တိုင်းမ်ရဲ့ ကမ္ဘာ့သြဇာအရှိဆုံးစာရင်းထဲက မြန်မာ ၃ ဦး အကြောင်း

ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက ၂၀၂၁ အတွက် ကမ္ဘာပေါ်မှာ လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ ရဲ့ စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာ အမျိုးသမီး ၃ ဦး ထူးထူးခြားခြားပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီလူစာရင်းထဲမှာ ပါနေတဲ့ မြန်မာ အမျိုးသမီး ၃ ယောက်ကတော့ မြန်မာနိုင်ငံက တိုင်းရင်းသူ ၂ ဦးနဲ့ အမေရိကန် အမျိုးသား အာကာသနဲ့လေကြောင်းရေးရာ ဦးစီးဌာနမှာ တာဝန် ထမ်းဆောင်နေတဲ့ သိပ္ပံပညာရှင် မြန်မာ အမျိုးသမီး ၁ ဦးတို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ရက်အနည်းငယ် အကြာမှာပဲ လူထုရဲ့ ဆန့်ကျင် ဆန္ဒပြပွဲတွေ စတင်ခဲ့ကြပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲတွေကို စတင်ခဲ့ကြသူတွေထဲမှာ ရန်ကုန်မြို့မှာ အစောဆုံး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြသူတွေက ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ကချင်အမျိုးသမီး အက်စတာဇေနောနဲ့ ရှမ်းနီအမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်အိသဉ္စာမောင်ဟာ တို့ပဲ ဖြစ်ပါတယ်။
ကချင် အမျိုးသမီး အက်စတာဇေနောဟာ လွန်ခဲ့တဲ့ နှစ်တွေက မြန်မာ တရုတ် နယ်စပ် စစ်ရှောင်စခန်းတွေမှာ စာသင်ခဲ့သူဖြစ်ပြီးတော့ နယ်စပ်ဒေသမှာ Candle Light Library ဆိုပြီး စာကြည့်တိုက်တွေထောင်သူ၊ နိုင်ငံခြားမှာပညာသင်ရင်း ကချင်ဒေသကို ပြန်လာလိုက် ဒေသဖွံ့ဖြိုးရေးလုပ်နေသူ တစ်ဦးဖြစ်တယ်လို့ သူမိတ်ဆွေတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အက်စတာဇေနော FB
အက်စတာဟာ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် တစ်ဦးလည်း ဖြစ်တဲ့အပြင် ရိုဟင်ဂျာအရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ပေးခဲ့သူတွေ အနည်းငယ်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွမ်းမိုးမှု အရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ် လို့ Time မဂ္ဂဇင်းက ကမ္ဘာမှာ လွမ်းမိုးမှု အရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်လိုက်တဲ့အပေါ် သူက မှတ်ချက်ပေးပါတယ်။
နောက်ပြီး ဒီနေ့မြန်မာနိုင်ငံ ပြည်သူလူထု ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွက် - မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးရဲဘော်တွေ အမြောက်အမြားထဲက အခုလိုကျမတို့နှစ်ဦးကို ဒီစာရင်းမှာ ဖော်ပြလာခြင်းက ကျမတို့ရဲဘော်တွေရဲ့အသံနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိတော်လှန်ရေးအခင်းအကျင်းကို နိုင်ငံတကာစာမျက်နှာမှာ ပိုထင်ရှားလာစေဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်လို့လည်း အက်စတာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အက်စတာဇေနော FB
"မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်ခြင်း စတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့ဖြတ်သန်းဖို့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ မြောက်မြားစွာရှိပါတယ်။ သို့ပေမယ့် ဒီလို အယူအဆမှားတွေကို ချိုးဖျက်နိုင်တဲ့ စွန့်ဦးသူတွေဟာ ကဏ္ဍတိုင်းမှာ လိုအပ်နေဆဲဖြစ်တယ်။ အခုအချိန်အခါဟာ ဒီယဉ်ကျေးမှုအမှားတွေကို တော်လှန်ဖို့ အချိန်ကောင်းဖြစ်တယ်။ ကန့်သတ်ချက်တွေကို ဖက်ဆစ်စနစ်နဲ့အတူ ချိုးဖြတ်ပစ်ကြရမယ်။ ကျမတို့ရဲ့ နောက်မျိုးဆက်ကို ကျမတို့ဆက်ခံခဲ့ရသလို ဆိုးမွေတွေ ထပ်မပေးဖြစ်ကြတော့ဖို့ လိုတယိ။ ဒါကြောင့် ဘယ်လို အခက်အခဲတွေရှိပါစေ ဒီအဆုံးသတ်တိုက်ပွဲမှာ အားမလျော့ပဲ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ သတင်းစကားပါးလိုက်ပါတယ်" လို့လည်း သူကပြောပါတယ်။
ဒေါ်အိသဉ္စာမောင်ကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ဥက္ကဋ္ဌ တစ်ဦးအဖြစ်တာဝန်ယူခဲ့သလို ဒီမိုကရေစီ ပညာရေးသပိတ်မှာ ပါဝင်ခဲ့သူ၊ လူသိများတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဒေါ်အိသဉ္စာမောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ စတင်ပါဝင်ခဲ့ပြီး ပညာရေးစနစ် ပြောင်းလဲမှု၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးလှုပ်ရှားမှု၊ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ei Thinzar Maung
၂၀၂၀ ခုနှစ်မှာတော့ ရန်ကုန်မြို့လယ်က ပန်းဘဲတန်းမြို့နယ်က နေ လူဘောင်သစ်ပါတီကို ကိုယ်စားပြုပြီး ယှာဥ်ပြိုင်ခဲ့ပါတယ်။
ဒေါ်အိသဉ္ဇာမောင်ကတော့ တိုင်းရင်းသား အခွင့်အရေးအတွက် ကာလရှည်ကြာ တိုက်ပွဲဝင်နေသူတယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ အမျိုးသား ညီညွတ်ရေး အစိုးရမှာ အမျိုးသား လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
သူဟာ အမျိုးသား ညီညွတ်ရေး အစိုးရမှာ ဒု-ဝန်ကြီး အဖြစ် တာဝန် ပေးအပ်ခံရသူတွေထဲမှာ အသက် အငယ်ဆုံးလည်း ဖြစ်ပါတယ်။
သူတို့ ၂ ဦးစလုံးဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကာလရှည်ကြာ ဖိနှိပ်နေမှုတွေအကြားမှာ တိုးထွက်လာခဲ့တဲ့ ရဲဝံ့တဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေပဲ ဖြစ်ကြပါတယ်။
ဒေါ်မီမီအောင်ကေတာ့ အမေရိကန်မှာ နေထိုင်သူ အာကာသ သိပ္ပံပညာရှင် မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်မှာ Ingenuity ဟယ်လီကော်ပတာ လို့ခေါ်ကြတဲ့ ရဟတ်ယာဥ်ငယ်ဟာ သမိုင်းဝင် ပထမဆုံး အကြိမ် ပျံသန်းခဲ့ပါတယ်။ ဒီလို ပျံသန်းမှုလုပ်နိုင်ဖို့အတွက် စီမံကိန်းချပြီး အင်ဂျင်နီယာတွေ သိပ္ပံပညာရှင်တွေ စုစည်း အားထုတ်ခဲ့ကြရပါတယ်။ ဒီ စီမံကိန်းကို ညွှန်ကြားခဲ့သူကတော့ မြန်မာအမျိုးသမီး အာကာသ သိပ္ပံပညာရှင် ဒေါ်မီမီအောင်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MiMiaung FB
ဒီလို သမိုင်းဝင် ပျံသန်းမှု အပြီး မကြာခင်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်မီမီအောင် က ရှင်းပြခဲ့ပါတယ်။
ပါးလွှာတဲ့ လေထု ပတ်ခြုံလွှမ်းထားတဲ့ ဂြိုဟ်တစ်ခုရဲ့ မျက်နှာပြင်ပေါ်မှာ ရဟတ်ယာဥ် တစ်စင်း ပျံသန်းဖို့ ဆိုတာ လွယ်ကူတာ မဟုတ်ပါဘူး။ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ် ရဲ့ အကွာအဝေးကြောင့် အဝေးကနေ ထိန်းကျောင်း ပျံသန်းပေးဖို့လည်း မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ဒီရဟတ်ယာဥ်ငယ်က သူ့ ဘာသာ ထိန်းချုပ် ပျံသန်းခဲ့တာ ဖြစ်လို့ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု တခုလည်း ဖြစ်ပါတယ်။
ဒေါ်မီမီအောင်နဲ့ သူ့ အဖွဲ့သား တွေရဲ့ စွမ်းဆောင်မှုတွေကြောင့် အနာဂတ် အင်္ဂါဂြိုဟ် လေ့လာစူးစမ်းရေး တွေမှာ အများကြီး အထောက်အကူ ဖြစ်သွားခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ် အာကာသသိပ္ပံ ပညာရှင် ဒေါ်မီမီအောင်က Electrical engineering လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့ရထားသူ ဖြစ်ပါတယ်။ ဒီအဆင့်အထိ ရောက်အောင် ငယ်စဉ်ကပညာသင်ကြားတဲ့ အချိန်မှာရော အလုပ်ထဲမှာရော ကြိုးစားပြီးရင်း ကြိုးစားခဲ့ရတယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံစဥ်မှာ ဒေါ်မီမီအောင်က ပြောခဲ့ပါတယ်။
သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေရဲ့ အခြေခံကို ကောင်းကောင်းနားလည်အောင် ကြိုးစားတယ်၊ သူဟာ ကိုယ်သင်ယူတဲ့ ပညာရပ်ပိုင်းမှာ သိပ်ကို ကြိုးစားတဲ့ သာမန် လူတစ်ယောက်ပါလို့ ဒေါ်မီမီအောင်က သူ့ကိုယ်သူ ပြောပါတယ်။ သူ့လို အာကာသ သိပ္ပံပညာရှင်ဖြစ်ချင်ကြတဲ့ မြန်မာ လူငယ်လေးတွေ အနေနဲ့ အဓိက ကြိုးစားရမယ်၊ အစွမ်းကုန် ကြိုးစားပြီး ကိုယ်သင်ယူတဲ့ ဘာသာရပ်ကို နားလည်အောင် လုပ်ရမယ်၊ သိပ္ပံနဲ့ အင်ဂျင်နီယာပညာရပ်တွေရဲ့ အခြေခံ သဘောတရားကို နားလည်အောင် လေ့လာရမယ်၊ ပညာသင်တာကို ပျော်ရွှင်နေရမယ်၊ ကိုယ်က ဘယ်နယ်ပယ်ကို စိတ်ဝင်စားတာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာ သိပြီးမှ အဲဒီပညာကိုအသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ ဒေါ်မီမီအောင်က အကြံပေးခဲ့ပါတယ်။








