စစ်ကြောရေး ငရဲခန်းကို ကျော်ဖြတ်ခဲ့ရတဲ့ အမျိုးသမီးများ

အောက်တိုဘာ ၁၈ ရက် နေ့က လွတ်ငြိမ်းသက်သာ အမိန့် ထုတ်ပြန်ကြေငြာလိုက်ပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ကြိုသူ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၈ ရက် နေ့က လွတ်ငြိမ်းသက်သာ အမိန့် ထုတ်ပြန်ကြေငြာလိုက်ပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ကြိုသူ တစ်ဦး

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခံရပြီး နည်းလမ်းပေါင်းစုံသုံးညှဥ်းပန်းတဲ့ စစ်ကြောရေးငရဲခန်းတွေမှာ မကျော်ဖြတ်နိုင်ဘဲသေဆုံးခဲ့ရသူတွေ ရှိသလို ဒီငရဲခန်းတွေကို ဖြတ်ကျော်လွန်မြောက်လာခဲ့သူတွေရှိပါတယ်။

အဲ့ဒီ့ငရဲခန်းတွေကို ဖြတ်ကျော်ခဲ့သူတွေထဲမှာ အမျိုးသားတွေတင်မကဘဲ အသက်ကြီးရင့်တဲ့ အမျိုးသမီးကြီးတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါဝင်ကြပါတယ်။

သူတို့ထဲက အချို့ဟာ သေနတ်ပြောင်းဝကို ပါးစပ်ထဲထည့်ပြီး စစ်မေးခံခဲ့ရတဲ့အထိ ကြမ်းတမ်းလှတဲ့ စစ်ကြောရေးအတွေ့အကြုံတွေကို ပြန်ပြောပြခဲ့ကြပါတယ်။

စစ်ကြောရေး ငရဲခန်းကို ကျော်ဖြတ်ခဲ့ရတဲ့ အမျိုးသမီးများ

" မသိတာကိုမသိဘူးလို့ ဖြေမိတာနဲ့ မသိရကောင်းလားဆိုပြီး ခေါင်းကိုဆက်တိုက်ရိုက်တာ ၊ ခေါင်းတစ်ခြမ်းလုံးကအရိုက်ခံရလွန်းလို့ထုံနေတာပဲ။ နံရံမှာကပ်ရပ်ခိုင်းပြီးကျောက်ခဲတွေနဲ့ပေါက်တယ်။ သေနတ်တွေနဲ့ချိန်ပြီးခြိမ်းခြောက်တယ်''

အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအင်အားစုက ကျောင်းသားခေါင်းဆောင် မရွှေရူပါလင်းက သူတွေ့ကြုံခံစားခဲ့ရတဲ့ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှဥ်းပန်းမှုပုံစံမျိုးစုံနဲ့ စစ်မေးခံခဲ့ရတဲ့အကြောင်းဘီဘီစီကိုပြောပြခဲ့တာပါ။

မရွှေရူပါလင်းဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၇)ရက် က ရန်ကုန်မြို့အလုံမြို့နယ်၊ကွင်းကျောင်းလမ်းမှာ သူနဲ့တကသကျောင်းသားအချို့ စီးလာတဲ့ ကားကို စစ်ဆေးခံရတာကတစ်ဆင့် ကားပေါ်မှာပါတဲ့ ဆန္ဒပြရာမှာ သုံးတဲ့ပစ္စည်းအချို့၊သံတုတ်စတာတွေ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အထဲက တစ်ဦးဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် ရွှေပြည်သာစစ်ကြောရေးစခန်းကိုပို့ဆောင်ခံရပြီး အဲဒီမှာ ၁၀ရက်တာနေခဲ့ရပါတယ်။ ၁၀ရက်အတွင်းမှာ နေ့စဉ်နီးပါးမကြာခဏလာခေါ်မေးမြန်းတာ၊

ညအချိန်မတော် လာခေါ်စစ်မေးတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မေလ ၈ရက် ညက ဖမ်းဆီးသွားပြီး နောက်နေ့ မနက်မှာ သေဆုံးသွားခဲ့တဲ့ ကဗျာဆရာခက်သီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မေလ ၈ရက် ညက ဖမ်းဆီးသွားပြီး နောက်နေ့ မနက်မှာ သေဆုံးသွားခဲ့တဲ့ ကဗျာဆရာခက်သီ စျာပန

အဲဒီဒဏ်တွေက စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု စိုးရိမ်ထိတ်လန့်မှုတွေကိုဖြစ်စေခဲ့တယ်လို့ ပြောပြပါတယ်။

စစ်ကြောရေးစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရက်သေစာ သောက်စားမူးယစ်နေကြပြီး အမျိုးသမီးတွေကို ဆဲရေးတိုင်းထွာနေတဲ့ အသံတွေနဲ့ ဆူညံနေတယ်လို့ စစ်ကြောရေး စခန်း အတွေ့အကြုံကို မရွှေရူပါလင်းက ပြောပြပါတယ်။

''စစ်ဖို့ တစ်ခါလာခေါ်ရင်မျက်လုံးစည်းပြီး ခေါ်သွားတာ။လာခေါ်တဲ့သူတွေကလည်း အရက်နံ့တွေ မွှန်ထူနေတာပဲ။ခေါ်သွားရင်လည်း လှမ်းကျော်စရာ ငုံ့စရာမရှိလည်း ၊ဘေးနားကလူတွေက ပါးစပ်သရမ်းကြတယ်။ဟိုကျော်၊ဒီကျော် ၊ဟိုငုံ့ ဒီငုံ့ဆိုပြီး ဘေးကနေဝိုင်း အော်ကြတယ်" လို့ သူ့တွေ့ကြုံခဲ့ရတဲ့ နေ့စဉ်နဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအကြောင်း မရွှေရူပါလင်းက ပြောပြပါတယ်။

စစ်မေးမှုတိုင်းမှာတော့ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ဘယ်လိုပါဝင်ခဲ့လဲ၊ ဘယ်သူတွေပါဝင်လဲ။ နှစ်ငါးလုံးနေ့လို အထိမ်းအမှတ်တစ်ခုကို ဖော်ကျူးတဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လားဆိုတဲ့ မေးခွန်းတွေကို ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက် ရိုက်နှက်စစ်မေးတာတွေကို ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

မရွှေရူပါလင်း အပါအဝင် အသက်အရွယ်ပေါင်းစုံအလိုက်အမျိုးသမီးတွေဟာ ရွှေပြည်သာ စစ်ကြောရေးစခန်းရဲ့ဆိုးရွားတဲ့ စစ်မေးမှုတွေနဲ့ ကြုံခဲ့ကြရပြီး သူတို့ရဲ့ စစ်မေးခံရမှုနဲ့ နှိပ်စက်ညှဥ်းပန်းခံရမှုတွေဟာ တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး။ဒီလို ညှဥ်းပန်းနှိပ်စက်ပုံတွေ မတူညီကြပေမယ့်လည်း စစ်ကြောရေးကို ဖြတ်သန်းခဲ့ကြရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခံရမှု၊ထိပါးခံရမှုကတော့ အနည်းနဲ့ အများဆိုသလို ကြုံတွေ့ခဲ့ကြရတယ်လို့ ပြောဆိုကြပါတယ်။

အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးတာခံရပြီး အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လွတ်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးတာခံရပြီး အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လွတ်လာခဲ့

ဘီဘီစီကမေးမြန်းခွင့်ရခဲ့တဲ့ စစ်ကြောရေးစခန်းရောက် အမျိုးသမီးတွေထဲမှာ အသက် ၂၀ကျော်၊ အသက် ၃၅ နှစ်ဝန်းကျင်၊ အသက် ၄၀ကျော်နဲ့ အသက် ၆၀ နှစ်နဲ့ အထက်အမျိုးသမီးတွေပါဝင်ပါတယ်။ အမျိုးသမီးတိုင်းရဲ့ အဖြေစကားထဲမှာတော့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ထိခိုက်အောင် လုပ်ဆောင်ပြီး စစ်ဆေးမေးမြန်းတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ရရှိတဲ့အချက်အလက်အရ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရတဲ့ အမျိုးသမီး အရေအတွက်ဟာ စက်တင်ဘာလ၂၈ရက် အထိ ပြုစုထားချက်အရဆိုရင် ၂၀၀၀နီးပါးရှိခဲ့ပါတယ်။

အဲဒီမှာ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီးအရေအတွက်က ၁၂၀၀ကျော်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ ၆၀ကျော် ရှိခဲ့တာပါ။

အဲဒီထဲမှာ ဖမ်းဝရမ်းထုတ်ခံရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့အမျိုးသမီးအရေအတွက်ဟာ ၇၀၀ ကျော် ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကတော့ ဒါဟာ သူတို့လက်လှမ်းမီသမျှ သတင်းအချက်အလက်ဖြစ်တာကြောင့် လက်တွေ့မှာ အမျိုးသမီးတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးပါဝင်မှုဟာ ပိုများနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

တစ်ခါ သမိုင်းတစ်လျှောက် အာဏာရှင်ဆန့်ကျင့်ရေးမှာ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းကာလ အမျိုးသမီးထုရဲ့ တော်လှန်ရေးမှာပါဝင်မှုဟာ မြန်မာနိုင်ငံသမိုင်းမှာ အများဆုံးဖြစ်တာ ကိုလေ့လာတွေ့ရှိထားရတယ်လို့ ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရွှေပြည်သာစစ်ကြောရေး

ရန်ကုန် - အဝေးပြေး အမှတ် ၄ လမ်းမကြီး၊ ရွှေပြည်သာမြို့နယ်မှာ ရှိတဲ့ ရွှေပြည်သာ စစ်ကြောရေးစခန်းဟာ အရင်ကတော့ စစ်အကျဉ်းထောင်တစ်ခုပါ။တောင်ကြောလိုနေရာထဲမှာ အုတ်တန်းလျားတွဲ အရှည်ကြီးတွေဆောက်ထားတယ်လို့ ရောက်ခဲ့သူတွေကပြောပါတယ်။ စစ်အကျဉ်းထောင်ဖြစ်ခဲ့တဲ့ အလျောက် အဆောက်အအုံတွေဟာ အုတ်ရိုးပတ်လည်နဲ့ တည်ဆောက်ထားတာပါ။

'' ဘားတိုက်လိုမျိုးအဆောင်ပုံစံ၊တမံတလင်းပေါ်မှာ ကော်ဇောလိုဟာ ခင်းထားတယ်။ စောင်၊ခြင်ထောင် ၊ခေါင်းအုံး ဘာမှမရှိဘူး။ချမ်းရင်ထဘီခြုံအိပ်။မဟုတ်ရင် ဒီတိုင်းပဲအိပ်ကြပေါ့။ အိပ်တဲ့နေရာရဲ့နောက်မှာ အိမ်သာ ၄ခန်းတွဲရှိတယ်။ အဲဒီမှာ ၁ ခန်းကိုတော့ အိမ်သာကိုပဲ ရေချိုးခန်း ပြန်လုပ်ပေးထားတော့ အိမ်သာသုံးတဲ့ ရေအုတ်ကန်လေးကရေကိုပဲ ရေချိုးတာ၊ မျက်နှာသစ်တာ လုပ်ရတယ် '' စစ်ကြောရေးရောက် အသက်၆၄နှစ်အရွယ် ဒေါ်မိငယ်က ပြောပြပါတယ်။

စစ်တပ်က ထောင်ဒဏ်ချမှတ်ခံရသူတွေကို ထားခဲ့တဲ့ အဲဒီနေရာမှာ အခုတော့ အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ပတ်သက်တယ်လို့ ယူဆစွပ်စွဲခံရသူတွေ ၊ နောက် လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းတက်ရောက် ခဲ့တယ်လို့ သံသယရှိသူတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရသူတွေထဲက တချို့ဟာ ရွှေပြည်သာစစ်ကြောရေးစခန်းမှာ စစ်မေးခံကြရပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကြည်အိုင် စစ်ကြောရေး စခန်းတည်ရှိရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကြည်အိုင် စစ်ကြောရေး စခန်းတည်ရှိရာ နေရာ

စစ်ကြောရေးစခန်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှု

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရတာခြင်းတူပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် စိုးရိမ်ပူပန်စရာ တစ်ခုပိုနေပါတယ်။ နှိပ်စက်ညှဥ်းပန်းခံရတာထက် လိင်ပိုင်းဆိုင်ရာ စော်ကား နှောက်ယှက်ခံရမှာက စိုးရိမ်ပူပန်စရာကောင်းတယ်လို့ ဆိုပါတယ်။

စစ်မေးသူတွေဟာ အမျိုးသားတွေဖြစ်နေတာကြောင့် စစ်ကြောရေးမှာ နေခဲ့ရတဲ့ နေ့ရက်တိုင်းဟာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုဖြစ်စေခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဒီလို စစ်မေးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရက်နဲ့ မူးယစ်ဆေးတွေ သောက်စားမူးယစ်နေကြပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ၊ နှမသားချင်းမစာနာတဲ့ ကြမ်းတမ်းရုန်းရင့်တဲ့ စကားလုံးတွေနဲ့ ဆဲဆို သုံးနှုန်းပြောဆိုမှုတွေကိုလည်း နေ့စဉ်ခံစားခဲ့ရတယ်လို့ သူတို့က ပြောပြပါတယ်။

ဒီလိုပြောဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည်ရှင်းလင်းတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှအင်းစိန် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ မနှင်းချို (အမည်လွှဲ)က ရွှေပြည်သာ စစ်ကြောရေးစခန်းမှာ လိင်ပိုင်ဆိုင်ရာ စော်ကားခံခဲ့ရတဲ့သူ့ အတွေ့အကြုံကို ဘီဘီစီကို ပြောပြပါတယ်။

''သေနတ်ပြောင်းဝကို ပါးစပ်တွေထဲထည့်တယ်။ ရင်ဘတ်တွေ ရင်ညွန့်နေရာတွေကို သေနတ်ပြောင်းဝနဲ့ အချိန်အကြာကြီးထောက်ပြီး ခြိမ်းခြောက်စစ်မေးတာတွေကိုလုပ်တဲ့

အထိ ကြမ်းတမ်းတဲ့ စစ်ကြောရေးကိုဖြတ်သန်းခဲ့ရတယ်' လို့ သူက ပြောပြပါတယ်။

ပြင်ပမှာ ရှိနေချိန်တုန်းက ကြားခဲ့ဖူးတဲ့ ရွှေပြည်သာစစ်ကြောရေးစခန်းဆိုတာကို တကယ့် လက်တွေ့ရင်ဆိုင်ရချိန်မှာ ကြားခဲ့ဖူးတာထက် ပိုဆိုးတဲ့ နေရာဖြစ်တယ်လို့ ရွှေပြည်သာစစ်ကြောရေးစခန်းမှာ စစ်မေးခံခဲ့ရတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

စစ်ကြောရေး အတွင်းက အမျိုးသမီးအချင်းချင်းဖေးမကူညီခြင်း

စစ်ကြောရေးစခန်း ရောက်တဲ့သူတိုင်းဟာ အနည်းဆုံး ၃ရက်ကနေ ၁၀ရက် အများဆုံးက တစ်လလောက်အထိ နေကြရလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမှာရှိနေခဲ့ရတဲ့ နေ့စဉ်တိုင်းဟာ အချိန်သတ်မှတ်ချက်မရှိတဲ့ ရိုက်နှက်ခြိမ်းခြောက်စစ်မေးမှုတွေအတွက် လာခေါ်တိုင်းလိုက်သွားကြရတာပါ။ ဒီလို ရိုက်နှက်စစ်ဆေး နှိပ်စက်ညှဥ်းပန်းခံခဲ့ရသူအမျိုးသမီးတွေ အချင်းချင်း စာနာနားလည်မှုတွေနဲ့ပဲ စစ်ကြောရေးရဲ့ နေ့စွဲတွေကို ကျော်ဖြတ်လာခဲ့ကြရတာပါ။

'' အချိန်မတော်မှ လာခေါ်သွားရင် ခေါ်သွားခံရတဲ့သူ ပြန်မလာမချင်းကျန်တဲ့သူက အိပ်မပျော်ဘူး။ဘာတွေများလုပ်နေမလဲဆိုတဲ့ စိတ်နဲ့ သူပြန်ရောက်လာမှပဲ အကုန်လုံးက သက်ပြင်းချနိုင်တယ်။ ပြန်လာရင်လည်း ခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ရိုက်ခံရလို့ ဖူးရောင်ပြီး ပြန်လာကြရတာများတယ်။ရိုက်ခံရတာ ဘယ်လောက်ဆိုးလဲဆို ထိုင်ရင်ပဲဖြစ်ဖြစ် ထရင်ပဲဖြစ်ဖြစ်၊အိပ်ရင်ပဲဖြစ်ဖြစ် နာလို့အော်နေရတယ်'' ဆန္ဒပြရင်းဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်ခဲ့တဲ့အသက်၅၀ကျော်အရွယ် ဒေါ်ချိုလွင်ကပြောပြပါတယ်။

စစ်ကြောရေးစခန်းထဲ အတူရောက်နေကြပေမယ့် စစ်မေးခံရတဲ့ပုံစံတွေကွဲကြပါတယ်။ ဆန္ဒပြရုံ သို့မဟုတ် ဆန္ဒပြတာကို ထောက်ခံအားပေးသူအဆင့်ဆိုရင် တစ်ရက်လောက်ပဲစစ်မေးတာလုပ်သလို၊ စစ်မေးမယ့်နေရာကို ခေါ်သွားရင်လည်း ဒီတိုင်းပဲ ခေါ်သွားတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားခေါင်းဆောင်အမျိုးသမီးတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းက အမျိုးသမီးတွေ ၊အကြမ်းဖက်ဖောက်ခွဲမှုတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့အမျိုးသမီးတွေဆိုရင်တော့ မျက်လုံးကို အဝတ် အနက်အရောင် စည်းသွားပြီးမှ စစ်တဲ့နေရာကိုခေါ်သွားလေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူအမျိုးသမီးတွေကပြောပါတယ်။ စစ်မေးမှုတွေဟာလည်းရက်ရှည်ကြာတတ်ပြီး အချိန်မရွေးလာခေါ်ချင်တဲ့အချိန် လာခေါ်ပြီး မေးတာတွေလုပ်တယ်လို့ ဆိုပါတယ်။

'' အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကိုမ လုံခြုံအောင်လုပ်တာပေါ့၊ညဘက် ၈နာရီလောက် နာမည်နဲ့ လာခေါ်တယ်။ မနက် ၃ နာရီ ၄နာရီမှာ လာပြန်ပို့တယ်။ ပြန်လာရင် ရိုက်နှက်ခံလာကြရတာ မျက်လုံးတွေကို ထိပြီး မျက်လုံးကပိတ်ပြီးဖူးရောင် ညိုမဲလာတယ်။လက်မောင်းတွေ၊တင်ပါးတွေဆို အရိုက်ခံလာကြရတာ ရောင်ကိုင်းလာကြတာ။ ရိုက်ခံရတဲ့နေရာက အသားတွေဆိုရင် မြင်အောင်ပြောရင် သရီးဒီလို ဖြစ်နေတာ ရိုက်ခံရတဲ့နေရာကဖောင်းကြွပြီးညိုမဲစွဲနေတာ '' လို့ စစ်ကြောရေးမှာ ကိုယ်တိုင်နေခဲ့ရသလို အတူနေခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ဒဏ်ရာတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည်လွတ်မြောက်ခဲ့တဲ့ အသက် ၃၅နှစ်အရွယ် စစ်ကြောရေးရောက် အမျိုးသမီးတစ်ဦးကပြောပြပါတယ်။

ကိုယ်ဝန်နဲ့ အဖမ်းခံရတဲ့ မပိုးကျော့ကျော့ခန့်

ဓာတ်ပုံ ရင်းမြစ်, CNCDS

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကထုတ်ပြန်တဲ့ မပိုးကျော့ကျော့ခန့် ယာအစွန် ကို ဖမ်းဆီးခဲ့တဲ့ထုတ်ပြန်ချက်

စစ်ကြောရေးရောက် မပိုးကျော့ကျော့ခန့်

စစ်ကြောရေးမှာ နှိပ်စက်ညှင်းပန်းပြီး စစ်ဆေးခံရသူတွေထဲမှာ သာမန်အမျိုးသမီးတွေတင်မကပါဘူး။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုလည်း နှိပ်စက်ညှဥ်းပန်းပြီး စစ်ဆေးတာတွေကို စစ်ကောင်စီတပ်တွေက ကျူးလွန်နေကြတယ်လို့ မျက်မြင်တွေ့ကြုံခဲ့ရသူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။

ရန်ကုန်မြို့လယ် ဗိုလ်တစ်ထောင် ၄၄ လမ်းမှာ စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးစဉ်က ၅ ထပ်တိုက်ခေါင်မိုးက ခုန်ချထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ မပိုးကျော့ကျော့ခန့်ကို စစ်ကြောရေး စခန်းမှာ တွေ့ခဲ့ရတယ်လို့ မကြာသေးခင်က အကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့ မပိုးကျော့ကျော့ခန့်ရဲ့ ခန္တာကိုယ်အောက်ပိုင်းနဲ့ ဝမ်းဗိုက် ဝန်းကျင်တွေကို ကျင်စက်နဲ့ တို့ပြီး နှိပ်စက်မေးမြန်းတာတွေ၊ ကန်ကျောက် စစ်ဆေးပြီးမေးမြန်းတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

'တောင်းတောင်းပန်ပန်နဲ့ သူ့မှာကိုယ်ဝန်ရှိလို့ပါ ကလေးကိုထိမှာစိုးလို့ပါလို့ ပြောပေမယ့် သူတို့သိချင်တာကို မရမချင်း နည်းပေါင်းစုံနဲ့ စစ်မေးတာတွေလုပ်တာ၊သူဆို စစ်ကြောရေးမှာ တစ်လကျော်ကျော်နေခဲ့ရတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီက မပိုးကျော့ကျော့ခန့်ကို ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်တွေရှိမှု ပုဒ်မ ၅ ၊ အငှားယာဉ်မောင်းကို အားပေးကူညီမှု ပုဒ်မ ၆ တွေနဲ့ တရားစွဲဆိုထားတာပါ။စစ်ကြောရေးစခန်းမှာ နှိပ်စက် ညှဥ်းပန်းခံရတဲ့ ဒဏ်ရာတွေကြောင့် မပိုးကျော့ကျော့ခန့်ဟာ အကျဉ်း ထောင်ထဲကိုရောက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေပြီး ခန္တာကိုယ်အောက်ပိုင်းနဲ့ ခါးဝန်းကျင်မှာ အမြဲတမ်းလိုလို နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ အကျဉ်းထောင်ထဲက လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။

ဗိုက်ထဲကကလေးအနေအထားကိုသိရအောင် အာထရာဆောင်းရိုက်ချင်တယ်လို့ ကြိမ်ဖန်များစွာတောင်းဆိုပေမယ့် ရိုက်ခွင့်မရခဲ့ဘူးလို့ မျက်မြင်တွေ့ခဲ့ရတဲ့ လွတ်မြောက်သူတစ်ဦးက ကိုပြောပြပါတယ်။

''ကလေးအနေအထားကိုစိုးရိမ်တယ်။သူကိုယ်တိုင်နှုတ်ခမ်းတွေပြာနေတယ်။ထောင်ဆေးရုံကိုသွားပြတယ်၊ အာထရာဆောင်းရိုက်ချင်တယ်၊ရိုက်ပါရစေပြောတယ်။ ထောင်ဆေးရုံကလုံးဝမလုပ်ပေးဘူး။သူတို့အများဆုံး လုပ်ပေးတာ ပါရာစီတမောပေးတာပဲ ''လို့ မပိုးကျော့ကျော့ခန့်နဲ့ ထောင်ဆေးရုံမှာဆုံတွေ့ခဲ့ရတဲ့ အခြေအနေကို သူမက ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကြောရေးကနေ ထောင်သို့ရောက်ချိန်

စစ်ကြောရေးကနေ ထောင်ကိုပြောင်းရချိန်မှာ သက်သက်သာသာရှိမယ်လို့ ထင်ခဲ့ပေမယ့် ထောင်ထဲမှာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အကျဉ်းသားအခွင့်အရေးအပြည့်အဝမရရှိတဲ့ အခြေအနေကို အမျိုးသမီးတွေဆက်ရင်ဆိုင်ကြရတယ်လို့ ဘီဘီစီကမေးမြန်းခွင့်ရခဲ့တဲ့ အမျိုးသမီးတွေကပြောပါတယ်။

အာဇာနည်နေ့ ၊ ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့ နဲ့ အချုပ်သားတွေကို ထပ်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြတာတွေ၊ဆူပူမှုတွေနဲ့ တော်လှန်ရေးသီချင်း သီဆိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အဲဒီလိုထောင်တွင်းဆူပူမှုတွေကို ဦးဆောင်တယ်လို့ ယူဆခံရသူတွေ၊ ပါဝင်ပတ်သက်တယ်လို့ယူဆခံရတဲ့ အမျိုးသမီးတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်လို့ ပြောကြပါတယ်။

'' ဆူပူမှုဖြစ်ပြီးပြီးချင်းတော့ ဘာမှမဖြစ်ကြပါနဲ့လို့ပြောပြီး ၊ ညဘက်အိပ်ချိန်မှ နာမည်တွေနဲ့ လာခေါ်တာ၊တစ်ယောက်ချင်းကို နာမည်ခေါ်ပြီး နံပတ်တုတ်တွေနဲ့ ကုတ်ပိုးတွေ၊ ကျောကုန်းတွေကို ရိုက်တယ်။ တချို့က လက်နဲ့ပါးတွေ ရိုက်တယ်၊ အသက်ကြီးတဲ့ အန်တီတွေလည်း ရိုက်ခံရတယ်။ အသက်ကြီးတဲ့သူဆိုတော့ နာမည်ခေါ်လို့ ချက်ချင်း မရောက်ရင် ကြမ်းကြမ်းတမ်းတမ်းတွေပြောဆိုတယ် '' လို့ ထောင်တွင်းဆူပူမှုမှာပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်ခံခဲ့ရတဲ့ မရွှန်းလဲ့ကပြောပါတယ်။ အဲဒီနောက်နေ့မှာတော့ နှစ်ပတ်တိုက်ပိတ်ခံခဲ့ရသလို ထောင်အသုံးအနှုန်းအရ ပုံစံပေးတယ်ဆိုတဲ့ ပြစ်ဒဏ်တွေကို ခံရတယ်လို့ ဆိုပါတယ်။

'' တိုက်ပိတ်တယ်ဆိုတာ ရေပေးမချိုးဘူး။ထောင်ဝင်စာထုတ်တွေမယူရဘူး။ ပဲဟင်းနဲ့ချဉ်ပေါင်းဟင်းပဲ နှစ်ပတ်ကျွေးပြီး အဲဒီအထဲမှာပိတ်ထားတယ်။နှစ်ပတ်ပြည့်တော့ နယ်ထောင်တွေပြောင်းခံရတယ် '' လို့ မရွှန်းလဲ့ကပြောပြပါတယ်။

သာယာဝတီထောင်

ဓာတ်ပုံ ရင်းမြစ်, ပဲခူးသတင်းစဥ်

ဓာတ်ပုံ ပုံစာ, သာယာဝတီထောင်

ဆူပှုမှုမှာမပါဝင်ပေမယ့် အကျဉ်းသားတွေအချုပ်သားတွေရရှိသင့်တဲ့ အခွင့်အရေးတွေကို အာဏာပိုင်တွေဆီမှာ မကြာခဏတောင်းဆိုတဲ့ အမျိုးသမီးတွေဆိုရင်လည်း တိုက်ပိတ်ခံရတဲ့ပြစ်ဒဏ်တွေကို ခံရတယ်လို့ပြောပါတယ်။ ပုဒ်မနဲ့ အမှုအမျိုးအစားအပေါ်လိုက်ပြီး ပုံစံပေးတယ်ဆိုတဲ့ ပြစ်ဒဏ်တွေကိုခံရတဲ့သူတွေလည်း ရှိတယ်လို့ ပြန်လည်လွတ်မြောက်ခဲ့တဲ့ အမျိုးသမီးတွေကပြောကြပါတယ်။

'' ဘီဘီစီမီဒီယာအက်ရှင်က မထက်ထက်ခိုင်ကိုဆိုရင် ထောင်ရောက်တာနဲ့ရက် ၂၀ တိုက်ပိတ်ထားခံရတယ်။ နောက် မချုပ်ဆောင်(အမျိုးသမီးအချုပ်ဆောင်) ရောက်တော့ ရေဘူးတွေ ထမ်းခိုင်းတယ်။ နောက် သူ့ကိုအမျိုးသမီး အဆောင်နှစ်ခုကြားမှာ ပုံစံပေးတယ် (ပုံစံပေးတယ်ဆိုတာ မလှုပ်မယှက်နေခိုင်းတဲ့ အပြစ်ပေးနည်းတစ်ခုဖြစ်ပြီး အေးစေလို့ ထောင်အာဏာပိုင်ကပြောမှ သက်တောင့်သက်သာ ပြန်နေရတဲ့ပုံစံမျိုး) ပုံစံပေးရင်လည်း အချိန်တော်တော်ကြာကြာပေးထားတာ ''လို့ ထောင်တွင်းမှာ မြင်တွေ့ကြုံတွေ့ရတာတွေ၊ ရုံးထုတ်စစ်ဆေးချိန် ဒါမှမဟုတ် ထောင်ဆေးရုံပြချိန်တွေမှာ တွေ့ဆုံခဲ့ရတဲ့ အထိန်းသိမ်းခံအမျိုးသမီးတွေရဲ့ အခြေအနေကို အောက်တိုဘာ ၁၉ရက်ကပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးကပြောပြပါတယ်။

ဒီလို ထောင်တွင်း တင်းကျပ်မှုတွေအပြင် ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့တွေ့ခွင့်မရတာ၊ ထောင်ဝင်စာတွေ့ ခွင့်မရတာတွေလည်းရှိတယ်လို့ အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံခဲ့ရတဲ့အမျိုးသမီးတွေကဆိုပါတယ်။

ရှေ့နေနဲ့စကားပြောခွင့်လည်း သီးသီးသန့်သန့်မရသလို မိသားစုကပေးလိုက်တဲ့စာကို ရှေ့နေ့ကပဲ ဖတ်ပြခွင့်ရှိတာမျိုး အထိတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုအဆိုးရွားဆုံး အခြေအနေကိုကြုံခဲ့ရပေမယ့် သူတို့လုပ်ခဲ့တဲ့ ယုံကြည်ချက်အတွက် နောင်တမရဘူးလို့ပြောကြပါတယ်။

စစ်ကြောရေး နဲ့ အကျဉ်းထောင် နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတဲ့ မရွှေရူပါလင်းကတော့ စစ်ကြောရေးက နှိပ်စက်စစ်မေးမှုတွေနဲ့ အကျဉ်းထောင်ထဲက တင်းကျပ်ကန့်သတ်မှုတွေကို ဘယ်တော့မှ မမေ့နိုင်ဘူးလို့ပြောပါတယ်။

'' မျက်လုံးစည်းထားရတဲ့ အောက်ကနေမြင်နေရတဲ့ သူတို့လှုပ်ရှားမှုတွေ၊ အသံတွေနဲ့ခြိမ်းခြောက်မှုတွေ၊ သူတို့ဆီကရတဲ့ အနံ့တွေနဲ့ တူညီတဲ့မေးခွန်းတွေကိုပဲ တစ်ယောက်ပြီးတစ်ယောက် လာမေးတာတွေ၊ အချိန်မတော်လည်း ခေါ်မေးတာတွေ နဲ့ ရိုက်နှက်မေးမြန်းတာတွေကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး ''