၄၄ လမ်း၊ အင်းစိန်ထောင်နဲ့ အာဏာသိမ်းဆန့်ကျင်လူငယ်ရဲ့နောက်ဆုံးခရီး

ဓာတ်ပုံ ရင်းမြစ်, ထောင်ဝင်စာပို့ကြမယ်
၄၄ လမ်း ဖြစ်စဉ်လို့ပြောလိုက်တိုင်း ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က နေအိမ်တိုက်ခန်းတခုကိုစစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းလို့ လူငယ် ၅ ဦးခုန်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ ဖြစ်စဉ်ကို ပြည်သူအများစု တွဲမှတ်မိလေ့ရှိပါတယ်။
ဒီဖြစ်စဉ်နောက်ဆက်တွဲ လူငယ်အချို့ ဆက်ပြီးဖမ်းဆီးခံခဲ့ရတာရှိပေမဲ့အထင်ကရမဖြစ်ခဲ့ပါဘူး။
အခု ၂ နှစ်အကြာမှာတော့ ထပ်မံဖမ်းဆီးခံခဲ့ရတဲ့လူငယ်တွေထဲကတစ်ဦးဟာအင်းစိန်အကျဉ်းထောင်ထဲမှာ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။
အဖမ်းဆီးမခံရမီကျန်းမာရေးကောင်းမွန်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမင်းဟိန်းခန့်ဟာ စက်တင်ဘာ ၂၄ ရက်မှာ ထောင်တွင်းသေဆုံးခဲ့တာဖြစ်ပါတယ်။
“ထောင်ထွက်လက်မှတ်မှာတော့ နှလုံးကြွက်သားအားနည်းတယ်ဆိုပြီး ရေးထားတယ်” လို့ ကိုမင်းဟိန်းခန့်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။
မောင်နှမ သုံးယောက်မှာ သားအကြီးဆုံးဖြစ်တဲ့ ကိုမင်းဟိန်းခန့်ဟာ အိုင်တီသမားတစ်ဦးဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုက သူ့ဘဝကို တဆစ်ချိုးပြောင်းလဲသွားစေခဲ့ပါတယ်။
စစ်ကြောရေးမှာ လချီ စစ်ဆေးခံခဲ့ရတဲ့ ကိုမင်းဟိန်းခန့်

ဓာတ်ပုံ ရင်းမြစ်, CJ
ပုဇွန်တောင် နဲ့ ဗိုလ်တထောင်မြို့နယ်လူငယ်များသပိတ်ကော်မတီ (PBYSC) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုမင်းဟိန်းခန့်ကို ၄၄ လမ်းဖြစ်စဉ်အပြီး နှစ်လအကြာ အောက်တိုဘာလ ၁ ရက်နေ့မှာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်မှာစစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကြောရေးမှာ နှစ်လကြာစစ်ဆေးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းမှသာအင်းစိန်အကျဉ်းထောင်ထဲ ကို ရောက်ရှိခဲ့ပါတယ်။
“အင်းစိန်ထောင်ရုံးထုတ်တွေကျမှ မိသားစုကတွေ့ရတာပေါ့။ တရားရုံးရှေ့ရောက်မှ သူဘာလုပ်တယ်ဆိုတာသိရတော့ သူ့မိဘတွေလည်းသူ့ကိုအံ့သြကြတယ်”
“သူတော်တော်လေးကို လုပ်ခဲ့တာပါလားဆိုပြီးလေ”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ ကိုမင်းဟိန်းခန့်ရဲ့ လှုပ်ရှားမှုတွေကို ဖမ်းဆီးခံရပြီးမှသိခဲ့ရတဲ့အကြောင်းမိသားစုဝင်တစ်ဦးကပြန်ပြောပြပါတယ်။
“သူ့ကိုကရုဏာဒေါသလည်းမဖြစ်မိပါဘူး။ မိသားစုကတော့ အဲဒီကာလက သူ အွန်လိုင်းရှော့ပင်လုပ်နေတယ်လို့ပဲသိထားကြတာ” လို့ မိသားစုဝင်က ဆက်ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တဲ့ ကိုမင်းဟိန်းခန့်ဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ပညာရေးရပ်နားခဲ့ရပြီး ကပ်ရောဂါပြီးဆုံးရင် အိုင်တီပညာရပ်ကိုလေ့လာဖို့ စိတ်ကူးထားခဲ့သူလို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့ချိန်မှာတော့ ကိုမင်းဟိန်းခန့်ရဲ့ အိပ်မက်တွေအကောင်အထည်မဖော်နိုင်တော့ဘဲ အကျဉ်းထောင်နံရံတွေနောက်မှသာ သူ့ဘဝနောက်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။
၄၄ လမ်းဖြစ်စဉ်နဲ့ ကိုမင်းဟိန်းခန့်

ဓာတ်ပုံ ရင်းမြစ်, Social Media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ လူငယ်တွေရှိရာ ၄၄ လမ်းနေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဖမ်းဆီးချိန်တုန်းက ကိုမင်းဟိန်းခန့်ဟာ အပြင်မှာရောက်ရှိနေတာကြောင့် လွတ်မြောက်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ၄၄ လမ်းတိုက်ခန်းပေါ်ကနေ ခုန်ချထွက်ပြေးသူတွေထဲက ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရကာ ၃ ဦးကိုဖမ်းဆီးရမိတယ်လို့ ထုတ်ပြောထားပါတယ်။
လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ် အပါအဝင် ဆူပူအကြမ်းဖက်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများနဲ့ အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ တယ်လို့ ဖြစ်စဉ်အပြီး သြဂုတ်လ ၁၁ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ဖမ်းဆီးမှုကနေ လွတ်မြောက်ခဲ့ပေမဲ့ နှစ်လအကြာမှာ သူငယ်ချင်းဖြစ်သူ မိသားစုဝင်တစ်ဦးရဲ့ နာရေးကို ကူငွေပေးဖို့သွားပေးချိန်မှာ စစ်ကောင်စီထိန်းသိမ်းတာခံလိုက်ရပါတယ်။
“လာမယ့် အောက်တိုဘာလ ဆိုရင် သူ့အသက် ၂၂ နှစ်ပြည့်ပြီ။ သူအဖမ်းခံရတာလည်း နှစ်နှစ်ပြည့်တာပေါ့” လို့ မွေးလမှာပဲဖမ်းဆီးခံခဲ့ရတဲ့ ကိုမင်းဟိန်းခန့်အကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဖမ်းခံရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ က ၊ လူသတ်ရန်အားထုတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၀(စျ) အပါအဝင် အခြားပုဒ်မ တွေနဲ့ပါ ထောင်ဒဏ် ၂၇ နှစ် အမိန့်ချခံခဲ့ရပါတယ်။
အသက်ထက်ပိုတဲ့ ထောင်ဒဏ်တွေကို ချမှတ်ခံခဲ့ရတဲ့ ကိုမင်းဟိန်းခန့်ဟာ အခုနှစ် ဇူလိုင်လကစလို့ ထောင်တွင်းမှာမကြာခဏမူးလဲခဲ့တာကြောင့် ကျန်းမာရေးစစ်ဆေးရာမှာနှလုံးရောဂါဖြစ်နေကြောင်း သိရတာလို့ မိသားစုဝင်တွေကပြောပါတယ်။
“အခုနှစ် မေလ တုန်းကမှ အမှုတွေအကုန်ပြီးသွားတာ။ မိသားစုနဲ့လည်း တွေ့ခွင့်မရှိတော့ဘူး။ သူ့အတွက် ခံစားရတာတွေ များမယ်ထင်ပါတယ်” လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
ကိုမင်းဟိန်းခန့်မှာ နှလုံးရောဂါခံစားနေရကြောင်း သိရှိချိန်မှာတော့ မိသားစုဝင်တွေက ဆေးဝါးတွေ ပေးပို့ပေမယ့် အနီးကပ်ဆေးရုံ၊ ဆေးခန်းပြသပေးတာမျိုးမရှိတာကြောင့် ထိရောက်မှုမရှိခဲ့ဘူးလို့ အင်းစိန်ထောင်က နိုင်ငံရေးအကျဥ်းသားတွေအရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စက်တင်ဘာ ၂၄ ရက်မှာတော့ နေ့လယ်စာ စားအပြီး ရုတ်တရက်မောလာတာကြောင့် ထောင်ဆေးရုံကို ပေးပို့ကြပေမဲ့ လမ်းမှာတင်သေဆုံးသွားခဲ့ရပါတယ်။
“မိသားစုဆီ အလောင်းလာထုတ်ဖို့ အကြောင်းကြားတော့ ကြံဖန်ကျေးဇူးတင်ရမလိုပဲ။ အရှေ့မှာ အလောင်းပြန်မရတာတွေ၊ သေချာ မသင်္ဂြုဟ်လိုက်ရတာတွေ အများကြီးကြားသိနေရတာလေ” လို့ မိသားစုဝင်တစ်ဦးက သူ့ရဲ့ ခံစားချက်ကိုပြောပြပါတယ်။
ကွယ်လွန်ပြီး နောက်တရက် စက်တင်ဘာ ၂၅ ရက်မှာ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်ခွင့်ရခဲ့တယ်လို့ နာရေးလိုက်ပါပို့ဆောင်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလို အင်းစိန်အကျဉ်းထောင်တွင်း ရုတ်တရက်ကွယ်လွန်ခဲ့တာဟာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိနေတာကြောင့်လို့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီစောင့်ရှောက်ရေးလုပ်ဆောင်နေသူတွေက ထောက်ပြကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ အကျဉ်းသားအခွင့်အရေးအပြည့်အဝမရတာအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆုံးရှုံးမှု ပိုဆိုးလာတယ်လို့ ကိန်းဂဏန်းတွေနဲ့ပါ ဖော်ပြနေကြတာပါ။
အင်းစိန်အကျဉ်းထောင်ထဲ နှလုံးရောဂါကြောင့် လူငယ်တစ်ဦး ကွယ်လွန်ခဲ့ရတဲ့ အခုဖြစ်စဉ်အပါအဝင် အကျဉ်းထောင်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောထားတာမရှိပါဘူး။
“ သူ့ရဲ့ နောက်ဆုံးခရီးကို ချောချောမွေ့မွေ့ဖြစ်ခဲ့တာကိုပါ ကျေနပ်ရပါတယ်”
“နောက်ဆုံးသေဆုံးမှပဲ ကျွန်တော်တို့ဆီ ပြန်ရောက်လာခဲ့တာပေါ့လေ” လို့ ကိုမင်းဟိန်းခန့်ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
သေဆုံးပြီးမှ ရလာခဲ့တဲ့ ထောင်ထွက်လက်မှတ်ကိုတော့ ကိုမင်းဟိန်းခန့်ရဲ့ ရုပ်အလောင်းနဲ့အတူ သင်္ဂြိုဟ်ရာမှာ ထည့်ပေးလိုက်ပြီလို့ မိသားစုဝင်တစ်ဦးက ဝမ်းနည်းစိတ်ကို ထိန်းချုပ်ပြီး ခပ်လေးလေးနဲ့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။









