မုံရွာထောင်က အစာငတ်ခံဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, Screengrab
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရင်း လူသိများထင်ရှားလာတဲ့ နိုင်ငံရေးအကျဉ်းသားအများစုကို ထိန်းသိမ်းထားတဲ့ မုံရွာအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှု ဖြစ်နေပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကစလို့ အမျိုးသားအဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက စတင်ပြီး သူတို့ရဲ့ အကျဉ်းသားအခွင့်အရေးတွေရဖို့ တောင်းဆိုခဲ့ရာကနေ လေးရက်အကြာ စက်တင်ဘာ ၁၁ ရက်မှာတော့ ဆန္ဒပြသူ အယောက် ၅၀ အထိ ရှိလာပါတယ်။
တောင်းဆိုနေသူအားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြပြီး မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်လည်း စက်တင်ဘာ ၁၁ ရက်မှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
“အထူးရှာဖွေရေးဆိုပြီး စစ်တယ်၊ ပစ္စည်းတွေသိမ်းတယ်။ ဒီပစ္စည်းတွေကို ပြန်ပေးဖို့အပါအဝင် ထောင်ဝင်စာကိစ္စတွေပါ တောင်းဆိုနေကြတာ ” လို့ အာဏာသိမ်းပြီးနောက် မုံရွာထောင်မှာ ပထမဆုံးအကြိမ် အစာငတ်ခံဆန္ဒပြကြရတဲ့ အကြောင်းအရင်းကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီဝင် ကိုရှင်းသန့်က ရှင်းပြပါတယ်။
ပြင်ပဌာနတွေက ဝင်ရောက်စစ်ဆေးခဲ့တဲ့ အကျဉ်းထောင်

ဓာတ်ပုံ ရင်းမြစ်, CJ
အစာငတ်ခံဆန္ဒပြတောင်းဆိုမှုကို ဖြစ်စေခဲ့တဲ့ အထူးရှာဖွေရေးမှာ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေ အပြင် အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲ ၊ စစ်သားနဲ့ မီးသတ်တို့ပူးပေါင်း ပါဝင်တဲ့ အဖွဲ့ကနေ ရှောင်တခင် လာစစ်ခဲ့တာလို့ အကျဉ်းထောင်တွင်းအခြေအနေ သိရှိသူတွေက ပြောကြပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ မနက်မှာ ပူးပေါင်းအဖွဲ့ကနေ အထူးရှာဖွေရေးလုပ်ခဲ့ပြီးနောက် အကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူကာ တစ်ဦးကို အင်္ကျီသုံးထည်၊ စောင် နှစ်ထည်သာ ချန်ရစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“မိသားစုဝင်တွေက ပေးထားတဲ့ ဓာတ်ပုံတွေကအစအကုန်သိမ်းသွားခဲ့တာ” လို့ အတွင်းသတင်းကို ကိုးကားပြီး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
အဲဒီလို အင်အားသုံးရှာဖွေပြီး အကျဉ်းသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာကြောင့် ဖြစ်စဉ်ဖြစ်ခဲ့တဲ့ သောကြာနေ့တရားရုံးထုတ်စစ်ဆေးမှုတွေကို အကျဉ်းသားတွေက ငြင်းဆိုခဲ့ကြ ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အကျဉ်းသားတွေကို ဖိအားပေးပြီး တရားရုံးထွက်စေခဲ့တယ်လို့ မုံရွာသပိတ်ကော်မတီဘက်ကရော နိုင်ငံရေးအကျဉ်းသားတွေအရေးစောင့်ကြည့်သူတွေကပါ တစ်ညီတစ်ညွတ်တည်းပြောဆိုကြပါတယ်။
“ညနေရုံးထွက်ပြန်လာကြတော့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြဖို့ စခဲ့ကြပါတယ်၊ ကျန်တဲ့ အကျဉ်းသားတွေက မီနီဟမ်ဂါး (Mini Hunger) ထောင်ကကျွေးမွေးတဲ့ အစားအသောက်တွေ လက်မခံတဲ့ လှုပ်ရှားမှုလုပ်ခဲ့ကြတယ်” လို့ ကိုရှင်းသန့်က ဆက်ပြောပြပါတယ်။
ဒါကြောင့် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့ဆိုတဲ့အချက်အပါအဝင် ထောင်ဝင်စာတင်းကျပ်မှုတွေကိုပါ ဖြေလျှော့ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
မုံရွာအကျဉ်းထောင်မှာ အခုနှစ်တွေထဲ ဖိနှိပ်မှုတွေ ပိုများလာပြီး အကျဉ်းသားတွေရဲ့ ထောင်ဝင်စာ ကန့်သတ်တာ၊ ရိုက်နှက်တာတွေ ကြုံနေရတာလို့ ပြောပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ် ဧပြီလ မုံရွာထောင်ဆူပူမှု ဖြစ်ပြီး ထောင်မှူးအပြောင်းအလဲလုပ်ပြီးတဲ့နောက် အကျဉ်းသားအခွင့်အရေး ပိုဆုံးရှုံးလာခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရော၊ မုံရွာအကျဉ်းထောင်မှာ နေထိုင်ခဲ့ရတဲ့ အကျဉ်းသားဟောင်းတွေကပါ တပြေးညီဖြေကြပါတယ်။
အကျဉ်းဦးစီးဌာနဘက်က ရုတ်တရက်အထူးရှာဖွေရေးလုပ်ဆောင်ရတဲ့ အကြောင်းအရင်းအပါအဝင် မုံရွာထောင်အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ဌာနတာဝန်ရှိသူတွေကိုသာမက စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရ ဦးအေးလှိုင်ကိုပါ ဘီဘီစီက ကြိုးစားဆက်သွယ်ပေမဲ့ မရရှိခဲ့ပါဘူး။
အကျဉ်းထောင်တွေကို ဘယ်အချိန်မှာ အထူးရှာဖွေရေးလုပ်ဆောင်လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စုဝေးနေတဲ့ မုံရွာအကျဉ်းထောင်ကို အထူးရှာဖွေရေးလုပ်ရတဲ့ အကြောင်းအရင်း နှစ်ချက်ရှိ နိုင်တယ်လို့ အကျဉ်းဦးစီးဌာန ဝန်ထမ်းဟောင်းတွေက သုံးသပ်ကြပါတယ်။
ထောင်ထဲမှာ ဥပဒေနဲ့ မညီတဲ့ ပစ္စည်းတွေရှိနေတယ်လို့ သံသယဝင်တာဖြစ်စေ၊ ထောင်အကြီးအကဲတွေကို အယုံအကြည်မရှိတာကြောင့်ဖြစ်စေ ဒီလိုအထူးရှာဖွေရေးလုပ်နိုင်တယ်လို့ ထောက်ပြကြတာပါ။
ဒီလိုစစ်ဆေးရာမှာ ထူးခြားတဲ့အချက်က စစ်တပ်၊ ရဲ၊ မီးသတ်၊ ထွေအုပ်တွေပါ ပါဝင်ပြီး အထူးရှာဖွေရေးလုပ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
“အကျဉ်းဦးစီးဌာနမှာရှိတဲ့ သင်တန်းကျောင်းတွေက အရာရှိတွေ ပူးပေါင်းပြီး ထောင်အာဏာပိုင်တွေနဲ့ အတူ စစ်ဆေးရေးလုပ်ကြတာပါ၊ ဒါက အကျဉ်းထောင်လုပ်နေကြ အထူးရှာဖွေရေးပုံစံပဲ” လို့ နှစ် ၃၀ ကျော် လုပ်သက်ရှိခဲ့တဲ့ အကျဉ်းဦးစီးဌာန၊ အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိပြဋ္ဌာန်းထားဆဲ အကျဉ်းထောင်အက်ဥပဒေ၊ အကျဥ်းထောင်လက်စွဲနဲ့ အကျဥ်းသားများအက်ဥပဒေ အရလည်း အခြားပြင်ပဌာနကအဖွဲ့ဝင်တွေ ပူးပေါင်းပြီးရှာဖွေလို့မရဘူးလို့ သူကဆက်ပြောပါတယ်။
“ဂုဏ်သိက္ခာကျဆင်းတာပေါ့။ အခြားပြင်ပဌာနတွေက ရှာဖွေရတယ် ထိန်းသိမ်းရတယ်ဆိုတာက ထောင်အာဏာပိုင်တွေရဲ့စည်းကမ်းထိန်းချုပ်နိုင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်တယ်လေ” လို့ အရာရှိဟောင်းက သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
မုံရွာအကျဉ်းထောင်နဲ့ နီးစပ်သူတွေကတော့ စက်တင်ဘာ ၈ ရက်နေ့ ရှောင်တခင်စစ်ဆေးမှုဟာ ဘာကြောင့် လုပ်ဆောင်တယ်၊ ဘယ်သူက အမိန့်ပေးစေခိုင်းတယ်ဆိုတာ ဂဃနဏမသိရဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မတိုင်ခင်ကာလမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ပြဿနာတစုံတရာမရှိနေဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သူတို့ရရှိထားတဲ့ သတင်းတွေအရ အခိုင်အမာ ပြောပါတယ်။
ရှာဖွေရေးအပြီး ငါးရက်အကြာ အစာငတ်ခံသူ အယောက် ၅၀ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Wai Moe Naing
စစ်ဆေးရေးအပြီး ငါးရက်ကြာမြင့်လာချိန် စက်တင်ဘာ ၁၂ ရက်အရောက်မှာတော့ မုံရွာအကျဉ်းထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ရှိလာပါပြီ။
ဆန္ဒပြမှု စတင်ခဲ့တဲ့ ၁၄ ဦးကို သီးသန့်ခွဲထားရာကနေ စက်တင်ဘာ ၁၁ ရက်မှာတော့ အကျဥ်းထောင်ထဲက မူလအချုပ်ဆောင်တွေထဲ ပြန်ပို့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေဘက်ကလည်း ဆန္ဒပြသူ ၃၆ ဦး ထပ်တိုးလာခဲ့တာပါ။
“၁၄ ဦးကိုပြန်ပို့လာချိန်မှာ ၃ ဦးက မူးလဲပါတယ်။ ထောင်ဘက်က ဒါဟာ မင်းတို့သဘောနဲ့ မင်းတို့လုပ်တာ တရားမဝင်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်းမပေးနိုင်ဘူးလို့ ပြောတယ်”
ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဘီဘီစီကို အခုလို ပြောပါတယ်။
“၁၂ ရက်နေ့ သိထားရတာကတော့ ဆန္ဒပြတဲ့သူတွေအားလုံးကို စုဝေးပြီးထား ထားတယ်။ ဒါပေမဲ့ ကိုဝေမိုးနိုင်ကိုတော့ တိုက်ပိတ်ထားတယ်” လို့ သူက ဆက်ပြောပြပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီဝင် ကိုရှင်းသန့်ကလည်း မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထားတဲ့အကြောင်း ထပ်လောင်းအတည်ပြုထားပါတယ်။
ကိုဝေမိုးနိုင်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးသလို အကျဉ်းထောင်ဘက်က မိသားစုဆီ တစုံတရာအကြောင်းကြားလာတာလည်းမရှိဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
“အကျဉ်းသားတွေအရေးကို ပြည်သူတွေအာရုံထားကြဖို့၊ သက်ဆိုင်ရာလူ့အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့ ကူညီနိုင်သလောက် ကူညီပေးသင့်နေပြီ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက တောင်းဆိုထားပါတယ်။
ဒီလို အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ဆယ်ချီနဲ့ အတူ ရပ်တည်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ သပိတ်အင်အားစုတွေပူးပေါင်းပြီး "သံဖြတ်လွှ" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတွေလည်း လုပ်နေကြပါတယ်။









