အင်းစိန်က နွေဦး

ဓာတ်ပုံ ရင်းမြစ်, True News
နွေဦးဟာ ပြီးခဲ့တဲ့ ၆ လလောက်က ဖောက်ခွဲမှုတွေလုပ်တယ်လို့ စွပ်စွဲခံရပြီး ရန်ကုန်မြို့လယ်မှာ အဖမ်းခံခဲ့ရတဲ့ မိခင်နဲ့အတူ အင်းစိန်ကို ရောက်လာခဲ့သူပါ။
ဒီလကုန်မှာတော့ သူဟာ အဖမ်းခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် သူ့အမေရဲ့ ဝမ်းကြာတိုက်ကနေ လောကဟင်းလင်းပြင်ကို ထွက်လာခွင့်ရတော့မှာ ဖြစ်ပါတယ်။
ထောင်ထဲရောက်လာပြီး ၆ လ ကျော်ခန့်အကြာမှာ မွေးဖွားဖို့ရှိတဲ့ နွေဦးဟာ သူ့အဖေနဲ့တော့ တွေ့ခွင့်ရဖို့က သိပ်တော့မလွယ်လှပါဘူး။
ဒါပေမဲ့ သူ့အဖေဖြစ်သူကလည်း သူမွေးဖွားမဲ့ အင်းစိန်ထောင်ကြီးရဲ့ အခြားတနေရာမှာ ရှိနေတယ်လို့ နွေဦးရဲ့ အမေဖြစ်သူ မပိုးကျော့ကျော့ခန့်ရဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
အဖေနဲ့ မတွေ့ရသလို အမေနဲ့ အတူနေရဖို့ကလည်း နွေဦးအတွက်မရေမရာဖြစ်နေပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ သူ့အမေက သူနဲ့အတူထောင်က ဒုက္ခတွေ မခံစေချင်လို့ အပြင်ကို ပို့ပေးမယ်ဆိုလိုပါ။
သူအတွက် ကောင်းတာလား ဆိုးတာလား နွေဦးကတော့ မသိနိုင်ပါဘူး ၊ဒါပေမဲ့ သူ့ရှင်သန်မှုအတွက် သူ့အမေပေးထားတဲ့ နွေဦး ဆိုတဲ့နာမည်နဲ့အတူ အခုလအကုန်မှာ သူ ရောက်လာဖို့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
လွန်ခဲ့တဲ့ ၆ လ၊၂၀၂၁ ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က နေအိမ်တိုက်ခန်းတခုမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးလို့ လူငယ် ၅ ဦးခုန်ချခဲ့တဲသတင်းဟာ လူထုကြားလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး အခုအထိ အမှတ်ရနေကြပါသေးတယ်။
ဒီဖြစ်စဉ်ဖြစ်တဲ့နေ့မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပြောဆိုချက်လို့ ယူဆရတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီး အဲ့ဒီထဲက ပြောဆိုချက်တစ်ခုဖြစ်တဲ့ " အလွတ်ကြီးခုန်ချသွားတာ "ဆိုတဲ့ စကားသံဟာလည်း လူမှုကွန်ရက်မှာ လူပြောများတဲ့ စကားဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ခုန်ချထွက်ပြေးသူတွေထဲက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ ၃ ဦးကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ဖမ်းဆီးခံရတဲ့အထဲက တစ်ဦးဖြစ်တဲ့ မပိုးကျော့ကျော့ခန့်ဟာ အခုဆို နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ မွေးဖွားချိန်နီးနေပြီဖြစ်ပါတယ်။
ကိုယ်ဝန်နဲ့ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ နိပ်စက်မှုတွေရှိခဲ့တယ်လို့ ဆိုကြ
၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရသူတွေထဲက မပိုးကျော့ကျော့ခန့်ဟာ စတင်ဖမ်းဆီးခံရစဉ် အချိန်ကတည်းက ကိုယ်ဝန် နှစ်လနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပြီး စစ်ကြောရေးကာလအတွင်း ရိုက်နှက်စစ်ဆေးခံရမှုတွေလည်း ရှိခဲ့တယ်လို့ အကျဉ်းထောင်ထဲက ပြန်လွှတ်မြောက်လာသူအချို့က မပိုးကျော့ကျော့ခန့်ကို စစ်ကြောရေးမှာ မြင်ခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ကြပါတယ်။
ဒါ့အပြင် ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရခဲ့ဘူးလို့ ထောင်ဆေးရုံမှာ မြင်ခဲ့ရတဲ့အခြေအနေတွေကို ဆက်ပြောပြကြပါတယ်။
ရန်ကုန်မြို့က မီနီမတ်တစ်ခုမှာ အလုပ်လုပ်ရင်းတစ်ဖက် အဝေးသင်တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် မပိုးကျော့ကျော့ခန့်ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးမရှိတော့ဘဲ ဝမ်းကွဲအစ်မဖြစ်သူနဲ့ နေထိုင်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့နေ့က အဖြစ်အပျက်တွေ စစ်ကြောရေးမှာ ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့ ကိုယ်ဝန်လနုတဲ့ အချိန်ဖြစ်တာကြောင့် အစောပိုင်းကာလတွေမှာ ကြောက်ရွံနေတဲ့ မိန်းမငယ်တစ်ဦးအဖြစ် သူ့ကိုမြင်ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပြပါတယ်။
လက်ရှိမှာတော့ မပိုးကျော့ကျော့ခန့်ဟာ ကိုယ်ဝန်အရင့်အမာနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပေါက်ကွဲမှု ပုဒ်မ ၃ နဲ့ တရားရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကသိရပါတယ်။
" ဒီဖြစ်စဉ်မှာ သူပါတာ၊ မပါတာ အဓိက မကျဘူး၊ သူ့ကောင်လေးဆီ သူသွားရင်းဖမ်းဆီးခံလိုက်ရတယ်၊ တရားဥပဒေကြောင်းအရ ဆက်ပြီးဆောင်ရွက်နေပါတယ်"လို့မပိုးကျော့ကျော့ခန့်အတွက် ဥပဒေကြောင်းရ လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မပိုးကျော့ကျော့ခန့်အပါအဝင် အမျိုးသားနှစ်ဦးဟာ လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ် အပါအဝင် ဆူပူအကြမ်းဖက်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများနဲ့ အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
၄၄ လမ်းမှာဘာတွေဖြစ်ခဲ့လဲ
အဲ့ဒီ့နေ့က လူငယ်တစုငှားစီးတဲ့ တက္ကစီ ကို စစ်ကောင်စီဘက်က ခြေရာခံရင်း အဲဒီ တက္ကစီသမားက တစ်ဆင့် ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ လူငယ်တွေရှိရာ ၄၄ လမ်းနေအိမ်ကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ဝင်ရောက်စီးနင်း ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာပါ။
" တက္ကစီသမားနဲ့ မျှားခေါ်ထုတ်တယ်။ တက္ကစီသမားကို ပိုက်ဆံလာပေးခိုင်းတယ်။ အဲဒီလို ပိုက်ဆံလာပေးတဲ့လူနောက်ကို လိုက်မယ်ဆိုပြီး ဖမ်းခဲ့တာ။ ကုန်သည်ဘလောက်နဲ့ ကမ်းနားလမ်းကို အင်အားအများကြီးနဲ့ တက်ဖမ်းတယ်။ပစ်ခတ်ပြီးဖမ်းတော့ ကျွန်တော်က ခေါင်မိုးပေါ်တက်ပုန်းတယ်။ခေါင်မိုးပေါ်ရောက်တော့ နောက်ထပ် ၄ ယောက် ခုန်ချသွားတာကိုမြင်ရတယ်၊ ပက်လက်အနေအထားနဲ့ ကျသွားတာကို တစ်ခုချင်းစီခွဲပြီး ဘယ်လိုများ ရုပ်ပျက်ဆင်းပျက် ဖန်တီးလိုက်လဲမသိဘူး"လို့ အဲဒီနေ့က စစ်ကောင်စီတပ်တွေ နေအိမ်ထဲဝင်ဖမ်းတဲ့အချိန် နေအိမ်ခေါင်မိုးထပ်မှာ ပုန်းကွယ်လွတ်မြောက်လာတဲ့ ကိုကောင်းမင်းသန့်က လွတ်မြောက်လာပြီးနောက် အဲ့ဒီနေ့က အေခြအနေကို ဘီဘီစီကိုပြောပြခဲ့ပါတယ်။
စစ်ကောင်စီဘက်က သေဆုံးတယ်လို့ထုတ်ပြန်ထားတဲ့ အထဲက တစ်ဦးဖြစ်တဲ့ မပန်းသီး (ခေါ်) မဝေဝေမြင့်ရဲ့ နာရေးကိုတော့ ရန်ကုန်၊ ရွှေပြည်သာက ကျူချောင်သုသာန်မှာ စစ်ကောင်စီဘက်က ဦးစီးပြုလုပ်ခဲ့ပြီး မိသားစုကတော့ နာရေးအလောင်းကိုသာ ကြည့်ခွင့်ရခဲ့တယ်လို့လည်းမဝေဝေမြင့်ရဲ့ခင်ပွန်းဖြစ်သူက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီမီဒီယာမှာ ဗီဒီယိုဖိုင်နဲ့ဝန်ခံချက်ထုတ်ပြောခဲ့ရတဲ့မပိုးကျော့ကျော့ခန့်
ဖမ်းဆီးရမိတဲ့အထဲက အသက် ၂၂ နှစ်အရွယ် မပိုးကျော့ကျော့ခန့်ကတော့ စစ်ကောင်စီ ပြန်ကြားရေဝန်ကြီးဌာနရဲ့ ရုပ်သံလိုင်းမှာ ၄၄လမ်းဖြစ်စဉ်မှာ ပါဝင်တဲ့လူငယ်တွေဟာ ရန်ကုန်မြို့ကဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေနဲ့အတူ ဆက်စပ်အမှုတွဲတွေကိုတော့ ပုဒ်မအသီးသီးဖွင့်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ထောင်တွင်းမှာ မီးဖွားမယ့် နွေဦး
ကိုယ်ဝန် ၂ လ ဝန်းကျင်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မပိုးကျော့ကျော့ခန့်ဟာ အခု ကိုယ်ဝန် ၇ လကျော် နေပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်လောက် မီးဖွားနိုင်တယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေက ပြောပြပါတယ်။ မပိုးကျော့ကျော့ခန့် မွေးဖွားမယ့် ကလေးရဲ့ဖခင်ဖြစ်သူဟာလည်း ၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရသူတွေထဲက တစ်ဦး ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
ကလေးမွေးဖွားပြီးရင်တော့ ထောင်ပြင်ပက မိသားစုဆွေမျိုး နီးစပ်သူတွေဆီကို ကလေးကို ပို့ဆောင်ဖို့ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။
" ထောင်ထဲမှာ မွေးပြီးရင်တော့ အပြင်က အစ်မဝမ်းကွဲဆီ ကလေးကိုပေးမယ်ပြောတယ်။ ထောင်တွင်းမှာတော့ အာထရာဆောင်း တခါရိုက်လိုက်တာ ကလေးက ခြေထောက်အပေါ်ကိုထောင်နေလို့ ဘာလေးလည်းမသိရဘူး။အားလုံးကတော့ နွေဦးလေးလို့ခေါ်တယ်" လို့မပိုးကျော့ကျော့ခန့်နဲ့ နီးစပ်တဲ့မိသားစုဝင်က ဘီဘီစီကို ပြောပြပါတယ်။
လက်ရှိမှာတော့ အင်းစိန်ထောင်အတွင်း မပိုးကျော့ကျော့ခန့်နဲ့ အတူနေထိုင်သူတွေက ကူညီဖေးမပေးမှုတွေရှိပြီး ကိုယ်ဝန်ဆောင်အားဆေးနဲ့ လိုအပ်တာတွေကိုတော့ ပြင်ပကနေ ကူညီထောက်ပံ့မှုတွေ လုပ်ပေးရတယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကတော့ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေနဲ့ အကျဉ်းထောင်ပြင်ပမှာ ကလေးမွေးဖွားခွင့်တွေအပြင် မွေးကင်းစကလေးနဲ့အတူ အသက် ၆ နှစ်အထိ ထားနိုင်တယ်လို့ ဥပဒေဖော်ပြချက်တွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လက်ရှိ အကျဉ်းထောင်တွေအတွင်းမှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေရှိနေပြီး ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အပြည့်အဝမရကြဘူးလို့ တရားဥပဒေအရ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက သူတို့ ကြားသိရတဲ့ခြေအနေတွေကို ပြောပြပါတယ်။
ဒီအခြေအနေတွေကြောင့်ပဲ ပထမဆုံးမွေးလာမယ့် သားဦးကလေးကို အချုပ်အနှောင်ထဲမှာ မထားဖို့ ဆုံးဖြတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။
" ကလေးက မွေးပြီးပြီးချင်းဆေးရုံကနေထုတ်တာ ပိုလွယ်တယ်။ ရိုးရိုးမွေးတာဆို ဆေးရုံကဆင်းပြီးရင် ထောင်ထဲကို ပြန်ရတဲ့အခါ အပြင်ထုတ်ဖို့ ခက်သွားမယ်။
မွေးပြီးတဲ့ အမေပဲ ကလေးကို ဆက်မြင်ချင်တာပေါ့၊ ဒါပေမဲ့ မိခင်နဲ့အတူ ပါသွားရင် နှစ်ယောက်လုံးပိုခက်ခဲမယ်။ ဒါကြောင့်ဆုံးဖြတ်ခဲ့တာပေါ့၊ ပြီးတော့ အစ်မဝမ်းကွဲဖြစ်သူဆီမှာ သူစိတ်ချလို့လည်း ဖြစ်မယ်။ အခု မမွေးရသေးခင် သူ့ခံစားချက်ကတော့ အဲ့ဒီလိုပေါ့။မွေးပြီးတဲ့အခါ ခံစားချက်တော့ သူဘယ်လိုဖြစ်မယ်မသိသေးဘူး " လို့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
" ကလေးကို သူနဲ့အတူ ဒုက္ခမခံခိုင်းဘူး။ တစ်ယောက်တည်း ဒုက္ခတွေခံမယ်ဆိုပြီး ပြောတယ်။ ထောင်ဆေးရုံကနေ ကလေးကိုအပြင်ထုတ်ချင်ရင်တော့ မွေးပြီးပြီးချင်းပေးရမှာပေါ့။ ပိုးကျော့က အတော်စိတ်မာတဲ့ ကောင်မလေးဖြစ်နေပါပြီ" လို့မပိုးကျော့ကျော့ခန့်ရဲ့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။








