အမျိုးသမီးတို့၏ နွေဦးမှတ်တမ်း

no tag

ဓာတ်ပုံ ရင်းမြစ်, မုံရွာသပိတ်ကော်မတီ

စစ်ကောင်စီအာဏာသိမ်းတာရှစ်လ ရှိလာပေမဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေပါဝင်မှု လျော့နည်းသွားတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘဲ အမျိုးသားတွေနဲ့ တန်းတူ ရင်ဆိုင်နေတာကိုတွေ့ရပါတယ်။စစ်ကောင်စီဖမ်းဝရမ်းထုတ်ထားတဲ့ လူ ၂၀၀၀ ကျော်မှာ အမျိုးသမီး တွေ ၄၀ ရာခိုင်နူန်း ပါဝင်နေပြီးတော့ နိုင်ငံသမိုင်းမှာ အမျိုးသမီးတွေ အများဆုံးပါဝင်မှုလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကပြောပါတယ်။

ဖေဖော်ဝါရီ (၁)ရက် မနက်အစောပိုင်းမှာ နိုင်ငံ့ခေါင်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ တာဝန်ရှိသူ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး စစ်အာဏာသိမ်းမှုစတင်ခဲ့ပါတယ်။

အရေးပေါ်ကာလကြေညာကာ အာဏာထိန်းတယ်ဆိုပြီး စစ်ကောင်စီဘက်က ကြေညာခဲ့ပေမဲ့ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း မန္တလေး၊ထားဝယ်တို့မှာ ဆန္ဒပြပွဲတွေစတင်ခဲ့ပါတယ်။

လူဦးရေ ထူထပ်တဲ့ ရန်ကုန်မြို့မှာတော့ အာဏာသိမ်းပြီး (၅)ရက်အကြာ ဖေဖော်ဝါရီ (၆)ရက်မှာ ထမင်းချိုင့် ကိုယ်စီဆွဲကာချီတက်လာကြတဲ့ အလုပ်သမားသပိတ်စစ်ကြောင်းဟာ ပြည်သူတွေကို တပ်လှန့်ခဲ့ပါတယ်။ အလုပ်သမားထုကိုစည်းရုံးကာ အလုပ်သမားသမဂ္ဂတွေနဲ့အတူ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီး (၂)ဦးပါဝင်ပြီး ရန်ကုန်မြို့ရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ် စတင်ချီတက်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, အက်စတာဇေနော FB

တိုင်းမ်မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ ကမ္ဘာ့သြဇာအရှိဆုံးစာရင်မှာပါတဲ့မြန်မာအမျိုးသမီး (၂)ဦး

ရန်ကုန်သပိတ် တပ်ဦးမှာပါဝင်ခဲ့တဲ့ ဒီလူငယ်အမျိုးသမီး (၂)ဦးဟာ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီး အက်စတာဇေနောနဲ့ ရှမ်းနီအမျိုးသမီး ဒေါ်အိသဉ္စာမောင်တို့ဖြစ်ကြပြီး ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၂၁ခုနှစ်ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် အယောက် (၁၀၀)စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒါဟာ မြန်မာပြည်တွင်းက ဒီမိုကရေစီတောင်းဆိုမှု တွေကို နိုင်ငံတကာကအသိအမှတ်ပြုခြင်းတမျိုးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

"ဒီနေ့ မြန်မာနိုင်ငံပြည်သူလူထုကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာ ရောက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ‌ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"လို့ ကချင်အမျိုးသမီး အက်စတာဇေနောက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီလဆန်းကစပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်တွေ ပိုမိုအားကောင်းလာကာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေဟာ လူသိန်းသန်းချီပါဝင်လာခဲ့ကြပါတယ်။

ဒီငြိမ်းချမ်းစွာ ဆန္ဒပြတာတွေဟာ အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်မှန်ခဲ့ရာကနေ အကြမ်းဖက်ဖြိုခွင်းခံရမှုဆီဦးတည်လာပါတယ်။ ဖေဖော်ဝါရီ (၉)ရက်မှာ အသက် (၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ပြီး ဖေဖော်ဝါရီ (၁၉)ရက်မှာ တော့ အဲ့ဒီကျည်ထိဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။

သူ့ရဲ့ ဦးခေါင်းကို ဖောက်ဝင်တဲ့ကျည်ဟာ စစ်ကောင်စီဘက်က အသုံးပြုတဲ့အမျိုးအစားမဟုတ်ဘူးလို့ ငြင်းဆန်ထားပေမဲ့ ပြည်တွင်းရော နိုင်ငံတကာကလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေရဲ့မှတ်တမ်း မှာတော့ နွေဦးတော်လှန်ရေးအတွက် ပထမဆုံးသေဆုံးခဲ့တဲ့ အမျိုးသမီးငယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှု တွေကြောင့် နေ့စဥ်နဲ့အမျှ ဒေသအသီးသီး လူသေဆုံးမှုရှိခဲ့ပြီး မတ်လ (၃)ရက်၊ မန္တလေးမြို့က မကြယ်စင် သေဆုံးမှုဟာ နိုင်ငံတကာသတင်းတွေ ထက်နေရာယူခဲ့ပါတယ်။

သူဝတ်ဆင် ခဲ့တဲ့ "Everything will be okay" ဆိုတဲ့ အနက်ရောင် တီရှပ်ပေါ်ကစာသားဟာ လူထုအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရားလုပ်ဆောင် မှုတွေကို ပိုပြီးထင်ပေါ်စေခဲ့ပါတယ်။

မကြယ်စင်

ဓာတ်ပုံ ရင်းမြစ်, UGC

ဓာတ်ပုံ ပုံစာ, မကြယ်စင်

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်ကနေ စက်တင်ဘာ (၂၈)ရက်အထိ အမျိုးသမီး (၆၁)ဦး အသက်ပေးခဲ့ရပြီး အသက်အကြီးဆုံး (၈၇)နှစ်ကနေ အငယ်ဆုံး တစ်နှစ်ဝန်းကျင် မိန်းကလေးငယ် အထိပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရတော့ အသက် (၁၈)နှစ်အောက် အမျိုးသမီး (၉)ဦးနဲ့ အသက် (၁၈)နှစ်အထက် အမျိုးသမီး (၅၂)ဦး သေဆုံးထားပါတယ်။

နိုင်ငံတကာစင်မြင့်ပေါ်က မြန်မာအလှမယ်တွေရဲ့ ဒီမိုကရေစီတောင်းဆိုသံ

စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေ သေဆုံးရတဲ့သတင်းတွေ နေ့စဉ်ဆိုသလို ကြားနေရသလို နိုင်ငံတကာစင်မြင့်မှာ မြန်မာပြည်အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့သူတွေလည်း ရှိလာပါတယ်။

အဲ့ဒီထဲမှာ အလှမယ်တွေလည်း ပါပါတယ်။ ထိုင်းနိုင်ငံမှာကျင်းပတဲ့ Miss Grand International 2020 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်ဟန်လေးဟာ ပြိုင်ပွဲမှာအနိုင်မရခဲ့ပေမဲ့ မြန်မာနိုင်ငံကအာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို နိုင်ငံတကာအာရုံစိုက်နိုင်အောင် ထုတ်ဖော်ပြောကြားခဲ့တဲ့ ပထမဆုံးအလှမယ်တစ်ဦးအဖြစ် ပြည်သူတွေ အမှတ်တရရှိနေကြပါတယ်။

နိုင်ငံတကာအာရုံစိုက်နိုင်အောင် ထုတ်ဖော်ပြောကြားခဲ့တဲ့ အလှမယ် ဟန်လေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာအာရုံစိုက်နိုင်အောင် ထုတ်ဖော်ပြောကြားခဲ့တဲ့ အလှမယ် ဟန်လေး

"တပ်မတော်နေ့"လို့ သတ်မှတ်ပြီး စစ်ကောင်စီအကြီးအကဲတွေ အခမ်းအနားပြုလုပ်တဲ့ မတ်လ (၂၇)ရက်မှာပဲ လမ်းမထက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ရာနဲ့ချီ တစ်ရက်တည်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲ့ဒီနေ့မှာ မြန်မာအလှမယ်ဟန်လေးဟာ Miss Grand International 2020 စင်မြင့်ထက်မှာ မြန်မာအကြောင်းသုံးမိနစ်နီးပါး မျက်ရည်တွေကျရင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် နိုင်ငံတကာမှာပါ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုတဲ့အခြေအနေ တွေကို ပိုမိုစိတ်ဝင်စားကြ လာပါတယ်။

မြန်မာကိုယ်စားပြု မယ်စကြာဝဠာ သူဇာဝင့်လွင်ဟာလည်း စစ်အာဏာသိမ်းပြီးနောက် လူထုကို လွှမ်းမိုး နိုင်တဲ့အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ မေလတုန်းက အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ Miss Universe ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်ဟာ "Pray For Myanmar" ဆိုတဲ့ဆိုင်းဘုတ်ကိုင်ကာ ချင်းအမျိုးသမီးဝတ်စုံဝတ် ဆင်ခဲ့ပါတယ်။

အဲ့ဒီဝတ်စုံနဲ့ပဲ National Costume ဆုရရှိခဲ့သလို Top 21 စာရင်းဝင်ခဲ့ ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့နောက်ပိုင်းမှာလည်း စစ်ဘေးရှောင်တွေအတွက် ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေဆဲဖြစ်တာကြောင့် သူ့ကို အားပေးမှုတွေ ဆက်လက်ရရှိနေပါတယ်။

Miss Universe ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Miss Universe ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

စစ်အာဏာသိမ်းပြီးနောက် လူထုကိုလွှမ်းမိုးနိုင်တဲ့ အမျိုးသမီးတွေဟာ ပြည်တွင်းက ပြည်သူတွေရဲ့ အခြေအနေကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ထုတ်ဖော်နိုင်ကြသလို တစ်ဖက်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ တစ်ဆစ်ချိုးပြောင်းလဲလာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာမှုတွေဟာလည်း လူထု အပေါ် လွှမ်းမိုးလို့နေပါတယ်။

၂၀၁၃ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Miss Grand International ပြိုင်ပွဲ ကိုပထမဆုံးသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အလှမယ်ဟောင်း ထက်ထက်ထွန်းဟာ တောတွင်းတစ်နေရာရောက် ရှိနေပြီး စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သွားမယ်လို့ မေလအတွင်းမှာ တရားဝင်ထုတ်ဖော် ပြောလာပါတယ်။

အလှမယ်တစ်ဦးကနေ လက်နက်ကိုင်တော်လှန်ရေးရဲဘော်တစ်ဦးအဖြစ် ပြောင်းလဲလာတဲ့ ထားထက်ထက်ဟာလည်း လူထုအပေါ် လွှမ်းမိုး နိုင်တဲ့အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သလို နိုင်ငံတကာမီဒီယာတွေမှာလည်း သတင်းရေးသား ဖော်ပြခဲ့ကြပါတယ်။

အကျဉ်းဆောင်ထဲက အမျိုးသမီးတွေရဲ့လူထုအပေါ်လွှမ်းမိုးမှု

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ နေ့စဉ်လိုလိုရှိနေပြီး အမျိုးသမီး (၁၂၆၀)ဦးအထိန်းသိမ်းခံ ထားရပါတယ်။ အသက် (၁၈)နှစ်အောက် အမျိုးသမီး (၁၆)ဦးပါဝင်ပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီး အရေအတွက်ဟာ (၂၀)ရာခိုင်နှုန်းအထိရှိတာကို AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇူလိုင်လတုန်းက မြန်မာပြည်မှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားလာပြီး အကျဉ်းထောင်အတွင်းမှာပါ ကျန်းမာရေးနဲ့အညီစောင့်ရွက်ပေးဖို့ အစရှိတာတွေကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဇူလိုင် (၂၃)ရက် အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြကြရာမှာ အမျိုးသမီးအဆောင်ကစတယ်လို့ မြန်မာနိုင်ငံအကျဉ်းဦးစီး ဌာန တာဝန်ရှိသူဘက်က ဖြေကြားထားခဲ့ပါတယ်။ အင်းစိန်ထောင်တွင်းဆန္ဒပြသံတွေကို အနီးအနားနေ ပြည်သူတွေရဲ့မှတ်တမ်းတင်ဗီဒီယိုကြောင့် ပြည်သူအများစုသိရှိခဲ့ရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်အတွင်း စောင့်ကြည့်ကူညီမှုတွေလုပ်ဖို့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

ဒီလို ဖမ်းဆီးတရားစွဲခံရသူတွေထဲ ပရဟိတမိခင်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ ဆရာမကြီးဒေါ်သန်းမြင့်အောင် လည်းပါဝင်သလို NLD ပါတီက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေသာမက နာမည်ကြီးအနုပညာရှင်တွေလည်း ဖမ်းဆီးခံထားရပါတယ်။

အဲ့ဒီပုဂ္ဂိုလ်တွေထဲမှာပြည်တွင်းထိပ်တန်း အနုပညာရှင်တစ်ဦးဖြစ်သလို အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှာလည်း တက်ကြွစွာပါဝင်ခဲ့တာကြောင့် အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင်ဟာ အင်းစိန်အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရတာ ရက်ပေါင်း (၂၀၀)နီးပါးရှိပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-ကနဲ့ တရားစွဲဆိုမှုကိုရင်ဆိုင်နေရပေမယ့် ဂျာမနီရုပ်ရှင်ပွဲတော်မှာတော့ သရုပ်ဆောင်ထူးချွန်ဆုရရှိခဲ့ပါတယ်။

အင်းစိန်အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရထားတဲ့ အကယ်ဒမီဆ အိန္ဒြာကျော်ဇင်

ဓာတ်ပုံ ရင်းမြစ်, အိန္ဒြာကျော်ဇင် FB

ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဥ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရထားတဲ့ အကယ်ဒမီဆ အိန္ဒြာကျော်ဇင်

ခေါင်းဆောင်မင်းသမီးအဖြစ် အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့"What Happened To The Wolf?" ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး "Seymour Cassel Award For Best Performance" ဆုရရှိခဲ့တယ်လို့ စက်တင်ဘာ (၂၀)ရက်မှာထုတ်ပြန်ပါတယ်။

"ဒီသရုပ်ဆောင်ရဲ့ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်လိုက်ပါတယ်။"လို့ ဆုကြေငြာစဉ်မှာထည့်သွင်းပြောသွားခဲ့ပါ တယ်။ ဂျာမနီရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲအခမ်းအနားမှာလည်း အိန္ဒြာကျော်ဇင်နာမည်စာတန်းပါ တီရှပ်ဝတ်စုံတွေ ကို နိုင်ငံတကာအနုပညာရှင်တချို့ကို ဝတ်ဆင်ဂုဏ်ပြုခဲ့ကြပါသေးတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Woman Alliance Burma

အာဏာသိမ်းတာ (၈)လကြာလာပေမယ့် အမျိုးသမီးတွေကတော့ဆက်လက်ဆန့်ကျင်နေဆဲ

စစ်အာဏာသိမ်းခံခဲ့ရတာ (၈)လတာကာလကို ပြန်ကြည့်ရရင် ဖေဖော်ဝါရီလကစပြီး "ရုံးမတက်နဲ့ ရုန်းထွက်"ဆိုတဲ့ ဆြော်သြသံတွေနဲ့ အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ပါဝင်သူတွေဟာလည်း ကဏ္ဍအလိုက်ပေါ်ထွက်လာပါတယ်။ မေလနောက်ပိုင်းက စပြီး CDM ပါဝင်သူတွေကို စစ်ကောင်စီထိန်းချုပ် ထားတဲ့ ဌာနအသီးသီးကနေ ရာထူးထုတ်ပယ်တာတွေ အဆင့်ဆင့်လုပ်ဆောင်ခဲ့ပါတယ်။ CDM ဟာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖြိုချနိုင်လိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

"ဖေဖော်ဝါရီ (၁)ရက်ကစပြီး CDM ပါခဲ့တယ်။ ကိုယ့်နေရပ်မှာက ကျန်းမာရေးဝန်ထမ်းဆိုတာသိထားတော့ (၈)လအတွင်းမှာပါ နေရာရွှေ့ပြောင်းနေရတာ သုံးလေးနေရာရှိပြီ။ ဧည့်စာရင်းစစ်တာတွေကြောင့် တစ်နေရာကနေ တစ်နေရာကို အမြဲပြောင်းနေရတယ်။ ဒီကာလမှာနဂိုခင်မင်ဆဲသူတွေနဲ့ ခံယူချက်မတူလို့ မခေါ်မပြောဖြစ်တော့ဘူး၊ အပေါင်းအသင်းမရှိတော့ဘဲ ကိုယ်တစ်ယောက်ထဲလို ခံစားရပြီး Depression ဝင်တဲ့အချိန်တွေလည်းရှိလာတယ်။ ခံယူချက်ကြောင့်လုပ်တာဖြစ်လို့ နောက်ဆုံးအချိန်အထိ CDM လုပ်ထားမှာပါ။"လို့ ပုသိမ်ဆေးရုံကြီးကနေ CDM ပါဝင်ခဲ့တဲ့ သူနာပြုတဦးကပြောပါတယ်။

CDM ပါဝင်တာအပြင် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စစ်ကောင်စီကနေ ဖမ်းဝရမ်းထုတ်ခံရသူ ၂၀၀၀ နီးပါးရှိပြီး အဲ့ဒီထဲမှာ ဖမ်းဝရမ်းထုတ်ခံရသူအမျိုးသမီးအရေအတွက်ဟာ (၄၀)ရာခိုင်နှုန်းအနည်းဆုံး ရှိပါတယ်။ ဒါဟာ နိုင်ငံ့သမိုင်းမှာအမျိုးသမီးအများဆုံးပါဝင်လာမှုလို့ စစ်တမ်းကောက်ယူနေတဲ့ AAPP က ဘီဘီစီကိုပြောပါတယ်။

လမ်းမထက် ဆန္ဒပြပွဲသပိတ်တွေဘက် ကြည့်ရရင်လည်း အခုနောက်ပိုင်းပြောက်ကျားသပိတ်တွေသာ ဆက်ရှိနေပေမယ့် ဇူလိုင်လလောက်ကစကာ အမျိုးသမီးသပိတ်စစ်ကြောင်းတွေ တွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးခွဲခြားဆက်ဆံတတ်တဲ့ အလေ့အကျင့်တွေကိုပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

လောင်းလုံးက အမျိုးသမီးသပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လောင်းလုံးက အမျိုးသမီးသပိတ်

ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ ကျရာနေရာမှာအင်အားကောင်းကောင်းနဲ့ဆက်လှုပ်ရှား နေမယ်လို့ အမျိုးသမီးမဟာမိတ်အင်အားစုကပြောခွင့်ရလည်းဖြစ် မုံရွာသပိတ်ဦးဆောင်သူ မချောစုစံပြောတာက

"လမ်းမတွေပေါ်မှာအမျိုးသမီးတွေဆက်ရှိနေဦးမယ်။ မြို့ပေါ်သာမက ကျေးရွာကအမျိုးသမီးတွေပါ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာတယ်။ ကျွန်မတို့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တော်လှန်သွားမယ်။" သူကပြောပါတယ်။