်။ ဆက်ရှိပြီးတော့ လူထုကိုကျယ်ကျယ်ပြန့်ပြန့်စည်းရုံးပြီး ဆက်သွားရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်" လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တပ်ကစိုးမိုးထားတဲ့ မြို့ပြတွေမှာသာမက လွတ်မြောက်နယ်မြေနဲ့ နိုင်ငံတကာမှာပါ လူထု လှုပ်ရှားမှုတွေ ဟန်ချက်ညီရှိသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုဖမ်းဆီးခံလိုက်တဲ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးဇာတိ ကိုထက်မြတ်အောင်ကလည်း မြို့ပြလူထုသပိတ်တွေ ဆက်ရှိနေသင့်တယ်လို့ လက်ခံထားသူ ဖြစ်တာကြောင့် မန္တလေးမြို့ပေါ်မှာလှုပ်ရှားမှုတွေဆက်လုပ်နေခဲ့တယ်လို့ သိရပါတယ်။

ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရတာကလည်း မန္တလေးသပိတ်လှုပ်ရှားမှုတွေအပေါ် သက်ရောက်မှုတွေရှိတယ်လို့ GSCB က ပြောပါတယ်။

"ကိုထက်မြတ်အောင် ဖမ်းဆီးခံရတာနဲ့အတူ အရှိန်ကတော့ အတော်ထိခိုက်သွားတယ်ဆိုတာ ဝန်ခံရမှာပဲ။ ကျွန်တော်တို့ကတော့ တစ်ဗိုလ်ကျရင် နှစ်ဗိုလ်တက်ဖို့ပြင်ထားတယ်။ ကျိန်းသေတာက ရွေးကောက်ပွဲအပြီးမှာရော တော်လှန်ရေးအခြေအနေအရ မြို့ပြသပိတ်တွေက ဆက်ရှိနေမှာပဲ" လို့ GSCB အတွင်းရေးမှူး ကိုနန်းလင်းက ဆက်ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်း ၅ နှစ်နီးပါးအတွင်း ပုံစံဆင့်ကဲပြောင်းလဲလာရတဲ့ သပိတ်လှုပ်ရှားမှုတွေဟာ လက်ရှိမှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေပါ။

သပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဆက်စပ်ဖမ်းဆီးခံရသူတချို့လည်းရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဘီဘီစီက ဒီဖြစ်စဉ်တွေကို သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

"ကိုထက်မြတ်အောင်က ခံယူချက်လည်း ပြတ်သားသလို တခြားလူငယ်တွေနဲ့မတူတဲ့လူငယ်တစ်ဦးလည်းဖြစ်တယ်" လို့ ရ.တ.က.သ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပုသိမ်ကြီးသား၊ တော်လှန်ရေးသမားရဲ့ မြန်မာမှုကဏ္ဍ

မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

ဓာတ်ပုံ ရင်းမြစ်, ရ.တ.က.သ

ဓာတ်ပုံ ပုံစာ, မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်

စစ်တပ်က သီးသန့်ထောက်လှမ်းရေးထားရှိသလို ဒီဂျစ်တယ်စောင့်ကြည့်မှုတွေနဲ့ပါ ရင်ဆိုင်ရတဲ့ မန္တလေး သပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ တယ်လီဖုန်းထက် လက်နှိပ်စက်၊ ဓာတ်စက်တွေကို ကိုယ်နဲ့ မကွာသယ်ဆောင်လေ့ရှိသူဖြစ်ပါတယ်။

စစ်တပ်ရှာဖွေ ဖမ်းဆီးမှုတွေကြား ရှောင်တိမ်းနေရချိန်တွေမှာ ရှေးဟောင်းဓာတ်စက်နဲ့ ဓာတ်ပြားခွေတွေ နားဆင်လေ့ရှိသလို လက်နှိပ်စက်နဲ့ စာရိုက်ပြီး ထုတ်ပြန်ချက်တွေ ထုတ်လေ့ရှိတဲ့သူပါ။ မြန်မာ့တူရိယာတွေကိုလည်း စိတ်ဝင်စားပြီး မြန်မာ့စောင်းနဲ့ ပတ္တလားကို တီးခတ်နိုင်သူလည်းဖြစ်ပါတယ်။

"မြို့မငြိမ်းအဖွဲ့က စစ်တပ်နဲ့ အတူလက်တွဲတယ်လို့ကြားရတုန်းကလည်း မြို့မငြိမ်း မျက်နှာမထောက်ဘူးလားဆိုပြီး သူ အတော်စိတ်ဆိုးတာ။ မန္တလေးငလျင်လှုပ်တုန်းကလည်း မန္တလေးမြို့အတွက် သူအတော် စိတ်မကောင်းဖြစ်ခဲ့တယ်" လို့ ကိုထက်မြတ်အောင်အကြောင်းသိရှိတဲ့ ရ.တ.က.သ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုထက်မြတ်အောင်ဟာ မန္တလေးပြည်သူတွေနဲ့ အနီးဆုံးမှာရှိပြီး ပြည်သူ့အသံကို နားထောင်ဖို့လိုအပ်တာကြောင့် မြို့ပြသပိတ်တွေလှုပ်ရှားဖို့ မြို့ပေါ်မှာဆက်ရှိနေခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်ကတော့ ပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ ''တရားခံပြေး'' လို့ သုံးနှုန်းသတ်မှတ်ပြီး ဆုကြေးထုတ်ကာ လူစည်ကားရာနေရာတွေမှာ ဗီနိုင်းထုတ် ကြေညာပါတယ်။

"ကျွန်တော်တို့ရနေတဲ့ သတင်းတွေက သူ သေဆုံးသွားပြီ။ သူအသက်မရှိတော့ဘူး ဆိုတဲ့သတင်းတွေဖြစ်နေတယ်။ အသက်အန္တရာယ်သိပ်စိုးရိမ်နေရတဲ့အခြေအနေပါ" လို့ GSCB အတွင်းရေးမှူး ကိုနန်းလင်းက သူတို့ ရရှိထားတဲ့သတင်းအကြောင်းပြောပါတယ်။

ဒီလိုစစ်တပ်က တစုံတရာမထုတ်လာသေးတာက ပိုပြီးစိုးရိမ်ရတဲ့အခြေအနေလို့ သူကဆက်ပြောပါတယ်။

ညောင်ရမ်းခေတ် စာဆိုကျော်ဝန်ကြီး ပဒေသရာဇာရဲ့ "ညွန့်တက်သံသာဆင်မင်းကြိုး" ကို မြန်မာ့တူရိယာစောင်းနဲ့ ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်တဲ့ကိုထက်မြတ်အောင်ရဲ့ နောက်ဆက်တွဲသတင်းတွေဟာ ဖမ်းဆီးခံရပြီး ၁၀ ရက်ကျော် ကြာမြင့်လာတဲ့အထိ အတည်မပြုနိုင်မှုတွေနဲ့သာ ရှိနေပါတယ်။