ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ မမြကြူကြူသင်း ဦးခေါင်းဒဏ်ရာ မသက်သာတာကြောင့် ထောင်တွင်းဆေးရုံတက် ကုသနေရ

no tag

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ကားနဲ့ တိုက်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်မှာ ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ မမြကြူကြူသင်း က အခုဆို ဦးခေါင်းဒဏ်ရာ မသက်သာတဲ့အတွက် အကျဉ်းထောင်ထဲကနေ ထောင်ဆေးရုံကို တင်ထားရပြီး ဦးခေါင်းဖြစ်တဲ့အတွက် အခြေအနေ စိုးရိမ်နေရတယ်လို့ မမြကြူကြူသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မမြကြူကြူသင်းဟာ ကြက်ခြေနီ တစ်ဦးဖြစ်ပြီး ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာ ကားနဲ့ အတိုက်ခံခဲ့ရတဲ့ သူတွေကို ပြုစုပေးနေတဲ့အချိန်မှာ ဦးခေါင်းကို ရိုက်နှက်ပြီး အဖမ်းခံခဲ့ရတာပါ။ အဖမ်းခံခဲ့ရချိန်က စစ်ကြောရေးကို ခေါ်သွားပြီး ၂ ပတ်လောက် စစ်ကြောရေးမှာ စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက် အကျဉ်းထောင်ကို ရောက်ရှိခဲ့တာပါ။

အခု ဖေဖော်ဝါရီလ ထဲမှာတော့ အရိုက်ခံထားရတဲ့ ဦးခေါင်းက ဒဏ်ရာဟာ ဦးရေပြားတွေ ကျိန်းစပ်နေပြီး အကြောတွေ နာပြီး ကိုက်ခဲနေတာတွေ ခံစားနေရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၇ ရက်နေ့တစ်ရက်ထဲကို နှာခေါင်းသွေးလျှံတာ ၃ ကြိမ် ဖြစ်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်ကတည်းကနေ အခု ၁၀ ရက်နေ့အထိ ထောင်တွင်းဆေးရုံ ကုတင်နံပါတ် ၂၇ မှာ တင်ထားရတာပါ။ ဒဏ်ရာက ဦးခေါင်းဖြစ်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာရှိတဲ့ ရုံးချိန်းကို မမြကြူကြူသင်း လာရောက်တဲ့အခါမှာ လက်နှစ်ဖက်လုံးမှာ ဆေးသွင်းထားတဲ့ အပ်ပေါက်ရာတွေ တွေ့ရသလို တွေ့မြင်ရတာကလည်း ကျန်းမာရေး ကောင်းပုံမရဘူးလို့ မြင်တွေ့ခဲ့တဲ့ သူတစ်ချို့ကဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES

မမြကြူကြူသင်း အမှုကို လိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးက " သူက ခေါင်းကိုထိထားတာဆိုတော့ အန္တရာယ်ရှိတဲ့အနေအထားပေါ့။ ဒါ့အပြင် နှာခေါင်းသွေးလျှံလာလို့ ဆေးရုံတင်ထားရတယ်။ ဆေးရုံမှာ သွေးလည်း သွင်းရတယ်။ လက်မှာလည်း ဆေးသွင်းထားရတဲ့အပ်ပေါက်ရာတွေ အများကြီးပဲ။ ဆေးတွေလည်း သောက်ရတယ်။ မသောက်ရင် မသက်သာဘူး။ ဆေး သောက်ပြီး ခဏသက်သာသွားပေမယ့် ဆေးရှိန်ပြယ်သွားပြန်ရင်လည်း ခေါင်းတွေပြန်ကိုက်တယ်လို့ ပြောတယ်။ ဦးခေါင်းဆိုတော့ အထဲမှာ ဘာဖြစ်နေလဲ မသိရဘူးပေါ့နော်။ မြင်ရတာ အားမရှိဘူး။ ဖြစ်နိုင်ရင်တော့ အပြင်ဆေးရုံမှာ ကုသခွင့်ရချင်တာပေါ့။ " လို့ သူကြုံခဲ့ရပုံကို ပြန်ပြောပြတယ်။

မမြကြူကြူသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းက ဆန္ဒပြပွဲတစ်ခုကို စစ်ကောင်စီက ကားနဲ့ တိုက်ပြီးဖြိုခွင်းခဲ့ရာမှာ ကားနဲ့အတိုက်ခံခဲ့ရသူတွေကို ပြုစုပေးနေရင်း ဦးခေါင်းကို အရိုက်ခံခဲ့ရပြီး ဒဏ်ရာကြီးနဲ့ပဲ စစ်ကြောရေးကို နှစ်ပတ်လောက် ပါသွားခဲ့သေးတာပါ။ စစ်ကြောရေးကမှတစ်ဆင့် အကျဉ်းထောင်ကို ရောက်ရှိခဲ့ပြီး ဒဏ်ရာမသက်သာတာကြောင့် ထောင်တွင်းဆေးရုံကို တက်ရောက်ကုသ ခံနေရတာလည်း ဖြစ်ပါတယ်။

ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မျက်မြင်တစ်ဦးက အခုလို ပြန်ပြောပြပါတယ်။

" သူက အတိုက်ခံရတဲ့သူတွေကို ဘေးကိုဆွဲချပြီး ပြုစုပေးနေတာ၊အဲဒါကိုမှ စစ်တပ်က တွေ့သွားပြီး လာရိုက်တာတွေ ကန်ကျောက်တာတွေ လုပ်တာ။ နည်းနည်းဝေးတော့ ဘာဖြစ်သွားလဲ သေချာတော့ မသိရပေမယ့် ကောင်လေးကောင်မလေး သုံးလေးယောက်လောက်အစုလေးကို စစ်တပ်ဘက်က လူတွေက ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ကန်ကျောက်ခံနေရတာ တွေ့နေရတယ် " လို့ ပန်းပင်ကြီးလမ်းရဲ့ ဖြစ်စဉ်ကို တွေ့ခဲ့သူတစ်ဦးက ပြန်ပြောပြတာပါ။

အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကတော့ " ဦးခေါင်းထိထားတဲ့ ဒဏ်ရာရှိတဲ့သူတွေဟာ ဘာဖြစ်သလဲသိရဖို့ စီတီစကဲင် ရိုက်ကြည့်သင့်ပါတယ်။ ခေါင်းမူးတာ ခေါင်းကိုက်တာတွေ အန်တာတွေ ဖြစ်တယ်ဆိုရင် စိုးရိမ်ရတဲ့ အနေအထားဖြစ်ပါတယ်။ ပေါ့လို့ မရပါဘူး။ " လို့ မှတ်ချက်ပေးပါတယ်။

မမြကြူကြူသင်းဟာ လက်ရှိမှာ ထောင်တွင်းဆေးရုံ တက်ရောက်ကုသနေရပြီး ဓာတ်မှန်တော့ ရိုက်ထားပြီး အဖြေတော့ အတိအကျသိရတာမျိုးမရှိဘူးလို့ သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။ ထောင်တွင်းဆေးရုံမှာ ဓာတ်မှန်ရိုက်ထားရပေမယ့် စီတီစကဲင်တော့ စက်မရှိတဲ့အတွက် မရိုက်ရသေးဘူးလို့လည်း ဆိုကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP /Getty Image

" သူ့အနေအထားကို အားမရတော့ အပြင်ဆေးရုံမှာ ကုသချင်တာမျိုး ဖြစ်မိတယ်။ သူ့ပြောစကားတွေအရဆိုရင် ဆေးသောက်နေတုန်း ခဏပဲ ခေါင်းကိုက်တာက သက်သာတယ်။ ခေါင်းထဲက အကြောလေးတွေကအစ ထိုးကိုက်နေတာ က ဆေးရှိန်နဲ့ပဲ ထိန်းထားသလိုဖြစ်နေပြီး ဆေးရှိန်ပြယ်တာနဲ့ ချက်ချင်းပြန်ပြီးခေါင်းကိုက်ပြန်တာပဲဆိုတော့လေ ။ တိတိပပလေးဖြစ်အောင် ဘာဖြစ်တာလဲ သေချာလေး သိချင်တယ်။ အပြင်ဆေးရုံ တင်ကြည့်ချင်တယ်။ အခုလက်ရှိကတော့ ထောင်တွင်းဆေးရုံထဲမှာပဲ တင်ထားရတာ ၇ ရက်နေ့ထဲကပါ။ " လို့ မမြကြူကြူသင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းဖြစ်စဉ်မှာ မမြကြူကြူသင်း အပါအဝင် တခြား လူငယ် ၁၁ ဦး အဖမ်းဆီးခံခဲ့ရတာပါ။ အခုလက်ရှိအချိန်မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့ ရုံးချိန်းကို မမြကြူကြူသင်းက ထောင်ဆေးရုံကနေ လာရောက်ခဲ့ပြီး ခေါင်းကိုက် ဝေဒနာနဲ့ ခေါင်းထဲမှာရှိတဲ့ အကြောတွေ ကိုက်ခဲနေတာမျိုး ခံစားနေရဆဲပဲလို့ ဆိုပါတယ်။ နီးစပ်သူ အသိုင်းအဝိုင်းကတော့ အပြင်ဆေးရုံမှာ ဆေးကုသမှု သေချာ ခံယူခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက အခုချိန် ၂၀၂၂ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ၉၀၅၆ဦး ရှိနေပြီး ၆၈၇ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ