အန်တီကြီးရဲ့ အင်းစိန်၊ သာယာဝတီ နေ့စွဲများ

ဓာတ်ပုံ ရင်းမြစ်, CJ
အဲ့ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ဟာ မျှော်လင့်မထားတဲ့နေ့ ဖြစ်သလို အံ့သြစရာ ကောင်းတဲ့နေ့လို့ အန်တီကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း တစ်ရက်က ရန်ကုန်မြို့ မြောက်ဥက္ကလာပ နေအိမ်ကနေ ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်က ရိုက်နှက်ပြီး ကြမ်းတမ်းစွာ ဖမ်းဆီးသွားတာကို အရွယ်နဲ့မလိုက် ခံခဲ့ရတဲ့ အန်တီကြီးဟာ စစ်တရားရုံးက စစ်ဆေး အမိန့်ချတာ ခံရပြီး ထောင် ၃ နှစ် ကျခံနေခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။
အဲဒီနောက် အင်းစိန်ထောင်မှာ စက်တင်ဘာလက တိုက်ပိတ်ခံရပြီး ထောင်တွင်းဆူပူတယ် ဆိုတဲ့ ပြစ်ဒဏ်တွေနဲ့ သာယာဝတီထောင်ကို အပြောင်းခံခဲ့ရပါတယ်။
"အန်တီကြီးအတွက် ထောင်ကလွတ်ဖို့ဆိုတာ အံ့သြစရာပါလို့" သူက ဆိုပါတယ်။
"ဖမ်းတုန်းက အရွယ်နဲ့မလိုက် ရဲအယောက် ၂၀ လောက်က ရိုက်ပြီး ဖမ်းသွားတာ အထဲမှာလည်း ခွဲခြားဆက်ဆံတာ ခံရတယ်၊ ဒီနေ့ လွှတ်ပေးတာ ဝမ်းသာစရာမရှိဘူး"လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပဲခူးသတင်းစဥ်
စစ်အုပ်ချုပ်ရေးဒေသ မြောက်ဥက္ကလာမြို့နယ် ၊ စစ်ခုံရုံးကတစ်ဆင့် ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခံရတဲ့ အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ မှာတော့ သာယာဝတီထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့အပြီးမှာ သူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေကို ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။
သာယာဝတီမြို့ အကျဉ်းထောင်ဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စျ ရပ်ကွက်က ဒေါ်မိငယ်အိမ်နဲ့ မိုင် ၇၀ ကျော်လောက် ဝေးပြီး ကားနဲ့ ပုံမှန်မောင်းရင် ၃ နာရီခန့်နဲ့ ရောက်နိုင်ပါတယ်။
သာယာဝတီထောင်ဟာ ရန်ကုန်-ပြည် ကားလမ်းဘေးအတိုင်း ရန်ကုန်ဘက်က လာရင် သာယာဝတီမြို့ကို ကျော်တာနဲ့ ညာဘက်ကို အတွင်းလမ်းအတိုင်း ချိုးလာရင် ရောက်ပါတယ်။
လမ်းဦးတိုက် ဖြစ်နေတဲ့ သာယာဝတီထောင်ရဲ့ အရှေ့ လမ်းဘေးတစ်ဖက်မှာတော့ ကားမှတ်တိုင်လို အဆောက်အအုံ ရှိပြီး အဲဒီ့နေရာဟာ ထောင်ဝင်စာတွေ့သူတွေ၊ ထောင်ကထွက်လာသူတွေကို လာကြိုသူတွေ စောင့်ဆိုင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီနေ့က သူ့ကို လာကြိုသူတွေ မရှိဘဲ ထောင်ကလွတ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အငှားကား ကားကြုံ နဲ့ ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်လို့ သူက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒေါ်မိငယ်ဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ရဲ့ နေအိမ်ကို မေလ ၂ ရက်နေ့က လာရောက်ရှာဖွေရာမှာ သူ့ကိုမတွေ့ရလို့ မိခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
"အောက်တိုဘာလ ၁၈ ရက်နေ့က ညနေ ၃ နာရီလောက်မှာ လွတ်မယ်လို့ ကြားတယ်၊ ၄၀၁ နဲ့ လွတ်တယ် ဆိုတဲ့ အကြောင်းပြောပြီး အန်တီတို့ကို လက်မှတ်ထိုးပြီး ၆ နာရီလောက်မှာ ထောင်က ထွက်ရတယ်"လို့ သူက ပြန်ပြောပြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြရာမှာ ပါဝင်လို့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၃၀၀ ကျော်နဲ့ တရားရုံးတွေမှာ တရားရင်ဆိုင်နေရသူ ၄၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က အောက်တိုဘာလ ၁၈ ရက် နေ့လယ်ပိုင်းမှာ ပြောတဲ့ သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပြီးတဲ့နောက် အကျဉ်းကျခံရသူတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူတွေကို စတင် လွှတ်ပေးခဲ့ပါတယ်။
မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့တုန်းကတော့ NLD ပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတချို့၊ ဖမ်းဆီးခံသတင်းသမားတွေ ပြန်လွတ်လာပြီး ဒီနေ့မှာ ထပ်မံလွတ်မြောက်လာမယ့်သူတွေလည်း ကျန်ရှိနေပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်ထောင်က စာရေးဆရာမ တူးတူးသာ ပြန်လွတ်လာတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေကို ပြန်တောင်းပန်ဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အောက်တိုဘာလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းချခံရ၊ အမှုရင်ဆိုင်နေရသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာဟာ ပြည်တွင်းပြည်ပ ဖိအားတွေ ကြောင့် ဆိုပြီး မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
"အန်တီထောင်ကျဖူးပါတယ်။ဒါပေမဲ့ ဒီတခါ ထောင်ကပြန်လွတ်လာတာက သေတွင်းထဲက ပြန်လာရသလိုပဲ၊ သေရွာက ပြန်လာရသလိုပဲ" လို့ ဒေါ်မိငယ်က ပြောပါတယ်။
ပြန်ရတော့မယ်၊ အဝတ်အစားတွေ ထုတ်လို့ လာပြောတဲ့ အချိန်မှာ အံ့အားသင့်မိတယ်လို့ သူက ပြောပါတယ်။
အင်းစိန်မှာ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ သီချင်းတွေအော်ဆိုတာကြောင့် နှစ်ပတ် တိုက်ပိတ်ခံခဲ့ရသလို သာယာဝတီထောင် ပို့တုန်းကလည်း တိုက်ပိတ်ခံရတဲ့အကြောင်း သူက ပြောပြပါတယ်။
"အင်းစိန်မှာ ၅ လပိုင်းက စကျတာ ဆိုတော့ သာယာဝတီရောက်တော့ ၉ လပိုင်းမှာ ရောက်တာ၊ အင်းစိန်က ၅၀၅ တွေနေတဲ့ အကျဆောင် (ထောင်ဒဏ်ချမှတ်ခံရသူတွေ အဆောင်)မှာ အန်တီက အသက်အကြီးဆုံးပဲ၊ ကျန်တဲ့သူတွေ ကလေးတွေ ၃၀၊ ၄၀ ပါပေမယ့် နည်းတယ်။ ၁၇ နှစ်၊ ၁၈နှစ်၊ ၁၉နှစ် ကလေးတွေ ၅၀၅ တွေ အများကြီးပဲ"လို့ သူက ပြောပါတယ်။
" ၅၀၅ တွေဟာ ရောက်ခါစက အရမ်းများတော့ အခြားသူတွေ ခြေရင်း ညပ်သပ် ကြပ်ပြီး နေရတယ်။ ခြေတွေကြား အိပ်ရတယ်။ ဆေးမှုနဲ့ ထောင်ကျသူတွေက ခေါင်းအုံးနဲ့ အိပ်ရတယ်၊ အဲ့ဒါကို အန်တီကပြောတော့ ထောင်အရာရှိက ကြည့်မရဘူး ထင်ပါတယ် "လို့ သူက ပြောပါတယ်။
ဦးဉာဏ်ဝင်းဆုံးတုံးက အစာငတ်ခံကြတယ် ။ အာဇာနည် နေ့ အခမ်းနားလုပ်တယ်။ ၈၈ အခမ်းအနား လုပ်တယ်။ တော်လှန်ရေးသီချင်းတွေ ဆိုကြတယ်။ ၈၈ တော်လှန်ရေးသီချင်းတွေ ဆိုတော့ ည ၁၂ နာရီမှာ သီချင်းဆိုတဲ့သူတွေကို မိန်းမတွေက ရိုက်တယ်၊ နာမည်ခေါ်ပြီး ရိုက်တယ်၊ လက်တွေ ကြိုးတုပ်ပြီး ရိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ၁၀ ခန်းတွဲ အယောက် ၃၀ တိုက်ပိတ်ပြီး၊ ရေမချိုးရ၊ ထောင်ဝင်စာ ပေးမတွေ့သလို ထောင်ထဲက ချဉ်ပေါင်ဟင်းနဲ့ ပဲဟင်းပဲ နှစ်ပတ်ကျွေးခဲ့ကြောင်းနဲ့ အဲဒီနောက်မှာ ထောင်ပြောင်းပေးခဲ့တာ ဖြစ်ပြီး သာယာဝတီထောင်ကို ရောက်လာခဲ့တဲ့အကြောင်း သူက ရှင်းပြခဲ့ပါတယ်။
စစ်တပ်ဒေါက်တိုင်တွေဟာ ထောင်တွင်းမှာ ၅၀၅ နဲ့ထောင်ကျခဲ့တဲ့သူတွေအပေါ်မှာ ညှဉ်းပန်း နှိပ်စက်မှုတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။
အာဏာသိမ်းမှုဖြစ်အပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်ကို စစ်တပ်က ပြန်လွှတ်ပေးတာကို ကြိုဆိုပေမဲ့ ဒီလူပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်အတွက် တောင်းဆိုကြိုးပမ်းရင်း ဥပဒေနဲ့မညီ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ် ဆိုတာကို မမေ့ဖို့လည်း လိုတယ်လို့ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။
ထောင်ကထွက်လာခဲ့တဲ့ အန်တီကြီးလို့ခေါ်တဲ့ သူရဲ့ သားဖြစ်သူ ကိုတင်ထွဋ်ပိုင်ကတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုတင်ထွဋ်ပိုင်နဲ့ အခြားလူငယ်တစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်အတွင်း လောင်စာဆီစျေးနှုန်းတိုးမြှင့်မှုကြောင့် ပေါ်ပေါက်လာတဲ့ ကုန်စျေးနှုန်းကျဆင်းရေး နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဒေါ်မိငယ်ကို အဲ့ဒီတုန်းက အာဏာသိမ်းထားတဲ့ စစ်တပ်က ဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်ကို ထောင်ဒဏ် လေးနှစ်ပြစ်ဒဏ်ချခဲ့ပါတယ်။
ထောင်ထဲက ပြန်လွတ်လာတဲ့နောက်မှာတော့ သူဘာတွေဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ "အသက် ၆၄ နှစ် အန်တီကြီး ဘာလုပ်ပေးနိုင်သလဲ တာဝန်ကျေပြီလားဆိုတာ စဥ်းစားရဦးမှာ" ပါလို့ ဒေါ်မိငယ်က ပြောပါတယ်။








