ကင်းစံပြရွာရဲ့ ကြမ္မာဆိုး - သားရဲ့ရုပ်အလောင်းကိုသာ ပြန်ရခဲ့တဲ့အမေ၊ မိခင်မပါတော့ဘဲ ရှင်ပြုရမယ့်သား

ငိုကြွေးခဲ့တဲ့ အမေအိုရဲ့ ဒေါ်ကြည်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ဆိပ်မှာ တွေ့ရတဲ့ သားအလောင်းကြောင့် ငိုကြွေးခဲ့တဲ့ အမေအို ဒေါ်ကြည်

မြစ်ထဲမျောပါလာတဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီး အသက် ၆၀ အရွယ် အမေအို တစ်ယောက်ငိုကြွေးနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။ အသက် ၂၈ နှစ်အရွယ်သားဖြစ်ပေမယ့် အမေအိုကတော့

"ကလေးလေးရယ်၊ အမေခေါ်ရင် ထူးမယ်ဆိုတာကို သိပါတယ်" လို့ အသက်မဲ့နေတဲ့ သားရဲ့ခန္ဓာကိုကြည့်ပြီး အော်ဟစ်ငိုကြွေးနေတဲ့မြင်ကွင်းက မြင်ရသူစိတ်နှလုံးကို ထိခိုက်စေခဲ့ပါတယ်။ ငိုကြွေးခဲ့တဲ့ အမေအိုရဲ့ အမည်ကတော့ ဒေါ်ကြည်ပါ။

စစ်တပ်ကိုတောင်းပန်ခဲ့ပေမယ့် အလောင်းသာပြန်ရခဲ့

စစ်ကိုင်းတိုင်း၊ ကနီနယ်ထဲက ကင်းစံပြကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကစလို့စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒါဇင်နဲ့ချီအင်အားနဲ့အတူ ဝင်ရောက်လာခဲ့ပါတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ရေကြောင်းကနေ ရုတ်တရက်ပစ်ခတ်ဝင်ရောက်လာတာလို့ ဒေသခံတွေ ကပြောပါတယ်။ စစ်တပ်ရွာထဲဝင်လာချိန်မှာတော့ ရွာသားတွေ ကစဉ့်ကလျားထွက်ပြေးကျရင်း ရွာသား ၇ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို မော်တော်ရေယာဉ်တစ်ခုပေါ်မှာ ဖမ်းချုပ်ထားပြီး ရွာအတွင်းမှာတော့ အဲဒီညက တပ်စွဲထားခဲ့တာပါ။ အဲဒီ ဖမ်းထားတဲ့ ၇ ယောက်ထဲမှာ သားဖြစ်သူပါသွားတာသိလို့ စစ်တပ်ရှိလို့ ဘယ်သူမှမဝင်ရဲတဲ့ ရွာထဲကို ဒေါ်ကြည် တစ်ယောက် သားဇောနဲ့ စစ်တပ်ကိုတောင်းပန်ဖို့ ဝင်ခဲ့ပါတယ်။

" သားလေးက မော်တော်ပေါ်မှာရှိတာ သိတယ်။ သားကိုပြန်လွှတ်ပေးဖို့ သွားတောင်းပန်တုန်းကတော့ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) က အမေကြီး ရဲ့သား ဖမ်းထားတဲ့ အထဲမှာ ပါရင်ပြန်လွှတ်ပေးမယ်၊ စိတ်ချမ်းသာအောင်နေလို့ ပြောတယ်။ မော်တော်ပေါ်ကျတော့ တက်ကြည့်ခွင့်မပေးဘူး"လို့ ဒေါ်ကြည်က ပြန်ပြောပြပါတယ်။

စစ်တပ်ကတော့ ဖမ်းထားတဲ့ရွာသား ၇ ယောက်ကိုပြန်မလွှတ်ပေးခဲ့ဘဲ မော်တော်ပေါ်တင်ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကင်းစံပြကျေးရွာထဲက ထွက်သွားပြီးနောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်မှာတော့ ဖမ်းခေါ်သွားတဲ့အထဲက အသက် ၆၀ အရွယ် ဦးစန်းအောင်ရဲ့အလောင်းကို ရွာအနီးက မြစ်ဆိပ်မှာ ပြန်တွေ့ခဲ့သလို ဒေါ်ကြည်ရဲ့ သားဖြစ်သူ ကိုဆင်ပေါက်ရဲ့အလောင်းကိုလည်း ရွာနီးစပ်ချုပ်က တအုံကျေးရွာနားမှာ ပြန်တွေ့ခဲ့ပါတယ်။

"သူတို့ကိုပြန်လွှတ်ပေးဖို့ တောင်းပန်ခဲ့တာလေ။ အခုလိုပြန်တွေ့ရမယ်လို့ ဘယ်မျှော်လင့်ထားမှာလဲ။ ဘဲစာသွားကျွေးမယ်ဆိုပြီး အနားကနေဖြတ်သွားတဲ့သားလေး၊ ပြန်တွေ့တော့ ကလေးက ရွာကနေဝတ်သွားတဲ့ အဝတ်အစားလည်းမဟုတ်ဘူး။ လည်ပင်းကိုလည်း ဓါးနဲ့လှီးထားကြတယ်။ ကျွန်မသားကို လုပ်သူတွေ ထပ်တူပြန်ခံစားရပါစေ" လို့ဒေါ်ကြည်က ဆိုနင့်စွာပြောပါတယ်။

ကြောင်အိမ်ထဲမှာထောင်ထားတဲ့ မိုင်းကြောင့် နောက်ထပ်ကြမ္မာငင်ခဲ့သူတစ်ဦး

ကင်းစံပြရွာမှာ ဒေါ်ကြည်လို့ပဲ နောက်ထပ်ကြမ္မာငင်တဲ့မိသားစုတွေလည်း ရှိပါသေးတယ်။ ရွာထဲမှာ စစ်တပ်ပြန်ထွက်သွားပြီဆိုတဲ့ သတင်းကြောင့် ရွာမြောက်ဘက်မှာနေတဲ့ ဒေသခံတွေဖြစ်တဲ့ မနန်းဝေမာတို့မိသားစု ရွာထဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြန်ဝင်လာခဲ့ပါတယ်။

ရွာထဲက နေအိမ်တော်တော်များများ မွှေနှောက်ဖျက်ဆီးခံထားရပေမယ့် မနန်းဝေမာတို့ အိမ်လေးကတော့ ပျက်ဆီးတာ သိပ်မရှိခဲ့ပါဘူး။ အိမ်ရှင်မဖြစ်တာကြောင့် အိမ်ထဲပြန်ဝင်ဝင်ချင်း မီးဖိုချောင် ကြောင်အိမ်တံခါးကို ဆွဲအဖွင့်မှာတော့ ပေါက်ကွဲမှုဖြစ်ပြီး မနန်းဝေမာ သေဆုံးခဲ့ပါတယ်။

"ကြောင်အိမ်ထဲမှာ မိုင်းကိုထည့်ထားတယ်၊ ကြောင်အိမ်အောက်မှာ အပေါက်ဖောက်ပြီး ဘက်ထရီအိုးနဲ့တပ်ပြီး ကြောင်အိမ်တံခါးမှာ မိုင်းကိုဖြုတ်မယ့်အရာကိုထားခဲ့တာ။ ကြောင်အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန် ပေါက်ကွဲသွားတာ။ ဖြစ်ဖြစ်ပြီးချင်း ဆေးကုသမှုခံနိုင်ဖို့လုပ်ပေမဲ့ ဒဏ်ရာအရမ်းပြင်းတဲ့အတွက် လမ်းမှာပဲ သေဆုံးသွားတာပါ" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးခဲ့တဲ့အသက် ၃၉ နှစ်အရွယ် မနန်းဝေမာဟာဆိုရင် ကင်းစံပြကျေးရွာမှာ ရပ်ရွာကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ ဇနီး ဖြစ်တယ်လို့လည်း ရွာခံတွေကပြောပါတယ်။ ဒါကြောင့် အိမ်အတွင်းမှာ မိုင်းကို စနစ်တကျတပ်ဆင်ပြီး လုပ်ကြံခဲ့တာလို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း ပြောပါတယ်။

မနန်းဝေမာမှာ သားသမီးတွေလည်းကျန်ခဲ့ပြီး သားတွေကို ရဟန်းခံရှင်ပြုလုပ်ပေးချင်တာက မနန်းဝေမာရဲ့ အဓိကဆန္ဒပါ။

"သားနှစ်ယောက်လုံးက ရှင်မပြုရသေးတော့ သူ့အမေဆန္ဒအတိုင်း ရှင်ပြုပေးဖို့လုပ်တယ်။ ကလေးတွေက အမေမပါဘဲ ရှင်ပြုကြရတယ်။ အဖေဖြစ်သူကတော့ တော်တော်လေး စိတ်ထိခိုက်နေတယ်။ ဘာစကားမှကို မပြောနိုင်ဘူး။ သူ့ကြောင့်ဆိုတဲ့စိတ်နဲ့ အတော်ဝမ်းနည်းနေရှာတယ်" လို့ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြန်ပြောပြပါတယ်။

ကင်းစံပြကျေးရွာက မိခင်မပါတဲ့ သားနှစ်ယောက်ရဲ့ရှင်ပြုပွဲက ကြားရသူကို ရင်နင့်စေခဲ့ပါတယ်။

ငိုကြွေးခဲ့တဲ့ အမေအို ဒေါ်ကြည်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ဆိပ်မှာ ငိုကြွေးခဲ့တဲ့ အမေအို ဒေါ်ကြည်

ဖမ်းဆီးခံရွာသားတွေဆက်လက်သေဆုံး

ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးသွားတဲ့အထဲက ရွာသား ၂ ဦးအလောင်းကိုတွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ဖမ်းဆီးခံရွာသားတွေထဲက ရွာသားတစ်ဦးဟာ စက်လှေပေါ်ကနေ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာပါတယ်။ လွတ်မြောက်လာတဲ့ရွာသားကတော့ ဒဏ်ရာတွေကုသနေရဆဲဖြစ်ပြီး မေးမြန်းမှုတွေကို ပြန်မဖြေနိုင်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ရွာသားတွေကပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာတော့ အဖမ်းခံရတဲ့အထဲက ကိုမင်းမင်းရဲ့အလောင်းကိုထပ်တွေ့ခဲ့ကြပါတယ်။ သေဆုံးသူရွာသား ၃ ဦးအထိ ရှိလာနေပြီး ကျန်တဲ့ရွာသားတွေရဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

တောင်ယာလုပ်သူနဲ့ လက်လုပ်လက်စား အများစုနေထိုင်ကြတဲ့ ကင်းစံပြကျေးရွာဟာတော့ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရွာထဲကို သုံးကြိမ်ထက်မနည်း ဝင်ရောက်မွှေနှောက်ဖူးတယ်လို့ ရွာသားတွေကပြောပါတယ်။

"ရွာထဲကို အရင်က ၃ခါလောက် ဝင်မွှေဖူးတယ်။ ပစ္စည်းတွေယူတယ်။ ရွာသားတွေကိုဖမ်းတယ်။ ရိုက်တယ်ပေါ့။ အခုလို လူသေတာတော့ ပထမဆုံးပဲ။ ရွာနားမှာဖြစ်လို့ ထပြေးရတာတော့ ၁၀ ကြိမ်တောင် မကတော့ဘူး။ ညဆိုလည်း ခေါင်းပြားအောင် မအိပ်ရဘူး။ ပြေးဖို့ပြင်ထားရတယ်" လို့ရွာသားတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ကင်းစံပြရွာထဲမှာ ပြန်လည်နေထိုင်တဲ့ ဒေသခံတချို့ဟာ ထိတ်လန့်မှုတွေနဲ့ ဆက်နေထိုင်နေကြသလို တချို့ကတော့ ရွာကိုပြန်မလာသေးဘူး လို့ ဒေသခံတွေကပြောပါတယ်။

သားဖြစ်သူကို တခဏအတွင်း ဆုံးရှုံးခဲ့ရတဲ့ ကင်းစံပြရွာက ဒေါ်ကြည်ကတော့ ရှိုက်ကြီးတငင်နဲ့ငိုရင်း

''အတူနေတဲ့သားဆိုတော့ သူမရှိတော့တဲ့ အခါ ဘယ်လိုနေရမလဲတောင် ကျွန်မမသိတော့ဘူး။ အရူးလိုပဲကျန်ခဲ့တယ်။ကျွန်မသားလေး အဖြစ်ဆိုးနဲ့ကြုံရတယ်ရှင်။''