နိုင်ငံရေး အကျဥ်းသားတွေကို ထောင်ပြောင်းနေတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, MPA
အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဥ်းသားတွေထဲက ရာဇသတ်ကြီးပုဒ်မတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ အယောက် ၁၃၀ကျော်ဟာ သာယာဝတီထောင်ကို စစ်ကောင်စီလက်အောက် ထောင်အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိတ်တဆိတ်ပြောင်းရွှေ့ ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီထဲက အယောက် ၃၀ ဟာ အမျိုးသမီးနိုင်ငံရေးအကျဥ်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသူတွေထဲမှာ တရားမဝင်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ရုပ်ရှင်ဖန်တီးသူ မအိမ့်လည်း ပါဝင်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို အကျဥ်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှဥ်းပန်းနှိပ်စက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ် နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အင်းစိန်အကျဥ်းထောင်က ပြန်လွတ်လာသူတစ်ဦးကတော့ အင်းစိန်ထောင်အတွင်း အခန်းတိုင်းလိုလိုမှာ လူဦးရေ ၂ ဆ ဖြစ်နေပြီး အခန်းတိုင်းမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ အဖမ်းခံရသူတွေက အများဆုံးဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အင်းစိန်ထောင်ထဲက အခန်းတိုင်းမှာ နိုင်ငံ့ရေး အကျဥ်းသားက အများဆုံးဖြစ်နေပြီးတော့ အခန်းတစ်ခန်းကို အရင်က လူ ၇၀ ခန့်ရှိရာကနေ အခု ၁၄၀ ကျော်ခန့်အထိ ရှိလာနေတယ်လို့ အင်းစိန်ထောင်က အခုရက်ပိုင်းလွတ်လာသူ တစ်ဦးကပြောပြပါတယ်။
"လူများလွန်းလို ညအိပ်ရင် တစ်စောင်းအိပ်ရတယ်၊ ပက်လက်အိပ်လို့ မရဘူး၊ ညဘက် အပေါ့အပါးသွားပြီးရင် နေရာက ပျောက်သွားတတ်တယ်"လို့ အင်းစိန်ထောင်ထဲက အခြေအနေကို သူက ဘီဘီစီကိုပြောပါတယ်။
တချို့ နေရာကောင်းတဲ့ အခန်းတွေဆိုရင် စျေးသိန်းနဲ့ချီပြီးပေးရတယ်လို့ ရက်ပိုင်းလွတ်လာသူ တစ်ဦးကပြောပါတယ်။
အင်းစိန်ထောင်အတွင်း စုစုပေါင်း အကျဥ်းသား တစ်သောင်းတစ်ထောင်ကျော်လောက် ထောင်ထဲမှာရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းပြန်လွတ်လာသူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်တွင်း အကျဥ်းထောင်တွေထဲက အခြေအနေတွေကို ပြင်ပကမ္ဘာက မသိရှိစေဖို့ သတင်းအမှောင်ချထားတာ၊ ထောင်တွင်း ညှဥ်းပန်းနှိပ်စက်မှုနဲ့ အခွင့်အရေးချိုးဖောက်မှု စတာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးနဲ့ အကျဥ်းသားကူညီရေး အဖွဲ့တွေက ထောက်ပြပြောဆိုတာတွေ ဆက်တိုက်ရှိလာပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေကို ဘာ့ကြောင့် ထောင်ရွှေ့တယ်ဆိုတာမျိုး ရှင်းရှင်း လင်းလင်းမသိရပေမဲ့ အကျဥ်းထောင် လက်စွဲအရဆိုရင် အကျဥ်းထောင်တွေထဲ ထိန်းသိမ်းထားသူများလာတဲ့အခါ၊ အကျဥ်းသားကို အခြေခံပြီး ဆူပူမှုဖြစ်လာနိုင်တဲ့အခါ ထောင်ပြောင်းလေ့ရှိတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အင်းစိန်ထောင်အတွင်းမှာ နိုင်ငံရေးကျဥ်းသားတွေ ကွပ်မျက်ခံခဲ့ရတာကို သိတဲ့အတွက် အစာငတ်ခံ ဆန္ဒပြတဲ့ သူတွေအချို့ရှိပြီး ဒီလူတွေကို အဆောင်ပြောင်းတာ တိုက်ပိတ်အရေးယူတာတွေရှိတယ်လို့ အင်းစိန်ထောင်က ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။
မုံရွာထောင်က အကျဉ်းသားအချို့ကိုလည်း မြင်းခြံထောင်ဆီ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ပါတယ်။
ဧပြီလတုန်းကလည်း ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား ၁၅၀ လောက်ကိုမြင်းခြံထောင်ဆီ ပြောင်းရွှေ့ခဲ့ပါသေးတယ်။
မုံရွာထောင်က ကျဉ်းပြီး အကျဉ်းသားဦးရေက များနေတဲ့အတွက် ပိုကျယ်တဲ့ မြင်းခြံပင်မ အကျဉ်းထောင်ကို ပြောင်းရွှေ့တာလို့ သိရကြောင်း ပြောင်းရွှေ့ခံရသူတစ်ဦးဖြစ်တဲ့ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ရဲ့ မိသားစုဝင်က ပြောပါတယ်။
ပြစ်ဒဏ်ကျ အကျဉ်းသား ၁၀၀ ဝန်းကျင်ကို မြင်းခြံထောင်ဆီ ပြောင်းရွှေ့လိုက်တဲ့သီတင်းပတ်ထဲမှာပဲ သြဂုတ်လ ၅ ရက်နေ့က ထောင်တွင်းကို အထူး စစ်ဆေးရေး ဆိုပြီး ဝင်ရောက်စစ်ဆေးပြီးနောက် ထောင်တွင်းက အကျဉ်းသားတွေရဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ မိသားစုတွေက ဆက်သွယ်ပို့ထားတဲ့စာတွေ၊ စာအုပ်တွေ စတဲ့ ပစ္စည်းတွေအားလုံးကို သိမ်းသွားပြီးနောက် ပြန်မပေးတဲ့အတွက် မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ဦးဆောင်တဲ့ အကျဉ်းသား လေးယောက်က အကျဉ်းသားတွေရဲ့ အခွင့်အရေး တောင်းဆိုပြီးအစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တစ်ဖက်မှာလည်း မကွေးထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်ဒဏ်တွေအသီးသီးချ မှတ်ခံရ ပြီးတဲ့နောက်မှာ ထောင်အာဏာပိုင်တွေက သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရတာ လနဲ့ချီကြာမြင့် နေပြီလို့ မိသားစုဝင်တွေက ဘီဘီစီကို ပြောထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ ကုလမသဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ အိမ်နီးချင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာအကျဥ်းထောင်တွေထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊သတင်းအမှောင်ချထားခံရတာ၊ နောက် တရားလက်လွတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ် အရေးယူပေးဖို့ တိုက်တွန်းနေပါတယ်။
အင်းစိန်ထောင်မှာ ထောင်တွင်းတရားရုံးနဲ့ နိုင်ငံရေး ပြစ်မှုတွေကို ပြစ်ဒဏ်ချနေတာဖြစ်ပြီး နိုင်ငံရေး အကျဥ်းသားတွေဟာ မိသားစုတွေက လာတွေ့ခွင်မရလို့ အစားအသောက် အနေအထိုင် အခက်အခဲတွေ ရှိကြောင်းလည်း အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။








